ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် လေးဦးကို မရမ်းကုန်းမြို့နယ် တရားရုံးမှ ပုဒ်မ ၆၆ (ဃ)ဖြင့် အလုပ်နှင့် ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့ပြီး တရားစီရင်ရေးကို အယုံအကြည် မရှိသည့်အတွက် သပိတ်မှောက်သွားမည်ဟု သံချပ်အဖွဲ့ဝင်များက ပြောကြားသည်။
တပ်မတော်က တရားလိုပြုလုပ်ကာ ပုဒ်မ ၅၀၅(က)၊ ၆၆(ဃ)တို့ဖြင့် တရားစွဲဆိုထားသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် လေးဦးကို ဒီဇင်ဘာ ၁၁ ရက်က မရမ်းကုန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။
အဆိုပါ ရုံးချိန်းတွင် သံချပ်အဖွဲ့ဝင် လေးဦးဖြစ်သည့် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်းနှင့် မဆုရတနာမြင့်တို့ကို ပုဒ်မ ၆၆(ဃ)ဖြင့် မရမ်းကုန်းမြို့နယ် တရားရုံးမှ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ယခင် ၅၀၅(က) အမှု ပြစ်ဒဏ်ချမှတ်ရာတွင် ထုတ်နုတ်ခံစားခွင့် ပြုထားသည့်အတွက် ၆၆(ဃ) အမှုပြစ်ဒဏ်အတွက် ချုပ်ရက်ထုတ်နုတ် ခံစားခွင့် မရှိကြောင်း သိရသည်။
“၆၆(ဃ)ကို ခြောက်လချလိုက်တယ်။ အမြင့်ဆုံးပြစ်ဒဏ်က နှစ်နှစ်ကို အခု ခြောက်လချလိုက်တယ်။ ပထမ ၅၀၅(က)မှာက တစ်နှစ်ချတဲ့နေရာမှာ ချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့်ရှိတယ်။ အဲဒီလို တစ်မှုမှာ ချုပ်ရက်ထုတ် နုတ်ခံစားခွင့်ပြုထားရင် နောက်အမှုတွေကျတော့ ထုတ်နုတ်ခံစားခွင့်မရတော့ဘူး။ ဒီအ မှုမှာ သူတို့ချုပ်ရက်က ငါးလလောက်ရှိတယ်။ ထုတ်နှုတ်ခံစားခွင့်တော့ မရှိဘူး။ အမိန့်ချတဲ့ နေ့ကစပြီး ခြောက်လ သူတို့ ပြစ်ဒဏ်ကျတယ်။ သုံးသပ်တာတွေကတော့ ပြည့်ပြည့်စုံစုံ သုံးသပ်ပါတယ်။ တရားလိုဘက်က တင်ပြထားတဲ့ သက်သေခံ အထောက်အထားတွေကို သုံးသပ်သွားတယ်။ ပြီးတော့ ၆၆(ဃ) နဲ့အမိန့်ချလိုက်တာပေါ့” ဟု သံချပ်အဖွဲ့ဝင်များဘက်မှ လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောကြားသည်။
တရားစီရင်ရေးကို အယုံအကြည် မရှိတော့သဖြင့် သပိတ်မှောက်ကြောင်းကို “ကျွန်တော်တို့ကို တပ်ကစွဲထားတဲ့အမှု ရှစ်မှုရှိတယ်။ သုံးမှုကို အမိန့်ချလိုက်ပြီ။ နှစ်နှစ်နဲ့ခြောက်လ။ ငါးမှုကျန်တယ်။ တပ်ကတရားလိုလုပ်ပြီး စွဲထားတဲ့အမှု ငါးမှုကို ကျွန်တော်တို့ သပိတ်မှောက်ပါတယ်။ တရားစီရင်ရေးကို အယုံအကြည် မရှိတော့ပါဘူး။ ကျန်ရှိနေတဲ့အမှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တရားရုံးနဲ့ ဆက်လက်ပူးပေါင်းမှာ မဟုတ်တော့ပါဘူး” ဟု ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုပိုင်ရဲသူက ပြောကြားသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်က ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ခြောက်ဦးဖြစ်သည့် ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်း(ခ)ဒီရေ၊ ကိုပိုင်ရဲသူ၊ ကိုဇော်လင်းထွဋ်(ခ)ဖိုးသားနှင့် မကေခိုင်ထွန်းနှင့် မဆုရတနာမြင့်တို့ကို ပုဒ်မ ၅၀၅(က)အမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်ချမှတ်ခဲ့ကြောင်း၊ သံချပ်အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ကိုငြိမ်းချမ်းစိုးမှာ ပုဒ်မ ၅၀၅(က)ဖြင့် စွဲချက်တင်ခံရသော်လည်း ၄၇ လမ်းထောင့်တွင် သံချပ်ဖျော်ဖြေစဉ် အလုပ်ဆင်း နေရသည့်အတွက် လာရောက် ဖျော်ဖြေခဲ့ခြင်း မရှိကြောင်း သက်သေခံ အထောက်အထား၊ ဓာတ်ပုံအထောက်အထားများဖြင့် ခိုင်ခိုင်မာမာ ထွက်ဆိုခဲ့သည့်အတွက် တရားသူကြီးမှ တရားသေ လွှတ်ပေးခဲ့ကြောင်း သိရသည်။
ကိုငြိမ်းချမ်းစိုးမှာ ပုဒ်မ ၅၀၅(က)အမှုမှ တရားသေ လွတ်မြောက်ခဲ့သော်လည်း ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆို ခံထားရသည့်အတွက် အာမခံယူကာ အချုပ်လွတ်ဖြင့် တရားရင်ဆိုင်သွားမည် ဖြစ်ကြောင်း၊ ထောင်ဒဏ်ချမှတ်ခံရသည့် သံချပ်အဖွဲ့ဝင် ခြောက်ဦးမှာ ချုပ်ရက်ထုတ်နှုတ် ခံစားခွင့်ရှိကြောင်း သိရသည်။
ထို့ပြင် ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့ဝင် ခြောက်ဦးကို အောက်တိုဘာ ၃၁ ရက်က မရမ်းကုန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး သံချပ်အဖွဲ့ဝင် ငါးဦးဖြစ်သည့် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုဇော်လင်းထွဋ်၊ ကိုပိုင်ဖြိုးမင်းနှင့် မကေခိုင်ထွန်းတို့ကို ပုဒ်မ ၅၀၅ (က)ဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်က တပ်မတော်က တရားစွဲဆိုထားသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ငါးဦးအား မရမ်းကုန်းမြို့နယ် တရားရုံးမှ ပုဒ်မ ၅၀၅(က)ဖြင့် စွဲချက်တင် အမိန့်ချမှတ်ခဲ့ပြီး စက်တင်ဘာ ၃၀ ရက်တွင် ဗိုလ်တထောင်မြို့နယ် တရားရုံးမှ သံချပ်အဖွဲ့ဝင် ခုနစ်ဦးအား ပုဒ်မ ၅၀၅(က)ဖြင့် ထပ်မံစွဲချက် တင်ခဲ့ခြင်းဖြစ်သည်။
တပ်မတော်က ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ခုနစ်ဦးကို ပုဒ်မ ၅၀၅(က)အပါအဝင် ပုဒ်မနှစ်ခုဖြင့် မေ ၂၀ ရက် ညနေပိုင်းတွင် ဗိုလ်တထောင်မြို့နယ် တရားရုံးတွင် ရုံးထုတ်စဉ် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် မဆုရတနာမြင့်နှင့် မကေခိုင်ထွန်းတို့ကို ရဲမေတစ်ဦးက တွန်းတိုက်ရာမှ စတင်ကာ ဝန်းရံသူများနှင့် ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်မှ ဝန်းရံသူငါးဦးကို ဝတ္တရားနှောင့်ယှက်မှု၊ ရုုန်းရင်းဆန်ခတ် ဖြစ်စေမှု အပါအဝင် ပုဒ်မလေးခုဖြင့် မေ ၂၁ ရက်က ဗိုလ်တထောင် မြို့နယ်ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။
ထို့နောက် မေ ၂၂ ရက်တွင် ပုဒ်မ ၃၃၂/၃၅၃/၁၈၆/၁၁၄ တို့ဖြင့် အမှုဖွင့်ခံထားရသူ ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)မှ ဒေါ်နီလာသိန်း အပါအဝင် ကိုနန်းလင်း၊ မရှားယမုံ၊ ကိုနိုင်ကိုသူနှင့် ကိုမင်းဟန်ထက်တို့ကို အာမခံပေးခဲ့သည်။
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ငါးဦးဖြစ်သည့် ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ၊ ကိုပိုင်ရဲသူ၊ ကိုဇော်လင်းထွဋ်(ခ)ဖိုးသားနှင့် မကေခိုင်ထွန်းတို့ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက တရားလိုပြုလုပ်ကာ ဧပြီ ၁၈ ရက်က ပုဒ်မ ၅၀၅ (က)ဖြင့် မရမ်းကုန်းမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထား ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မရမ်းကုန်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုခံထားသည့် ငါးဦးအပြင် သံချပ်အဖွဲ့ဝင် ကိုငြိမ်းချမ်းစိုးနှင့် မဆုရတနာမြင့်တို့ နှစ်ဦးအား နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် မေ ၆ ရက်တွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ထပ်မံတရားစွဲဆို ထားခြင်းဖြစ်သည်။
-
မြန်မာနှင့် လက်ဘနွန်အသင်း၏ ခြေစမ်းပွဲလက်မှတ်များ ရောင်းချနေပြီး ရုပ်သံမှ တိုက်ရိုက်ပြသမည်
-
တက်ကျမ်းစာပေ
-
အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဂျပန်ကို မြန်မာအသင်း (၇)ဂိုးပြတ်အရေးနိမ့်
-
သထုံမြို့နယ် အနန်းပင်ကျေးရွာအနီး သထုံ - ပေါင် ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် လူ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်