မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် အင်းဝမြို့ဟောင်းအတွင်း တည်ဆောက်လျက်ရှိသည့် အင်းဝ မြို့တည်၊ နန်းတည် သတိုးမင်းဖျား၏ ကြေးရုပ်တု တည်ဆောက်နေမှုမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၀ ရက်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါ ကြေးရုပ်တုအား ဦးဆောင် ပြုလုပ်လျက်ရှိသည့် မြန်မာမှု ဗိသုကာပညာရှင် ဦးဝင်းမောင် (တမ္ပဝတီ) က ပြောကြားသည်။
အင်းဝ မြို့တည်၊ နန်းတည်သတိုးမင်းဖျား၏ ကြေးရုပ်တုနှင့် အောက်ခံအုတ်ခုံမှ ပစ္စယာသုံးဆင့်ကို လက်ရှိအချိန်တွင် တည်ဆောက် ပြီးစီးသွားပြီဖြစ်ပြီး အင်းဝခေတ် လေးခတ်၏ ခြင်္သေ့ရုပ်များကို ဆေးသုတ်ခြင်း၊ ကျန်အစိတ်ပိုင်း အချို့ကို အချောသတ်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
“အင်းဝ မြို့တည်၊ နန်းတည် သတိုးမင်းဖျားရဲ့ ကြေးရုပ်တုကို အင်းဝမြို့ဟောင်းရဲ့ နန်းမြို့အတွင်းမှာ တည်ဆောက်ထားပါတယ်။ ရုပ်တုရဲ့ အောက်ခြေမှာက ပထမ၊ ဒုတိယနဲ့ တတိယ အင်းဝခေတ်တို့ရဲ့ စိန်ထောင်ပန်းတွေ ပါဝင်ပါတယ်။ အင်းဝခေတ်လေးခတ်ရဲ့ ဟန်ပန် ခြင်္သေ့ရုပ်ရှစ်စီးပါဝင်ပါတယ်။ ရုပ် တုတည်ဆောက်ရေး အပိုင်းမှာ သီတဂူ ဆရာတော်ဘုရားကြီးက ဦးဆောင်မတည်ပြီးတော့ တည်ဆောက်တာ ဖြစ်ပါတယ်။ ကြေးရုပ်တု ဖွင့်ပွဲကိုတော့ ဒီဇင်ဘာ ၂၀ ရက် နံနက် ၉ နာရီမှာ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ကိုယ်တိုင်လာရောက်ပြီး ဖွင့်မှာပါ။ ဖွင့်ပွဲအခမ်းအနားမှာပဲ သီတဂူဆရာတော်ကြီးက ကြေးရုပ်တု တည်ဆောက် ပြီးစီးသွားပြီ ဖြစ်တာကြောင့် ရှေးဟောင်းဌာနကို လွှဲပြောင်းပေးအပ်သွားမှာပါ” ဟု သတိုးမင်းဖျားကြေးရုပ်တု တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် မြန်မာမှု ဗိသုကာပညာရှင် ဦးဝင်းမောင် (တမ္ပဝတီ) က ပြောကြားသည်။
အဆိုပါ အင်းဝ မြို့တည်၊ နန်းတည် သတိုးမင်းဖျား ကြေးရုပ်တုကို သီတဂူ ဆရာတော်ကြီးက ဦးဆောင်ကြီးကြပ်ကာ မြန်မာမှုဗိသုကာ ပညာရှင် ဦးဝင်းမောင် (တမ္ပဝတီ) နှင့် အဖွဲ့တို့က တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ပြီး အဆိုပါ ကြေးရုပ်တုအတွက် ယခင် မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးရဲမြင့်က ငွေကျပ်သိန်းခြောက်ရာ လှူဒါန်းခဲ့ကြောင်း သိရပြီး ကျန်ကုန်ကျငွေများကို သီတဂူ ဆရာတော်ကြီးက မတည်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သတိုးမင်းဖျား ကြေးရုပ်တုမှာ အမြင့် ၁၃ ပေခွဲရှိကာ အင်းဝခေတ ဝတ်စားဆင်ယင်မှု ပုံစံဖြင့် တည်ဆောက်ထားပြီး အောက်ခံခုံနှင့် ပစ္စယာသုံးဆင့် အပါအဝင် စုစုပေါင်း အမြင့်ပေ ၃၀ ခန့် ရှိကြောင်း သိရသည်။ အဆိုပါ ကြေးရုပ်တုကို အင်းဝနန်းမြို့ရိုး၏ အရှေ့ဦးထိပ်တံခါးမှ အဝင် မယ်နုအုတ်ကျောင်း၏ တောင်ဘက်တွင် တည်ဆောက်ထားကြောင်း သိရသည်။
အင်းဝမြို့ကို သတိုးမင်းဖျားက မြန်မာသက္ကရာဇ် ၇၂၆ ခုနှစ်၊ ခရစ်နှစ် ၁၃၆၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မင်းဆက်ပေါင်း ၃၁ ဆက် စိုးစံခဲ့သည်။ အင်းဝမြို့ဟောင်းသည် သတိုးမင်းဖျား စတင်တည်တောင်ခဲ့သည့် ခရစ်နှစ် ၁၃၆၄ ခုနှစ်မှ စတင်၍ စတုတ္ထ အင်းဝခေတ် ဘကြီးတော်မင်း လက်ထက် ၁၈၃၇ ခုနှစ်အထိ နှစ်ပေါင်း ၄၀၀ ကြာကာလအတွင်း ပထမအင်းဝခေတ်၊ ဒုတိယအင်းဝခေတ်၊ တတိယအင်းဝခေတ်နှင့် စတုတ္ထ အင်းဝခေတ်ဟူ၍ ခေတ်လေးခေတ် ထင်ရှားစွာ တည်ရှိခဲ့သည့် မြို့ဟောင်းတစ်ခုဖြစ်ကြောင်း သိရသည်။
-
မြန်မာနှင့် လက်ဘနွန်အသင်း၏ ခြေစမ်းပွဲလက်မှတ်များ ရောင်းချနေပြီး ရုပ်သံမှ တိုက်ရိုက်ပြသမည်
-
တက်ကျမ်းစာပေ
-
အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဂျပန်ကို မြန်မာအသင်း (၇)ဂိုးပြတ်အရေးနိမ့်
-
သထုံမြို့နယ် အနန်းပင်ကျေးရွာအနီး သထုံ - ပေါင် ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် လူ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်