အောင်ဆန်းအားကစားကွင်းကြီးကို စစ်ဆေးရာတွင် ရာခိုင်နှုန်း ၇၀ ခန့် ပျက်ဆီးနေပြီး အန္တရာယ်ရှိသော အဆောက်အဦဖြစ်ခြင်းကြောင့် အမြန်ဖျက်သိမ်း၍ ခေတ်မီအားကစားကွင်း တည်ဆောက်သင့်ကြောင်း အကြံပြုချက်အရ အသစ်ပြန်လည်တည်ဆောက်နိုင်ရန် ဆောင်ရွက်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြောကြားသည်။
ဒီဇင်ဘာ ၄ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၉) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်လင်းထွဋ် မေးမြန်းခဲ့သည့် သမိုင်းဝင် အောင်ဆန်းအားကစားကွင်းကြီးအား အကြီးစားပြင်ဆင်ပေးရန်နှင့် ကွင်းပတ်လည်ရှိ ဆိုင်ခန်းဌားရမ်းခများအား ကာလပေါက်စျေးအတိုင်း တိုးမြှင့်ပေးရန် အစီအစဉ် ရှိ မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်းကို လွှတ်တော်၌ ပြန်လည်ဖြေကြားရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဒုတိယဝန်ကြီးက “ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အောင်ဆန်းကွင်းအကြီးစား ပြုပြင်ရေးနှင့်ပတ်သက်၍ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ 1 Billion (ကျပ်သန်း ၁၀၀၀) လျာထားသတ်မှတ်ပေးခဲ့ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနှင့် အောင်ဆန်းအားကစားကွင်းအား အကြီးစားပြင်ဆင်ရေး ကိစ္စနှင့်ပတ်သက်၍ အင်ဂျင်နီယာအဖွဲ့နှစ်ဖွဲ့ဖြင့် Survey ပြုလုပ်ခဲ့ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အဆောက်အဦအထူးအဖွဲ့နဲ့ အဆောက်အဦသုတေသနဌာန၊ ခန့်မှန်းကုန်ထုတ် သုတေသနဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ အင်ဂျင်နီယာဌာနအဖွဲ့တို့နှင့် စစ်ဆေးခဲ့ရာ ရာခိုင်နှုန်း ၇၀ ပျက်ဆီးတယ်။ အန္တရာယ်ရှိတဲ့ အဆောက်အဦဖြစ်သောကြောင့် အမြန်ဖျက်သိမ်း၍ ပြေးလမ်းပါဝင်သောခေတ်မီ အားကစားကွင်း တည်ဆောက်သင့်ကြောင်း အကြံပြုချက်အရ ပြည်ထောင်စုရန်ပုံငွေအား ပြန်လည်အပ်နှံခဲ့ပါတယ်” ဟု ပြောကြားသည်။
အောင်ဆန်းအားကစားပြိုင်ပွဲကွင်းကြီးသည် BA အားကစားကွင်းအဖြစ် ၁၉၀၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၀၉ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း၊ နိုင်ငံတကာပြိုင်ပွဲများအပြင် အားကစားပြိုင်ပွဲမျိုးမျိုး ကျင်းပခဲ့ပြီး ၂၀၀၇ ခုနှစ်အထိ နိုင်ငံတကာ ဘောလုံးပြိုင်ပွဲများ၊ ဖိတ်ခေါ်ပြိုင်ပွဲများ၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ အပါအဝင် တိုင်းနှင့်ပြည်နယ် ဘောလုံးအားကစားပြိုင်ပွဲများကို ကျင်းပခဲ့ကြောင်း၊ ၁၉၅၃ ခုနှစ် အောက်တိုဘာ ၁၇ ရက် တိုင်းနှင့်ပြည်နယ် ဘောလုံးပွဲ ဘောလုံးကစားသည့်နေ့တွင် နိုင်ငံတော်သမ္မတကြီးက BA အားကစားပြိုင်ကွင်းအမည်ကို ပယ်ဖျက်ကာ အောင်ဆန်းအားကစား ပြိုင်ကွင်းအမည်ဖြင့် ပြောင်းလဲသတ်မှတ်လိုက်သည်ဟု ကြေညာခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
“ အောင်ဆန်းအားကစားပြိုင်ကွင်းအား ဝန်ကြီးချုပ်ရုံး၏ လမ်းညွှန်ချက်အရ ယခင်အားကစား ဝန်ကြီးဌာနမှ စီမံခန့်ခွဲပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတစ်ဆင့် Club အသင်းများသို့ အောင်ဆန်းကွင်းအပါအဝင် ဘောလုံးကွင်း ၂၄ ကွင်းအား ၈.၁၁. ၂၀၁၀ ရက်တွင် ကနဦးအခမဲ့ သုံးနှစ် BOT စနစ်ဖြင့် နှစ် ၃၀ စာချုပ်ချုပ်ဆို ငှားရမ်းခဲ့ပါတယ်။ အောင်ဆန်းအားကစားပြိုင်ကွင်း ငှားရမ်းသည့်ဆိုင်ခန်းများကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကောက်ခံ၍ စုစုပေါင်း ၄၇ ဒသမ ၁၁၃ သန်းအား နိုင်ငံတော်ဘဏ္ဍာအဖြစ် ပေးသွင်းခဲ့ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အောင်ဆန်းအားကစားပြိုင်ကွင်း၏ ဆိုင်ခန်းငှားခများအား တိုးမြှင့်ကောက်ခံ၍ ၁၃၄ ဒသမ ၃၃၅ သန်းထိ တိုးမြှင့်ကောက်ခံခဲ့ကြောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယခင်ငှားရမ်းသည့် ငွေအတိုင်း ၄၇ ဒသမ ၁၁၃ သန်းအား နိုင်ငံတော်သို့ ဆက်လက် ပေးသွင်းလျက်ရှိကြောင်း၊ အောင်ဆန်းအားကစားပြိုင်ကွင်းအား ၃၀.၃.၂၀၁၈ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ပြန်လည်လွှဲပြောင်း လက်ခံရယူခဲ့၍ ဆိုင်ခန်း ငှားရမ်းခများကိုလည်း ယခင်မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ကောက်ခံထားသည့် နှုန်းထားအတိုင်း ကောက်ခံခဲ့ပြီး နိုင်ငံတော် ငွေစာရင်းအမှတ် MD010442 သို့ ၁.၁.၂၀၁၉ မှစတင်၍ ပေးသွင်းလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
ထို့နောက် ဥက္ကဋ္ဌ၊ မြေအအောက်အဦ၊ စက်ရုံအလုပ်ရုံတန်ဖိုးများ စိစစ်သတ်မှတ်ရေးအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးသို့ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃ ရက် ရက်စွဲပါ စာအမှတ် ၄၂ ဘဏ္ဍာရေး၊ အားကစားဖြင့် ခေတ်ကာလနှင့် လျော်ညီသည့် ဆိုင်ခန်းငှားခနှုန်းထားများသို့ စိစစ်ပေးပါရန် အောင်ဆန်းကွင်း၊ ပဒုမ္မာကွင်း၊ စလင်းကွင်း၊ ဗဟန်းကွင်းများမှ ဆိုင်ခန်းများ ငှားရမ်းသည့်ကိစ္စများအတွက် စာများပေးပို့ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
“ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် အောင်ဆန်းကွင်းနှင့် ပတ်သက်၍ အသစ်တဖန် ပြန်လည်တည်ဆောက်နိုင်ရေး နဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတို့ ပထမအကြိမ် တွေ့ဆုံညှိနှိုင်းပြီးဖြစ်ပါတယ်။ ဒီဇင်ဘာလ ဒုတိယအပတ်တွင် ဆက်လက်ညှိနှိုင်းပြီးတော့ ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။
-
သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှု ဖြစ်ပွား
-
မြောက်ဥက္ကလာပမြို့နယ်တွင် ကျပ် မူးယစ်ဆေးပြား ၁၃ သိန်းကျော် ဖမ်းဆီးရမိ
-
တရုတ်စက်ရုံက ရုရှားအတွက် စစ်ဘက်သုံး ဒရုန်းများ ထုတ်လုပ်ပေးနေသည်ဟူသောကိစ္စကို ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုးလ်က တရုတ်သမ္မတ ရှီကျင်းပင်နှင့် ဆွေးနွေးမည်
-
ထိုင်းနိုင်ငံရောက် မြန်မာမိဘများက မွေးဖွားသည့် ကလေးများအတွက် မွေးဖွားခြင်း မှတ်ပုံတင်နိုင်ပြီဟု မြန်မာသံရုံး ကြေညာ
-
■ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် ပွဲစဉ်-၆ ပွဲကြိုသုံးသပ်ချက်