ရန်ကုန်တက္ကသိုလ်သည် ယခုနှစ် ကမ္ဘာ့ အဆင့်သတ်မှတ်ချက်၌ ၇၂၂၁ တွင် ရှိနေကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။
ဒီဇင်ဘာ ၂ ရက်က ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်စတင်သည့် အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်တက္ကသိုလ်သည် ကမ္ဘာ့အဆင့် သတ်မှတ်ချက်များ၌ ၂၀၁၆ ခုနှစ်တွင် ၁၃၀၇၂၊ ၂၀၁၇ ခုနှစ်တွင် ၉၆၁၉ ၊ ၂၀၁၈ ခုနှစ်တွင် ၈၇၂၆ ဖြစ်ပြီး ယခုနှစ် ၂၀၁၉ ခုနှစ် တွင် ၇၂၂၁ တွင် ရှိသည်ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။
ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရန် အတွက် မဟာစီမံကိန်း (Master Plan) တစ်ခု ရေးဆွဲ အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ဆိုသည်။
ထိုမဟာစီမံကိန်း အကောင်အထည် ဖော်ဆောင်ရေးအတွက် ပညာရေးဝန်ကြီး ဌာန ပြည်ထောင် စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဆောင် ရွက်သည့် ဦးစီးကော်မတီ (Steering Committee) နှင့် ပညာအရည်အသွေး မြှင့်တင်ရေး ကော်မတီ (Software Committee)၊ ရုပ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းရေးကော်မတီ (Hardware Committee) နှင့်ရန်ကုန်တက္ကသိုလ် ပဋိညာဉ် ရေးဆွဲရေးကော်မတီ (University Charter Committee) များ ထပ်မံဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၁၅ အမျိုးသားပညာရေး ဥပဒေပါ ပြဋ္ဌာန်းချက်အရ ရန်ကုန်တက္ကသိုလ်အား ကိုယ်ပိုင် စီမံခန့်ခွဲခွင့်ရှိသည့် တက္ကသိုလ် ဖြစ်လာရန် လိုအပ်သည့် အချက်များ ဖြည့်ဆည်းနေပြီး မကြာမီအချိန်တွင် ရန်ကုန်တက္ကသိုလ် သည် ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရှိသည့် တက္ကသိုလ် ဖြစ်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
နိုင်ငံတကာ တက္ကသိုလ်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရာတွင် ထိရောက်ရန်နှင့် နိုင်ငံ့အကျိုးပြု အသုံးချသုတေသန လုပ်ငန်းများအတွက် ရန်ကုန်တက္ကသိုလ်၌ သင်ကြားနေသော သင်ရိုးညွှန်းတမ်းများကို ပြန်လည်ဆန်းစစ်မှုများ၊ အသစ်ပြန်လည်ရေးဆွဲမှုများ၊ ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တက္ကသိုလ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရာတွင် လွယ်ကူအဆင်ပြေစေရန်အတွက် Credit အမှတ် လွှဲပြောင်းသည့်စနစ် ပြုလုပ်နေကြောင်း သိရသည်။
ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာ ၂ ရက်မှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။
ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက် စတင်တည်ထောင်ခဲ့သည်။ တည်ထောင်ပြီး အစောပိုင်းများတွင် ယူနီ ဗာစတီကောလိပ်နှင့် ဂျပ်ဆင် (ယုဒသန်) ကောလိပ်ဟူ၍ ပေါ်ထွက်ခဲ့သည်။ ၁၉၄၀ နှင့် ၅၀ ပြည့်နှစ်များတွင် အရှေ့တောင်အာရှ၏ အကောင်းဆုံးတက္ကသိုလ်ဖြစ်ခဲ့သည်။
၈၈၈၈ လူထုအုံကြွမှု ကာလအပြီးတွင် ရန်ကုန်တက္ကသိုလ်ကို အချိန်အကန့်အသတ် ပိတ်ထားခဲ့ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှ စ၍ ဘွဲ့ကြိုသင်တန်းများ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။
-
သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှု ဖြစ်ပွား
-
မြောက်ဥက္ကလာပမြို့နယ်တွင် ကျပ် မူးယစ်ဆေးပြား ၁၃ သိန်းကျော် ဖမ်းဆီးရမိ
-
တရုတ်စက်ရုံက ရုရှားအတွက် စစ်ဘက်သုံး ဒရုန်းများ ထုတ်လုပ်ပေးနေသည်ဟူသောကိစ္စကို ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုးလ်က တရုတ်သမ္မတ ရှီကျင်းပင်နှင့် ဆွေးနွေးမည်
-
ထိုင်းနိုင်ငံရောက် မြန်မာမိဘများက မွေးဖွားသည့် ကလေးများအတွက် မွေးဖွားခြင်း မှတ်ပုံတင်နိုင်ပြီဟု မြန်မာသံရုံး ကြေညာ
-
■ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် ပွဲစဉ်-၆ ပွဲကြိုသုံးသပ်ချက်