အင်ဒိုနီးရှားနိုင်ငံတွင် နိုဝင်ဘာ ၁၅ ရက်က အာဆီယံကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံခဲ့ကြပြီး နှစ်ရက်ကြာပြုလုပ်မည့် ဆွေးနွေးမှုများအတွင်း အမေရိကန်နှင့် ဒေသတွင်းနိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများလည်း တက်ရောက်မည်ဖြစ်သည်။
ယူကရိန်း-ရုရှားစစ်ပွဲနှင့် အစ္စရေးဟား မာ့စ်စစ်ပွဲတို့ကြောင့် အရှေ့အလယ်ပိုင်းနှင့် အာရှ-ပစိဖိတ်ဒေသတွင် တင်းမာမှုများမြင့် တက်နေချိန်တွင် ထိုအစည်းအဝေးကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာ ၁၆ ရက်တွင် ပြုလုပ်မည့်ဆွေးနွေးမှုများအတွင်း အမေရိကန်၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျနှင့် ရုရှားနိုင်ငံတို့မှ ကိုယ်စားလှယ်များ ပါဝင်မည်ဖြစ်သည်။
ဂျကာတာမြို့တော်တွင်ပြုလုပ်သည့် ထိုဆွေးနွေးမှုများအတွင်း မြန်မာ့အရေး၊ အစ္စရေးနှင့် ဟားမာ့စ်ပဋိပက္ခ၊ တောင်တရုတ်ပင်လယ်တွင် တရုတ်၏ မြင့်တက်နေသည့် လှုပ်ရှားမှုများ အစရှိသည့်အကြောင်းအရာများက လွှမ်းမိုးထားဖွယ်ရှိသည်။
မွတ်စလင်ဘာသာဝင်အများစုနေထိုင်သည့် အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတဂျိုကိုဝီဒိုဒို ကမူ ဂါဇကမ်းမြောင်ဒေသတွင် ရက်စက်ကြမ်းကြုတ်မှုများ အဆုံးသတ်စေရန်နှင့် အပစ်အခတ်ရပ်စဲရေးအတွက် ကူညီဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို ယခုသီတင်းပတ်အတွင်း တိုက် တွန်းခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်ကုန်က ဆော်ဒီ နိုင်ငံရိယက်ဒ်မြို့တွင် ကျင်းပခဲ့သည့် အာရပ်-မွတ်စလင် ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမှ အလွန်လေးနက်သော သတင်းစကားကို သမ္မတဘိုင်ဒင်ထံ ယူဆောင်လာမည်ဟု ဝီဒိုဒိုက နိုဝင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ ယင်းထိပ်သီးအစည်းအဝေး၌ အာရပ်နှင့် မွတ်စလင်ခေါင်းဆောင်များက အစ္စရေးကို ရှုတ်ချခဲ့ပြီး အပစ်အခတ်ရပ်စဲရန် တိုက်တွန်းခဲ့သည်။
အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီယန်တိုကလည်း အောက်တိုဘာ ၇ ရက်က ဟားမာ့စ်တို့၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့် အစ္စရေး၏ ပြင်းထန်သည့် တိုက်ခိုက်မှုများကို ခံနေရသည့် ဂါဇာဒေသအတွင်းရှိ ပါလက်စတိုင်းများအတွက် အလွန်ဝမ်းနည်းကြောင်း နိုဝင်ဘာ ၁၅ ရက်က ပြောကြားခဲ့သည်။
အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ရယူထားသည့် အင်ဒိုနီးရှားသည် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် ပဋိပက္ခကို ဖြေရှင်းချက်တစ်စုံတစ်ရာ ရရှိစေရန် ကြိုးပမ်းနေသည်ဟုလည်း ဆူဘီယန်တိုက ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်ရှိအခြေအနေကို ငြိမ်းချမ်းပြီး တာရှည်ခံတဲ့ ဖြေရှင်းချက်တစ်ခု ရှာဖွေပေးကြဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို အင်ဒိုနီးရှားက တိုက်တွန်းပါတယ်”ဟု ဆူဘီယန်တိုက ကိုယ်စား လှယ်များကို ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့အကြား အစည်းအဝေးမပြုလုပ်မီ အင်ဒိုနီးရှား၌ အာဆီယံအစည်းအဝေးများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဘိုင်ဒင်နှင့် ရှီတို့၏ ဆန်ဖရန်စစ္စကိုတွင် တွေ့ဆုံမှုသည် တစ်နှစ်အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်လာမည်ဖြစ်သည်။
ကုန်သွယ်ရေးတင်းမာမှုများ၊ ပိတ်ဆို့မှုများ၊ ထိုင်ဝမ်အရေးနှင့် တောင်တရုတ်ပင်လယ်တွင် တရုတ်၏ နယ်မြေပိုင်ဆိုင်ကြောင်း ကြေညာချက်များကြောင့် အမေရိကန်နှင့် တရုတ်ဆက်ဆံရေးတင်းမာခဲ့သည်။
ထို့ပြင် တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး တရုတ်သည် ဖိလစ်ပိုင်၊ မလေးရှားနှင့် ဗီယက်နမ်အပါအဝင် အာဆီယံနိုင်ငံအချို့နှင့်လည်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသည်။
စက်တင်ဘာလက အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အင်ဒိုနီးရှားနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။
Ref: AFP
-
၄၅ နှစ်ကြာပြီးနောက် ကမ္ဘောဒီးယားနှင့် ထိုင်း နှစ်နိုင်ငံကြား ရထားလမ်း ပြန်လည်ဖွင့်လှစ်
-
ခရစ်ယာန်ဘုရားကျောင်းများ တိုက်ခိုက်ခံရမှုသည် ဒေသခံအစ္စလာမ္မစ်အစွန်းရောက်အဖွဲ့၏လက်ချက်ဟု သီရိလင်္ကာအစိုးရက ပြောကြား
-
အလုပ်သမားအခွင့်အရေး တက်ကြွလှုပ်ရှားသူများကို လွှတ်ပေးရန် တရုတ်အလုပ်သမားများ တောင်းဆို
-
ယူကရိန်းသမ္မတရွေးကောက်ပွဲ ဒုတိယအကျော့တွင် ဇာတ်မြူးသရုပ်ဆောင် ဇယ်လင်စကီးက အပြတ်အသတ်အနိုင်ရ
-
တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် အီရန်နှင့်ပါကစ္စတန်က နယ်စပ်ပူးတွဲတုံ့ပြန်ရေးတပ်ဖွဲ့ ဖွဲ့စည်း