Top News

အီရန်၏ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စက်ရုံများကို တိုက်ခိုက်ခဲ့သည်ဟု အစ္စရေး ပြောကြား
24htopnews | October 27, 2024 7:12 PM CST

အောက်တိုဘာ ၂၆ ရက်တွင် အီရန်နိုင်ငံထဲက စစ်ရေးပစ်မှတ်များကိုတိုက်ခိုက်ခြင်းအားဖြင့် မိမိတို့၏ထိုးစစ်စွမ်းရည်ကိုလည်းကောင်း၊ ကာကွယ်ရေးစွမ်းရည်ကိုလည်းကောင်း အပြည့်အဝ အသုံးပြုခဲ့သည်ဟု အစ္စရေးစစ်တပ်ကပြောကြားခဲ့ပြီး အီရန်၏‌မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်ထုတ်လုပ်သည့်စက်ရုံများကို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

"ကျွန်တော်တို့ရဲ့ကာကွယ်ရေးစွမ်းရည်နဲ့ထိုးစစ်စွမ်းရည်တို့ကို ပြည့်ဝစွာ အသုံးချခဲ့ပါတယ်"ဟု အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ဒန်နီရယ်ဟာဂါရီက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

 

ယခုလ စောစောပိုင်းတွင် တီဟီရန်၏ပဲ့ထိန်းဒုံးကျည် တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီးနောက်အစ္စရေးက အီရန်နိုင်ငံထဲက စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခြင်းသည်ကိုယ်ပိုင်ကာကွယ်မှုကို အသုံးပြုခြင်းဖြစ်သည်ဟုအောက်တိုဘာ ၂၅ ရက်တွင် အမေရိကန်ကပြောကြားခဲ့ပြီး အစ္စရေး၏တိုက်ခိုက်မှုများကို ကြိုတင်အကြောင်းကြားခဲ့သည်ဟု ဆိုသည်။

"စစ်ရေးပစ်မှတ်တွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်မှုကို အသုံးချတာဖြစ်ပါတယ်။ အောက်တိုဘာ ၁ ရက်မှာ အီရန်ရဲ့ပဲ့ထိန်းဒုံးကျည်နဲ့အစ္စရေးကိုတိုက်ခိုက်တာကို တုံ့ပြန်တာဖြစ်ပါတယ်"ဟု အိမ်ဖြူတော်အမျိုးသားလုံခြုံရေး ကောင်စီ ပြောရေးဆိုခွင့်ရ ရှောင်ဆဗတ်က ပြောကြားခဲ့သည်။

အမေရိကန် ပြည်ထောင်စုကို ကြိုတင် အကြောင်းကြားခဲ့ကြောင်း၊ အမေရိကန် ပါဝင်ပတ်သတ်မှုမရှိကြောင်း အမည်မဖော်လိုသူ အမေရိကန် ကာကွယ်ရေးတာဝန်ရှိသူက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုကို ကြိုတင်အကြောင်းကြားခဲ့သော အချိန်အား အမေရိကန်တာဝန်ရှိသူက ပြောကြားခြင်းမရှိသလို အစ္စရေးက အကြောင်းကြားခဲ့သော အကြောင်းအရာကိုလည်း ပြောကြားခြင်းမရှိပေ။

"မိနစ်ပိုင်းလေးလောက်ကပဲ တီဟီရန်တစ်ဝိုက်မှာ ပြင်းထန်တဲ့ပေါက်ကွဲသံတွေကို ကြားရပါတယ်။ အဲဒီပေါက်ကွဲသံတွေရဲ့အရင်းအမြစ်ကို သဲသဲကွဲကွဲမသိရပါဘူး"ဟု အစိုးရရုပ်သံ၏သတင်းတင်ဆက်သူက ပြောကြားခဲ့သည်။ အေအက်ဖ်ပီသတင်းထောက်ကလည်း ပေါက်ကွဲသံများကို ကြားရသည်ဟု ဆိုသည်။

အစ္စရေးတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လေကြောင်းခရီးစဉ်အားလုံးကို နောက်ထပ်ကြေညာချက်မထုတ်မချင်း ရပ်ဆိုင်းထားမည်ဟု အောက်တိုဘာ ၂၆ ရက်တွင် အီရန်လေကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

■ Ref:AFP

■ Photos:AFP

 


READ NEXT
Cancel OK