နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင်ကျင်းပသော နာဂရိုးရာ နှစ်သစ်ကူးပွဲတော် အခမ်းအနားသို့ နိုင်ငံတော် သမ္မတဦးဝင်းမြင့် တက်ရောက်ခဲ့ပြီး ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍများ အချိုးညီညီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်ပေးရန် မှာကြားခဲ့သည်ဟု သိရသည်။
“ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များရဲ့ လမ်းပန်းဆက်သွယ်ရေးဟာ အရင်ကထက် ပိုမိုကောင်းမွန်ခဲ့ကြောင်း သိရှိရတဲ့အတွက် သက်ဆိုင်ရာဌာနများရဲ့ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုသလို နာဂဒေသရဲ့ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ယခုထက်ပိုမိုတိုးတက်စေဖို့ ဆက်လက် ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ အလားတူ နာဂတိုင်းရင်းသားများရဲ့ ပညာရေးကဏ္ဍနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ အချိုးညီညီ ဖွံ့ဖြိုးတိုးတက်စေဖို့ကိုလည်း တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်သွားကြရန် အထူးမှာကြားလိုပါတယ်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပြည်သူများရဲ့ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍများ ပိုမိုတိုးတက်ကောင်းမွန်စေဖို့ ဆက်လက်ဆောင်ရွက်ပေးသွားရမှာ ဖြစ်ပါတယ်။ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်တဲ့နေရာမှာ ပြည်သူလူထုက ပူးပေါင်းပါဝင်ဆောင်ရွက်မှု ရှိမှသာ အောင်မြင်မှာ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ တစ်ဦးချင်းစီ တာဝန်ယူတတ်တဲ့ စိတ်ဓာတ်တွေမွေးမြူပြီး ဆန္ဒထက်သန်စွာ စေတနာပါပါ ဆောင်ရွက်ဖို့က အဓိကကျပါတယ်။ ဌာနဆိုင်ရာဝန်ထမ်းတွေထဲမှာ ဒေသခံတွေပါသလို ရပ်ဝေးကနေ လာရောက် တာဝန်ထမ်းဆောင်တဲ့ သူတွေလည်း ပါဝင်မှာဖြစ်ပါတယ်။ ရပ်နီးရပ်ဝေး ဘယ်ဒေသကပဲ ဖြစ်ပါတယ်။ ဝန်ထမ်းတွေအနေနဲ့ ဝတကျေတန်းကျေ သဘောမျိုးထက် နာဂဒေသရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ်ဆိုတဲ့ စိတ်ဆန္ဒများနဲ့ မေတ္တာစေတနာထားပြီး တာဝန်ရှိစွာ ထမ်းဆောင်ပေးဖို့ တိုက်တွန်းပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။
နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၁၄ ရက်မှ စ၍ ဖွင့်ပွဲအခမ်းအနား စတင်ကျင်းပခဲ့ပြီး ဇန်နဝါရီ ၁၅ ရက်သည် နာဂတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်ကို လဟယ်မြို့ အားကစားကွင်း၌ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ပြည်ထောင်စုအဆင့် ဝန်ကြီးများ ၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းနှင့် တိုင်းအဆင့် ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်များ၊ နိုင်ငံခြားသား ဧည့်သည်များနှင့် နာဂဒေသမှ နာဂတိုင်းရင်းသားများ တက်ရောက်ခဲ့ကြသည်။
“ ကျွန်တော်တို့က အကအဖွဲ့မှာ ၅၃ ဦး ပါဝင်ပါတယ်။ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်မှာ နှစ်စဉ်နှစ်တိုင်း နာဂဒေသ ဖွံ့ဖြိုးတိုးတက်စေဖို့ ခံစားချက်နဲ့ လာတာပါ။ အကတွေကတော့ လှံတွေနဲ့ သိုင်းအကတွေ ပါပါတယ်။ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်မှာ ကျွန်တော်တို့ ကျွန်းခေါင်ကျေးရွာလည်း နာဂတိုးတက်တာကိုလည်း သိအောင် ကျွန်းခေါင်ကျေးရွာက နာဂတွေ စုစည်းပြီး လုပ်တဲ့ပွဲမှာ မပါရင် မကောင်းဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ တက်လာတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရွာဘက်မှာက လမ်းပန်းဆက်သွယ်ရေးက တော်တော်ခက်ခဲပါတယ်။ ကျွန်တော်တို့ရွာကနေ လဟယ်မြို့ကိုရောက်ဖို့ လမ်းမှာတစ်ညအိပ်ပြီးမှ ခြေကျင်လျှောက်ပြီးမှ လာခဲ့ရတာပါ။ လမ်းပန်းဆက်သွယ်ရေးကအစ တော်တော်ခဲယဉ်းပါတယ်။ လိုအပ်တာက လမ်းပန်းဆက်သွယ်ရေးပါ” ဟု ကျွန်းခေါင်ကျေးရွာမှ ဦးတာမောင်းက ဆိုသည်။
နာဂရိုးရာနှစ်သစ်ကူးပွဲတော်တွင် ဌာနဆိုင်ရာ ပြခန်းများ၊ အားကစားပြိုင်ပွဲများနှင့် တေးဂီတဖျော်ဖြေမှုများ ထည့်သွင်းကျင်းပခဲ့သည်ဟု သိရသည်။
နာဂနှစ်သစ်ကူးပွဲတော်သို့ လာရောက်သော အကအဖွဲ့များအနေဖြင့်လည်း အချို့ကျေးရွာများမှ ခြေကျင်ဖြင့် လာရောက်ခဲ့ကြရသည့် ကျေးရွာအများအပြားရှိသည်ဟု သိရသည်။
“ ကျွန်တော်တို့ ကြူယန်းနောက်ညိုကျေးရွာကနေ အကအဖွဲ့ ၅၅ ယောက်ပါ။ မိန်းကလေးသုံးယောက်နဲ့ဆို ၅၈ ယောက်ပါ။ လဟယ်မြို့ကို ရောက်အောင် ခြေကျင်နဲ့ဆိုရင် သုံးရက်လောက် လာရပါတယ်။ ကားကြိုပါတယ်။ ကျွန်တော်တို့ရွာကနေ နည်းနည်းလောက် ခြေကျင်လောက်သွားပြီးမှ လမ်းဆုံမှာ ကားလာကြိုပါတယ်။ ကျေးရွာမှာက အစစအရာရာက လိုအပ်ချက်တွေပါ။ ကျွန်တော်တို့ဒေသ ဝေးလံခေါင်သီတဲ့ဒေသဖြစ်ပြီး နယ်စပ် ကျောက်တိုင် ၁၅၉ ကျောက်တိုင်နဲ့နီးစပ်တဲ့ ရွာပါ။ ကျွန်တော်တို့ကျေးရွာမှာ ပညာရေး၊ သောက်သုံးရေ၊ လမ်းပန်းဆက်သွယ်ရေး အစစအရာရာ လိုအပ်နေတာပါ။ ဆက်သွယ်ရေးဆိုရင်လည်း ဖုန်းလိုင်းမမိပါဘူး။ အကုန်လိုအပ်ချက်တွေ ပြောမယ်ဆိုရင် မကုန်ပါဘူး။ စားဝတ်နေရေးကအစ အလွန်ခက်ခဲတဲ့ နေရာပါ။ ကြူယန်းနောက်ညိုကျေးရွာမှာ တောင်ယာလုပ်ကိုင် စားသောက်ကြတာပါ။ နာဂ နှစ်သစ်ကူးပွဲတော်ကို လာရခြင်းသည် နာဂတိုင်းရင်းသားတွေ တစ်ယောက်နဲ့တစ်ယောက် ကကြတာ၊ တေးသီဆိုကြတာတွေ အမြင်ကျယ်လာအောင် ကျွန်တော်တို့အကတွေ ဒီလိုရှိတယ်ဆိုတာ ပြသချင်လို့ပါ။ ကျွန်တော်တို့ဒေသမှာ လိုအပ်တာတွေကို မီဒီယာကတစ်ဆင့် ပြောချင်တာပါ” ဟု ကြူယန်းနောက်ညိုကျေးရွာအုပ်စု ဥက္ကဋ္ဌ ဦးရှိညိုင်းက ပြောကြားသည်။
“ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်က ကိုယ့်ရဲ့ပွဲတော်ဆိုတော့ နှစ်တိုင်းလာရတာ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ခုန်မှုတွေရှိပါတယ်။ အနုပညာအနေနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေ ပါပါတယ်။ လဟယ်မှာတော့ ဒီညတော့ ဖျော်ဖြေ ဖြစ်မလားမသိဘူး။ ခန္တီးမှာလည်း နှစ် ၃၀ ပြည့်ဆိုတော့ ဖျော်ဖြေဖို့ရှိတယ်။ အမျိုးတွေ ဒီထက်မက ညီမတို့ဒေသ ဖွံ့ဖြိုးတိုးတက်ပြီးတော့ အစစအရာရာ လူတန်းစေ့နေနိုင်ပါစေ။ ညီမတို့ရိုးရာကိုလည်း ထိန်းသိမ်းထားပြီး ကမ္ဘာကသိအောင် ဖော်ထုတ်ပြသနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်” ဟု နာဂတိုင်းရင်းသူ သရုပ်ဆောင် မာရီကိုးလ်က ပြောကြားသည်။
-
ပိုးမွှားကင်းရှင်းကြောင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသဖြင့် မြန်မာနာနတ်သီး တရုတ်သို့ တင်သွင်းခွင့်ပြုမည်
-
မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင် မြန်မာဘက်အခြမ်းသို့ ကုန်ပစ္စည်းများတင်သွင်းခွင့် တရုတ်ဘက်က ခွင့်ပြု
-
မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသည့် ကလေးငယ်များအားပံ့ပိုးကူညီရန် ဒေါ်လာ ၂၀၈ သန်း အရေးပေါ်လိုအပ်နေကြောင်း UNICEF Myanmar ထုတ်ပြန်
-
သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှု ဖြစ်ပွား
-
မြောက်ဥက္ကလာပမြို့နယ်တွင် ကျပ် မူးယစ်ဆေးပြား ၁၃ သိန်းကျော် ဖမ်းဆီးရမိ