ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားသည့် ၂၀၂၃ ခုနှစ် ၃၂ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲနှင့် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ ကျင်းပမည့်ရက်များ ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ဆီးဂိမ်းစ် ပြိုင်ပွဲကို ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိခြင်းဖြစ်ပြီး ဆီးဂိမ်းစ် ပြိုင်ပွဲကို ၂၀၂၃ ခုနှစ် မေ ၅ ရက်မှ ၁၇ ရက်၊ အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို ဇွန် ၁ ရက်မှ ၁၀ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ ဆီးဂိမ်းစ်ပြိုင်ပွဲကို ပုံမှန်အားဖြင့် နှစ် ကုန်ပိုင်းတွင်သာ ပြုလုပ်လျက်ရှိသော်လည်း ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အခြားဆီးဂိမ်းစ် ပြိုင်ပွဲများ ကျင်းပသည့်အချိန်ထက်စောကာ မေလတွင် ကျင်းပခြင်းဖြစ်သည်။
စင်ကာပူ နိုင်ငံအနေဖြင့် ဆီးဂိမ်းစ်ပြိုင်ပွဲအား အိမ်ရှင် အဖြစ် လက်ခံကျင်းပခွင့်ရသည့်နှစ်များတွင် အခြားနိုင်ငံများထက်စော၍ ကျင်းပလေ့ရှိပြီး ၁၉၈၃ ပြိုင်ပွဲကို မေ ၂၈ ရက်မှ ဇွန် ၆ ရက်၊ ၁၉၉၃ ပြိုင်ပွဲကို ဇွန် ၁၂ ရက်မှ ၂၀ ရက်၊ ၂၀၁၅ ပြိုင်ပွဲကို ဇွန် ၅ ရက်မှ ၁၆ ရက်အထိ ကျင်းပ ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် စင်ကာပူ နိုင်ငံကျင်းပသည့်ကာလထက်စောကာ မေလ ဆန်းပိုင်းတွင် ပြုလုပ်မည်ဖြစ်သည်။ ကမ္ဘော ဒီးယားနိုင်ငံအနေဖြင့် ဖွင့်ပွဲအခမ်းအနားကို မေ ၅ ရက်တွင်ပြုလုပ်ရန် စီစဉ်ထားသော ကြောင့် အားကစားနည်းအချို့ကို ဖွင့်ပွဲအခမ်း အနားထက်စော၍ ပြုလုပ်ဖွယ်ရှိနေသည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ဆီးဂိမ်းစ်ပြိုင်ပွဲ ကို ၁၉၆၃ ခုနှစ်က အိမ်ရှင်အဖြစ် လက်ခံကျင်း ပခွင့်ရခဲ့သော်လည်း နိုင်ငံရေးအခြေအနေ ကြောင့် ဖျက်သိမ်းခဲ့ရပြီး ဆီးဂိမ်းစ်ပြိုင်ပွဲသမိုင်း တစ်လျှောက် ပထမဆုံးဖျက်သိမ်းရသည့်ပြိုင်ပွဲ ဖြစ်ခဲ့သလို ကမ္ဘောဒီးယားနိုင်ငံအနေဖြင့်လည်း နှစ်ပေါင်း ၆၀ ကြာမှ အိမ်ရှင်အဖြစ်ပြန်လည် လက်ခံကျင်းပခွင့်ရရှိခြင်းဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အိမ်ရှင် အဖြစ် ပထမဆုံးလက်ခံကျင်းပမည့် ဆီးဂိမ်းစ် ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် ပြီးခဲ့သည့် နှစ်အနည်းငယ်ကတည်းက ပြင်ဆင်မှုများ စတင်ပြုလုပ်လျက်ရှိပြီး ပင်မဘောလုံးကွင်း ဖြစ်သည့် ဖနွမ်းပင်မြို့ရှိ မိုရိုဒေါ့တီချိုကွင်းမှာ ပြီးစီးနေပြီဖြစ်သည်။ ယင်းဘောလုံးကွင်းမှာ ပရိသတ် ၇၅၀၀၀ ဝင်ဆံ့ပြီး အရှေ့တောင် အာရှနိုင်ငံများတွင် ပရိသတ်အများဆုံးကြည့် ရှုနိုင်မည့် ဘောလုံးကွင်းများတွင် အပါအဝင် ဖြစ်ခဲ့သည်။ ထို့ပြင် အားကစားရုံများ အသစ် တည်ဆောက်ခြင်း၊ ရှိပြီးသား အားကစားရုံ နှင့် ကွင်းများ ပြင်ဆင်ခြင်းများကိုလည်း ဆောင် ရွက်လျက်ရှိသည်။
ကမ္ဘောဒီးယားနိုင်ငံအနေ ဖြင့် ၂၀၂၃ ဆီးဂိမ်းစ်ပြိုင်ပွဲကို မေလတွင် ကျင်းပရန် စီစဉ်ထားသဖြင့် ၂၀၂၁ ဆီးဂိမ်းစ် ပြိုင်ပွဲ အိမ်ရှင်ဗီယက်နမ်နိုင်ငံအနေဖြင့် ကိုရို နာဗိုင်းရပ်စ်အခြေအနေကြောင့် လာမည့်နှစ် သို့ ရွှေ့ဆိုင်းခဲ့ရပါက ဇူလိုင် နောက်ဆုံးထား ၍ ပြုလုပ်ရမည်ဖြစ်သည်။ ဗီယက်နမ်ဆီးဂိမ်းစ် ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ ကျင်းပရန် စီစဉ်ထား သော်လည်း ကပ်ရောဂါအခြေအနေကြောင့် ရွှေ့ဆိုင်းရမည့်အခြေအနေနှင့် ရင်ဆိုင်နေရ ပြီး ယခုလအတွင်း အတည်ပြုဆုံးဖြတ်သွား မည်ဖြစ်သည်။
အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ ကို ၂၀၀၁ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ဆီးဂိမ်းစ် ပြိုင်ပွဲအပြီးတွင် ကျင်းပလေ့ရှိသည့်ပြိုင်ပွဲလည်း ဖြစ်သည်။ ပြီးခဲ့သည့် အာဆီယံ မသန်စွမ်းအား ကစားပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ် အခြေအနေ ကြောင့် ဖျက်သိမ်းခဲ့ရပြီး ယခုနှစ်တွင်လည်း ကျင်းပနိုင်ရန်မသေချာသေးဘဲ ဆီးဂိမ်းစ်နှင့် အတူ လာမည့်နှစ်သို့ ရွှေ့ဆိုင်းဖွယ်ရှိနေသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား