အီလိုနာခိုမန်ကိုအမည်ရှိ ယူကရိန်းအမျိုးသမီးသည် လွန်ခဲ့သည့်နှစ်လနီးပါးကမှ ခင်ပွန်းသည်ကို ဆုံးရှုံးခဲ့ရသည့် မုဆိုးမတစ်ဦးဖြစ်သည်။ သူ့ခင်ပွန်းသည် ယူကရိန်းအရှေ့ပိုင်း စီဗာရိုဒိုးနက်စ်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲတစ်ခုတွင် ကျဆုံးသွားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ခိုမန်ကိုသည် ယူကရိန်းစစ်မြေပြင်တွင် သူတတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီအားဖြည့်နေသူတစ်ဦး ဖြစ်သည်။
ယူကရိန်းကို ရုရှားကဝင်ရောက်တိုက်ခိုက်ခဲ့သည့်စစ်ပွဲသည် ငါးလထဲသို့ ဝင်ရောက်လာချိန်တွင် အသက် ၂၉ နှစ်အရွယ် ခိုမန်ကိုသည် လူ့အသက်များကို ကယ်တင်ရန် စစ်မြေပြင် ရှေးဦးသူနာပြုနည်းများကို စစ်သားများနှင့် အရပ်သားများကို လေ့ကျင့်သင်ကြားပေးခြင်းဖြင့် ကူညီပေးနေခြင်းဖြစ်သည်။
ယင်းလေ့ကျင့်သင်ကြားမှုများကို အများအားဖြင့် ယူကရိန်း၏မြို့တော် ကိယက်ဗ်တွင် ပြုလုပ်နေသည်။ တစ်ရက်ကို လူပေါင်း ၁၀၀ ခန့်တက်ရောက်သင်ယူကြသည်။ လက်ရှိအချိန်အထိ ခိုမန်ကိုနှင့် သူ့တွဲဖက်များသည် ကိုယ့်ကိုယ်ကိုယ်ကယ်တင်နိုင်သည့် အခြေခံရှေးဦးသူနာပြုနည်းများကို လူပေါင်း ၅၀၀၀ ကျော်ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်သည်။ သူတို့သင်တန်းကို တက်ရောက်သူများထဲတွင် လူဒမူလာရိုဟာချီဗာလည်း ပါဝင်သည်။
“လောလောဆယ်မှာတော့ ကျွန်တော်ဟာ နောက်တန်းမှာ တာဝန်ထမ်းဆောင်နေတာပါ။ ဒါပေမယ့် ကျွန်တော်ဟာ ရှေ့တန်းကိုလည်း ထွက်ရနိုင်ပါတယ်။ စစ်သားအားလုံးဟာ အခုလိုလေ့ကျင့်မှုတွေကို လုပ်ဆောင်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ရိုဟာချီဗာက သင်တန်းတစ်ခုနှင့်တစ်ခုအကြား ယာယီရပ်နားသည့် အနားယူချိန်တွင် ပြောကြားခဲ့သည်။
သင်တန်းတက်သူများသည် MARCH ဟု အတိုကောက်ခေါ်သည့် စီစဉ်တကျပြုစု စောင့်ရှောက်မှုသင်တန်းကို သင်ယူရသည်။ M-သွေးထွက်လွန်ခြင်း၊ A-လေဝင်အသက် ရှူလမ်းကြောင်း၊ R-အသက်ရှူမှုဆိုင်ရာ၊ C-သွေးလည်ပတ်မှုဆိုင်ရာနှင့် H-ကိုယ်ပူရှိန် အလွန်အမင်းကျဆင်းမှု အစရှိသည့် စကားလုံးများကို အတိုကောက်ပေါင်းစပ်ထားခြင်းဖြစ်သည်ဟု လေ့ကျင့်ရေးစင်တာ၏ အကြီးအကဲ အိုလက်ဇန်းဒါးခါဇနီယက်က ပြောကြားခဲ့သည်။
ယင်းစင်တာတွင် သွေးယိုစိမ့်မှုကိုထိန်းရန် ခြေ၊ လက်တို့တွင် တင်းကျပ်စွာ ယာယီစည်းနှောင်ရသည့် အဝတ်စ၊ ကြိုးအစရှိသည့် သွေးထိန်းစည်းကို ၂၅ စက္ကန့်အတွင်း စည်းနှောင်ပုံကဲ့သို့ အသက်ကယ် ရှေးဦးသူနာပြုစုနည်းများကို သင်ကြားပို့ချပေးသည်။
“ဆေးဝါးကုသရေးပစ္စည်းကိရိယာတွေဟာ သုံးတတ်တဲ့သူမရှိရင် အသုံးမဝင်ပါဘူး။ အဲဒီဆေးပစ္စည်းတွေကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်တဲ့လူတွေလိုပါတယ်။ အဲဒါမှ လူ့အသက်တွေကို ကယ်တင်နိုင်မှာပါ” ဟု ခါဇနီယက်က ပြောကြားခဲ့သည်။
ယင်းလေ့ကျင့်ရေးစင်တာတွင် ရှေ့တန်းစစ်မျက်နှာပြင်မှ အခြေအနေများကဲ့သို့ ပုံဖော်ဖန်တီးထားသည်။ လေ့ကျင့်ရေးနေရာတစ်ခုတွင် သင်တန်းဆရာတစ်ဦးက သင်တန်းသားများကို ထိတ်ထိတ်ပျာပျာ အော်ဟစ်အမိန့်ပေးနေသည်ကို မြင်တွေ့ရသည်။
“အဲဒီဘက်ခြမ်းမှာ စနိုက်ပါသမားတစ်ယောက်ရှိနေတယ်။ သူတို့ကို ဘေးလွတ်ရာ ဆွဲခေါ်သွားကြ။ မင်းတို့အကုန် အသက်ရှင်ချင်ကြတယ်မဟုတ်လား” ဟု အော်ဟစ်ကာ ရှေ့တန်းတွင် ကြုံတွေ့ရတတ်သည့် အခြေအနေများအတိုင်း သင်ကြားပေးနေသည်။
ယင်းကဲ့သို့ သင်ကြားမှုပုံစံသည် သင်တန်းသားများအနေဖြင့် စစ်မြေပြင်၏ စိတ်ဖိစီးဖွယ် အခြေအနေများတွင် အာရုံလွင့်ပြီး ဘာလုပ်ပြီး ဘာကိုင်ရမည်ဆိုခြင်းကို မသိတော့သည့်အခြေအနေမျိုးမဖြစ်စေရန်နှင့် လိုအပ်သည့်အရာကို အာရုံစိုက်ပြီး လုပ်ဆောင်နိုင်ရန်ဖြစ်သည်။
ကိယက်ဗ်ဒေသမှ အရေးပေါ်ဆေးဝါးကုသပေးနေသည့် ဆရာဝတ်တစ်ဦးဖြစ်သူ နာတာလီယာ ဒမ်ချက်ဗ်စကာက သူသည် တိုက်ပွဲများဖြစ်ပွားနေသည့် စစ်မြေပြင်အခြေအနေမျိုးတွင် ရှေးဦးသူနာပြုစုနည်းကို မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို လေ့လာရန် ယင်းသင်တန်းကို တက်ရောက်ခဲ့သည်ဟု ဆိုသည်။
သူသည် ဆေးပညာလောကတွင် ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်နေသည့်တိုင် ယင်းသင်တန်းတွင် သူယခင်က မသိခဲ့သည့် အရာအများအပြားကို သင်ယူနိုင်ခဲ့သည်ဟု ဆိုသည်။ ထို့ပြင်ယင်းသင်တန်းသည် အရပ်သားများပါလာတက်စေရန် တိုက်တွန်းနှိုးဆော်လျက်ရှိသည်။
ယူကရိန်းစစ်ပွဲကာလအတွင်း ပြည်ပနိုင်ငံများမှ စေတနာ့ဝန်ထမ်းဆေးဘက်ဆိုင်ရာအဖွဲ့များလည်း ယူကရိန်းကို လာရောက်ခဲ့ပြီး အကူအညီများပေးခဲ့ကြသည်။ အချို့စေတနာ့ဝန်ထမ်း ဆေးအဖွဲ့များဆိုလျှင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေည့် ယူကရိန်းအရှေ့ပိုင်းစစ်မြေပြင်နှင့် ဒဏ်ရာရရှိခဲ့သည့် ယူကရိန်းစစ်သားများကို ကုသပေးသည့် ဆေးရုံများအကြား အလှမ်းကွာဟမှုခြင်းမရှိစေရန် ဖြည့်ဆည်းပေးခဲ့ကြသည်။
“ဒီစစ်ပွဲဟာ ယူကရိန်းစစ်ပွဲလို့ ကျွန်တော်မသတ်မှတ်ချင်ပါဘူး။ ဒါဟာဥရောပရဲ့စစ်ပွဲပါ။ ကျွန်တော်တိုက်ရမယ့် စစ်ပွဲပါ” ဟု စေတနာ့ဝန်ထမ်းဆေးအဖွဲ့မှ ၀ိုင်းနက်စ်အမည်ရှိ အမျိုးသားတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် အခြားစစ်မြေပြင်များတွင် ဆေးတပ်သား သို့မဟုတ် ဆေးဘက်ကျွမ်းကျင်ပညာရှင်များအဖြစ် လုပ်ဆောင်ခဲ့ဖူးသည့် ပြည်ပမှ ဆေးဘက်ဆိုင်ရာ စေတနာ့ဝန်ထမ်းများကလည်း ယူကရိန်းသို့လာရောက်ပြီး ကူညီပေးခဲ့ကြသည်။
“ကျွန်တော်တို့ဟာ စစ်ပွဲအတွင်း နေထိုင်နေရတာဖြစ်ပါတယ်။ ဘာတွေဆက်ဖြစ်လာမလာမလဲဆိုတာလည်း ကျွန်တော်တို့ မသိနိုင်ပါဘူး။ ဒုံးကျည်ပဲ ကျလာမလား၊ ဘယ်သူ့ကို ထိမှန်သွားမလဲဆိုတာလည်း မသိရပါဘူး” ဟု သင်တန်းဆရာတစ်ဦးဖြစ်သည့် မက်ဆင် မက်ဆင်မန်ကိုက ပြောကြားခဲ့သည်။
မေ ၂၃ ရက်က ခိုမန်ကို၏ခင်ပွန်းသည် ဆက်ဗ်ယာတိုဆလက် ခိုမန်ကိုသည် တိုက်ပွဲတွင် ကျဆုံးသွားခဲ့ခြင်းဖြစ်သည်။ သူသည် ယူကရိန်းစစ်ပွဲဖြစ်ပွားချိန်တွင် အခြားသူများကဲ့သို့ပင် အလုပ်ထွက်ပြီး စစ်ထဲဝင်ကာ တိုက်ခိုက်ခဲ့သူဖြစ်သည်။
သူ့ခင်ပွန်းသည် ရှေ့တန်းစစ်မျက်နှာပြင်မှ သဘာဝအခြေအနေများကို ရိုက်ကူးထားသည့်ဓာတ်ပုံများကို သူ့ဆီပို့ပေးခဲ့သည်ဟု ခိုမန်ကိုက ပြောကြားခဲ့သည်။
“သူဟာ စစ်တိုက်ဖို့ ထွက်သွားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူအရမ်းချစ်တဲ့လူတွေကို ကယ်တင်ချင်တာကြောင့် စစ်တိုက်ထွက်သွားခဲ့တာပါ” ဟု အီလိုနာခိုမန်ကိုက ပြောကြားခဲ့သည်။
လက်ရှိတွင် ခိုမန်ကိုသည် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေပြီး သူချစ်မြတ်နိုးသူတွေကို ကယ်တင်ရန် မျှော်လင့်နေသည်။
အရင်ကတည်းက သူသည် သူ့ခင်ပွန်းသည်ရှိသည့် ရှေ့တန်းစစ်မြေပြင်သို့ အမြဲတမ်းသွားချင်ခဲ့ဖူးသည်ဟု ပြောကြားခဲ့သည်။
သို့သော်လည်း ခင်ပွန်းသည်က သူ့ကိုရှေ့တန်းကို မလာခိုင်းခဲ့ပေ။ ထို့ကြောင့် သူသည် တိုက်ပွဲဝင် ဆေးတတ်သားသင်တန်းကိုတက်ရန် စာရင်းသွင်းခဲ့သည်။ လက်ရှိတွင် သူသည် စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်လာခဲ့ပြီး သင်တန်းဆရာတစ်ဦးဖြစ်လာရန် မျှော်လင့်ထားသည်။
အချိန်များကိုသာ နောက်ပြန်လှည့်နိုင်မည်ဆိုပါက ဆေးပညာကိုလေ့လာမည်ဟု ခိုမန်ကိုက ပြောကြားခဲ့သည်။ ရှေ့တန်းစစ်မြေပြင်တွင် သူ့ခင်ပွန်းအတွက် ရှေးဦးသူနာ ပြုနှင့်သက်ဆိုင်သည့်ပစ္စည်းများကို ပြင်ဆင်ထုတ်ပိုးနေချိန်က ဆေးပညာ၏တန်ဖိုးကို သဘောပေါက်ခဲ့သည်ဟု ဆိုသည်။
“ယူကရိန်းရဲ့ အကောင်းမြတ်ဆုံးလူတွေဟာ စစ်ပွဲထဲကို ရောက်နေပါတယ်။ အဲဒါကြောင့် ကျွန်မကလည်း သူတို့တွေကို ကယ်တင်နိုင်ဖို့ ဖြစ်နိုင်သမျှ အရာအားလုံးကို လေ့လာသင်ယူနေပါတယ်” ဟု ခိုမန်ကိုက ပြောကြားခဲ့သည်။
Ref:AP
-
မြန်မာ-တရုတ်နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးတွင် မြန်မာနိုင်ငံ၏ နယ်နိမိတ်ပိုင်နက် နယ်မြေဆုံးရှုံးမှု မရှိစေရေး၊ နှစ်နိုင်ငံအကြား နယ်နိမိတ်သတ်မှတ်ချက်ကို အလေးထားဆောင်ရွက်ရန် စီးပွား/ကူးသန်းဝန်ကြီး ပြောကြား
-
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးတွေ့ဆုံ၍ ဂျပန်နိုင်ငံကူညီမှုဖြင့် ဆောင်ရွက်နေသည့် ရန်ကုန်မြို့ပတ်ရထားလမ်းနှင့် ရန်ကုန် -မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းများ ဆွေးနွေး
-
တရုတ်-မြန်မာ နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းခရီးစဉ်ပျံသန်းသည့် ၁၃ ခုမြောက် တရုတ်လေကြောင်းလိုင်းအဖြစ် Qingdao လေကြောင်းလိုင်း နင်းပေါ်-ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ် စတင်ပျံသန်း
-
အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် မြန်မာနိုင်ငံသို့ပြောင်းရွှေ့လုပ်ကိုင်လိုသည့် နိုင်ငံတကာလုပ်ငန်းရှင်များရှိသော်လည်း သုံးလအတွင်း မြေနေရာရရှိရေးဆောင်ရွက်မပေးနိုင်သဖြင့် အာဆီယံနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေကြောင်း ဝန်ကြီးနော်ပန်းသဥ္ဇာမျိုး ပြောက
-
၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်တင်သွင်းမှုမူဝါဒဆိုင်ရာ Model Year သတ်မှတ်ချက် ထွက်ရှိလာပြီး မော်တော်ယာဉ်တင်သွင်းမှု အစီအစဉ်အားလုံးတွင် ယခင်နှစ်ထက် ထုတ်လုပ်သည့်ခုနှစ် တစ်နှစ်စီထပ်တိုး