Top News

လူ့အခွင့်အရေးကို ပိုမိုအကာအကွယ်ပေးနိုင်ရန် ဥပဒေပိုင်းဆိုင်ရာနှင့် ဖွဲ့စည်းမှုပိုင်းဆိုင်ရာကို ပြုပြင်ပြောင်းလဲရမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား
24htopnews | October 28, 2024 9:12 AM CST

လူ့အခွင့်အရေးကို ပိုမိုအကာအကွယ်ပေးနိုင်ရန် ဥပဒေပိုင်းဆိုင်ရာ၊ ဖွဲ့စည်းမှုပိုင်းဆိုင်ရာကို ပြုပြင်ပြောင်းလဲမှုများ ထပ်မံလုပ်ဆောင်ရန် လိုအပ်သည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားတွင် ပြောကြားသည်။

ဒီဇင်ဘာ ၁၀ ရက်တွင် ကျရောက်သည့် ၇၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံးတွင် ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

လူ့အခွင့်အရေးကော်မရှင်ရုံးကို ရန်ကုန်မြို့ ပြည်လမ်းတွင် ဖွင့်လှစ်ထားရှိပြီး လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နေမှုအပေါ် ဝမ်းမြောက်သော်လည်း လက်ရှိအနေအထားအပေါ် ကျေနပ်အားရပြီလားဆိုပါက ပြုပြင်ပြောင်းလဲမှုများ ထပ်မံလုပ်ဆောင်ရမည်ဟု ၎င်းက ဆိုသည်။

“ ကျွန်တော်တို့ရဲ့ ဥပဒေပိုင်းဆိုင်ရာ ကိစ္စရပ်တွေ၊ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းမှုပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို ဒီထက်ပိုပြီး လူသားဆိုင်ရာ အခွင့်အရေးတွေကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေတွေ ဖြစ်ဖို့ ဖွဲ့စည်းမှုတွေဖြစ်ဖို့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

အစိုးရသစ်တာဝန်ယူသည့် သုံးနှစ်တာကာလအတွင်း ကဏ္ဍနယ်ပယ်အသီးသီးကို နိုင်ငံ၏အခြေအနေနှင့် ချိန်ညှိပြီး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ရာ၌ အစိုးရသစ်၏ အချို့သော ဆောင်ရွက်ချက်များအပေါ် ပြည်သူများအနေဖြင့် အားမလို အားမရမှုများ ရှိနိုင်ကြောင်း၊ သို့သော် မဆုတ်မနစ်သော ကြိုးပမ်းဆောင်ရွက်မှုများဖြင့် ဒီမိုကရေစီခိုင်မာရေး၊ လူ့အခွင့်အရေးအပြည့်အဝ ရရှိရေးကို ဆက်လက်ရုန်းကန်ကြိုးပမ်းရမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် စက်တင်ဘာလကုန်ပိုင်းက သက်တမ်းစေ့ခဲ့ပြီး ကော်မရှင်အသစ်ကို အမြန်ဆုံးပြန်လည်ဖွဲ့စည်းရန်နှင့် အဖွဲ့ဝင်လောင်း ရွေးချယ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်မှုကို ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ပေးရန် အရပ်ဘက်အဖွဲ့အစည်းများက တိုက်တွန်းလျက်ရှိသည်။

လက်ရှိ လူ့အခွင့်အရေး ကော်မရှင်လက်ထက်တွင် တိုးတက်မှုအချို့ရှိသော်လည်း ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရန် လိုအပ်ပြီး ကော်မရှင်အဖွဲ့ဝင်အချို့၏ ရပ်တည်ပြောဆိုချက်အချို့က နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် မကိုက်ညီသည်ကို တွေ့ရှိရသည်ဟု ညီမျှခြင်း မြန်မာအဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်းက မှတ်ချက်ပြုသည်။

ကော်မရှင်ရုံးတွင် ဒီဇင်ဘာ ၁၀ ရက်က ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားသည် စတုတ္ထအကြိမ်ဖြစ်ပြီး အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်မှ တာဝန်ရှိသူ တစ်ဦးတို့က အမှာစကား ပြောကြားခဲ့ကြသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံက ကမ္ဘာ့လူ့အခွင့်အရေးနေ့ ကြေညာစာတမ်းကို အတည်ပြု ထုတ်ပြန်သည့် ဒီဇင်ဘာ ၁၀ ရက်ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်၍ အထိမ်းအမှတ်အခမ်းအနားများ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတစ်ဝန်းတွင် ကျင်းပလေ့ရှိကြောင်း သိရသည်။

၇၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားဆောင်ပုဒ်မှာ လူ့အခွင့်အရေး၊ လူငယ်များက ရပ်တည်ပေး  (Youth Standing Up For Human Rights) ဖြစ်သည်။

 

 


READ NEXT
Cancel OK