ကချင်ပြည်နယ်နှင့် နိုင်ငံတစ်ဝန်း သာယာဝပြောရေးကို ခြိမ်းခြောက်နေသည့်အပြင် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကိုလည်း ထိခိုက်နိုင်သည့်အတွက် မြစ်ဆုံစီမံကိန်းကို အပြီးတိုင်ဖျက်သိမ်းပေးရန် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ပင်ကို ကချင်ပြည်နယ် အခြေစိုက်အရပ်ဘက်အဖွဲ့အစည်းများ အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုရန်ရှိသည်ဟု သိရသည်။
မေခ၊ မလိခဆုံရာ မြစ်ဆုံဒေသတွင် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့်စီမံကိန်းကို ဖျက်သိမ်းပေးရန် တောင်းဆိုသည့် အိတ်ဖွင့်ပေးစာကို တရုတ်နိုင်ငံသမ္မတ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်မည့် ဇန်နဝါရီ ၁၇ ရက်တွင် ပေးပို့မည်ဟု ဧရာဝတီ လူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်းမှ မြစ်ဆုံဒေသခံ နောင်ခိုင်တူးခေါင်က ပြောကြားသည်။
မြစ်ဆုံစီမံကိန်းအတွက် စာချုပ်များ ချုပ်ဆိုရာတွင် ပွင့်လင်းမြင်သာမှုနှင့် လေ့လာဆန်းစစ်မှုများ လုံလောက်စွာ ဆောင်ရွက်ခဲ့ခြင်း မရှိသောကြောင့် ဒေသခံများ၏ ထိခိုက်နစ်နာမှုများအတွက် အပြီးတိုင်ဖျက်သိမ်းပေးရန် တောင်းဆိုခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ မြစ်ဆုံက တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့မြစ်လည်း ဟုတ်တယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခု၊ နိုင်ငံရဲ့ တန်ဖိုးထားမှုတစ်ခုလည်း ဖြစ်တဲ့အတွက်ကြောင့် မြစ်ဆုံကို လုံးဝ လုပ်ခွင့်မပေးချင်ဘူး” ဟု မြစ်ဆုံဒေသခံ နောင်ခိုင်တူးခေါင်က ပြောကြားသည်။
တရုတ်သမ္မတထံပေးပို့မည့် အိတ်ဖွင့်ပေးစာတွင် ကချင်ပြည်နယ်အတွင်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာစေချင်သည့် အချက်များလည်း ထည့်သွင်းတောင်းဆိုထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။
အိတ်ဖွင့်ပေးစာကို တရုတ်သမ္မတနှင့် လိုက်ပါလာမည့် အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့မှ ပေးပို့သွားရန် ရှိပြီး ဇန်နဝါရီ ၁၅ ရက်အထိ အိတ်ဖွင့်ပေးစာတွင် ပါဝင်လက်မှတ်ထိုးသည့် ကချင်ပြည်နယ် အခြေစိုက်အရပ်ဘက်အဖွဲ့အစည်း ၄၀ ဝန်းကျင်ရှိနေသည်ဟု တရုတ်သမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့ရေး ဆောင်ရွက်နေသည့် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တရုတ်သမ္မတထံပေးပို့မည့် အိတ်ဖွင့်ပေးစာကို မြန်မာနိုင်ငံအစိုးရထံသို့လည်း ပေးပို့သွားမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတရုံးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးတို့ထံ ဇန်နဝါရီ ၁၆ ရက်တွင် ပေးပို့နိုင်ရေး လုပ်ဆောင်မည်ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံသမ္မတဦးဝင်းမြင့် ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ပင်သည် ဇန်နဝါရီ ၁၇ ရက်နှင့် ၁၈ ရက် နှစ်ရက်ကြာ မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် ကျရောက်သည့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် လာရောက်ခြင်းဖြစ်ပြီး တရုတ်သမ္မတ ခရီးစဉ်အတွင်း တရုတ်- မြန်မာ နှစ်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ကျောက်ဖြူရေနက် စီမံကိန်းအပါအဝင် MoU အချို့ လက်မှတ်ရေးထိုးရန် ရှိနေသည်ဟု သိရသည်။
-
ပိုးမွှားကင်းရှင်းကြောင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသဖြင့် မြန်မာနာနတ်သီး တရုတ်သို့ တင်သွင်းခွင့်ပြုမည်
-
မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင် မြန်မာဘက်အခြမ်းသို့ ကုန်ပစ္စည်းများတင်သွင်းခွင့် တရုတ်ဘက်က ခွင့်ပြု
-
မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသည့် ကလေးငယ်များအားပံ့ပိုးကူညီရန် ဒေါ်လာ ၂၀၈ သန်း အရေးပေါ်လိုအပ်နေကြောင်း UNICEF Myanmar ထုတ်ပြန်
-
သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှု ဖြစ်ပွား
-
မြောက်ဥက္ကလာပမြို့နယ်တွင် ကျပ် မူးယစ်ဆေးပြား ၁၃ သိန်းကျော် ဖမ်းဆီးရမိ