Top News

၂၀၁၄ ခုနှစ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် စုံစမ်းစစ်ဆေးသည့်အမှုပေါင်း ၉၂ မှုရှိပြီး ပြစ်ဒဏ်ချမှတ်အရေးယူမှု ၁၀ မှုနှင့် ကျပ်သန်း ၆၀၀၀ ကျော် နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းနိုင်ခဲ့ကြောင်း ဒုတိယသမ္မတ ပြောကြား
24htopnews | October 28, 2024 9:12 AM CST

 

၂၀၁၄ ခုနှစ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် စုံစမ်းစစ်ဆေးသည့် အမှုပေါင်း ၉၂ မှုရှိပြီး ပြစ်ဒဏ်ချမှတ်အရေးယူမှု ၁၀ မှုနှင့် ကျပ်သန်း ၆၀၀၀ ကျော် နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းနိုင်ခဲ့ကြောင်း ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ Park Royal ၌ကျင်းပရာ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆွေးနွေးပွဲတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုများအား အရေးယူဆောင်ရွက်ခဲ့ရာ  ၂၀၁၄ ခုနှစ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ ၂၀၁၄ ခုနှစ်မှ ယနေ့အထိ အမှုပေါင်း ၉၂ မှု စုံစမ်းစစ်ဆေးခဲ့ပြီး တရားစွဲတင်ခဲ့သည့် အမှုပေါင်း ၂၄ မှု၊ တရားစွဲတင်ရန် ဆောင်ရွက်ဆဲ ၃၄ မှုနှင့် ပြစ်ဒဏ်ချမှတ် အရေးယူနိုင်မှု ၁၀ မှုရှိကြောင်း၊ စုစုပေါင်း တန်ဖိုးကျပ်  ၆၀၃၁ သန်းကို နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ပြီးဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးမှုခင်းများအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများက တရားမဝင်ရရှိသည့် ငွေကြေးများကို တရားဝင်ငွေကြေးအဖြစ် ပြောင်းလဲပြီး မြန်မာနိုင်ငံ၏ ငွေကြေးစနစ်ထဲကို ဝင်ရောက်မလာနိုင်အောင် တားဆီးကာကွယ်ရန်နှင့် တိုက်ဖျက်ရန်အတွက် ဌာနဆိုင်ရာ၊ ပုဂ္ဂလိကအဖွဲ့ အစည်းများအားလုံးနှင့် ပြည်သူများ ပူးပေါင်းပါဝင်ရန် လိုအပ်သလို နိုင်ငံဖြတ်ကျော်မှုခင်းများကို တိုက်ဖျက်ရာတွင် အဓိကရေသောက်မြစ်ဖြစ်သည့် ပြစ်မှုကျူးလွန်ရာမှ ရရှိသော တရားမဝင် ငွေကြေး၊ပစ္စည်းနှင့် အကျိုးအမြတ်များကို ဖော်ထုတ်အရေးယူပြီး နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရန် အဓိကကျကြောင်း ပြောကြားသည်။

ထို့ပြင် ၂၀၀၂ ခုနှစ် တရားမဝင်သော နည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေအရ အမှုပေါင်း ၂၁ မှု အရေးယူခဲ့ပြီး တရားမဝင်နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းစုစုပေါင်းတန်ဖိုး ကျပ် ၂၃၁၆၆ ဒသမ ၃၈ သန်းကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ကြောင်း ဒုတိယသမ္မတက ပြောကြားသည်။

ဆက်လက်၍ ဒုတိယသမ္မတက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်း အမျိုးသားအဆင့်အန္တရာယ် အကဲဖြတ်ရေးအစီရင်ခံစာတွင် မြန်မာနိုင်ငံအတွင်း၌ ငွေကြေးခဝါချမှု ခြိမ်းခြောက်မှုများ မြင်သာထင်ရှားရှိနေကြောင်း တွေ့ရှိခဲ့ရသည့်အတွက် မူးယစ်ဆေးဝါးမှုခင်းများအပါအဝင် အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှု၊ သစ်နှင့် ကျောက်မျက်ရတနာများ တရားမဝင်ရောင်းဝယ်မှု၊ အခွန်တိမ်းရှောင်မှုများကို ရှာဖွေဖော်ထုတ်ပြီး လျော့နည်းကျဆင်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အစိုးရဌာနအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်သည့် ကဏ္ဍအသီးသီးမှ အဆိုပါမှုခင်းများ လျော့နည်းကျဆင်းအောင် တားမြစ်ပိတ်ဆို့ တိုက်ဖျက်သွားရမည်ဖြစ်ကြောင်း၊ အလားတူ သတင်းပို့ အဖွဲ့အစည်းများအနေဖြင့် AML/ CFT ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်ရေး အရာရှိများ သတ်မှတ်ခန့်အပ်ပြီး ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ကိုလည်း စွမ်းရည်ပြည့်ဝပြီး လုပ်ငန်းများကို လွတ်လပ်စွာဆောင်ရွက်နိုင်အောင် ဖွဲ့စည်းရမှာဖြစ်ကြောင်း၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့အနေဖြင့် သက်ဆိုင်ရာသတင်း ပို့အဖွဲ့အစည်းများနှင့် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး AML/ CFT မူဘောင်ကို ခိုင်မာအောင် တည်ဆောက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံတကာ စံနှုန်းများနှင့်အညီ “အမျိုးသားအဆင့် မဟာဗျူဟာ” ရေးဆွဲပြဋ္ဌာန်းပြီး လုပ်ငန်းအစီအမံများ ချမှတ်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ရေးဆွဲထားသည့် “ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး မဟာဗျူဟာ” ကို ယခု တက်ရောက်လာကြသည့် ဌာနဆိုင်ရာနှင့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအားလုံးက မိမိတို့ကဏ္ဍအလိုက်၊ အစီအမံများချမှတ်ပြီး အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ဒုတိယသမ္မတက ပြောကြားသည်။

ထို့ပြင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအနေဖြင့် “ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းနှင့် ပြင်ဆင်ခြင်း၊ AML/ CFT ဆိုင်ရာ မူဝါဒများချမှတ်ခြင်း၊ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း၊ မိမိတို့ဌာနများအလိုက် ဆုံးရှုံးနိုင်ခြေအန္တရာယ်ကို အချိန်အပိုင်းအခြားအလိုက် အကဲဖြတ်ခြင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်း၊ ကြီးကြပ်ရေးအာဏာပိုင်များက ကဏ္ဍအလိုက် ကြီးကြပ်ကွပ်ကဲမှု တိုးမြှင့်ခြင်း၊ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက်များကို ဖော်ဆောင်ခြင်း၊ ဥပဒေရေးရာပုဂ္ဂိုလ်နှင့် ဥပဒေရေးရာ စီစဉ်ဆောင်ရွက်မှုများကို အလေးထားစိစစ်ခြင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုများအား စုံစမ်းစစ်ဆေးခြင်း၊ နိုင်ငံ့ဘဏ္ဍာသိမ်းဆည်းခြင်းနှင့် လူအများအပြား သေကြေပျက်စီးစေသော လက်နက်များပြန့်ပွားအောင် လုပ်ဆောင်နေမှုများကို ငွေကြေး ထောက်ပံ့မှုအား တိုက်ဖျက်ခြင်း” စသည့်အချက်များကို အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် မိမိတို့နိုင်ငံ၏ စီးပွားရေး အသိုက်အဝန်း လုံခြုံစေရန်နှင့် ပြစ်မှုကျူးလွန်ရာမှ ရရှိသော တရားမဝင်ငွေကြေး၊ ပစ္စည်းနှင့် အကျိုးအမြတ်များ လျော့နည်းပပျောက်အောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြောကြားသည်။

“ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်း” များကို ထိထိရောက်ရောက်တိုက်ဖျက်ရန် နိုင်ငံတော်သမ္မတရုံးက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်တွင် ဥပဒေဆိုင်ရာ အမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ ယင်းအမိန့်တွင် စုံစမ်းစစ်ဆေးမည့် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများကို လုပ်ပိုင်ခွင့်များ တိုးမြှင့်ပေးအပ်ထားသကဲ့သို့ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ကိုလည်း လုပ်ငန်းပိုင်းဆိုင်ရာ လွတ်လပ်စွာဆောင်ရွက်ခွင့်များကို ပေးအပ်ထားကြောင်း၊ ကြီးကြပ်ရေး အာဏာပိုင်များကိုလည်း လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများ၊ အန္တရာယ်အခြေပြု ချဉ်းကပ်ဖြေရှင်းမှု နည်းလမ်းများ၊ မိမိတို့ကဏ္ဍနှင့် သက်ဆိုင်သည့် ဆုံးရှုံးနိုင်ခြေအန္တရာယ် အကဲဖြတ်မှုများ၊ ဆောင်ရွက်ရန် တာဝန်များ ခွဲဝေပေးထားသကဲ့သို့ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ ဖောက်ဖျက်လျှင်လည်း ထိရောက်သည့် စီမံခန့်ခွဲမှုဆိုင်ရာ အပြစ်ပေးမှုများလုပ်ရန် အသေးစိတ်ရေးသားဖော်ပြထားကြောင်း ဒုတိယသမ္မတက ပြောကြားသည်။ 

 

 


READ NEXT
Cancel OK