Top News

စစ်ကိုင်းပညာရေး ကောလိပ်တွင် ဖဲကြိုးစိမ်း လှုပ်ရှားမှု ပြုလုပ်
24htopnews | October 27, 2024 4:13 AM CST

စစ်ကိုင်းပညာရေးကောလိပ်တွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ အခြေခံပညာကျောင်းများ၏ ကျောင်းဖွင့်ရက်ကာလအား မတ်လကုန်ထိ တိုးမြှင့်သတ်မှတ်ခြင်းအပေါ် ကန့်ကွက်သည့်အနေဖြင့် ဖဲကြိုးစိမ်း လှုပ်ရှားမှုကို ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖဲကြိုးစိမ်း လှုပ်ရှားမှုကို စစ်ကိုင်းပညာရေးကောလိပ် ကျောင်းသားများ သမဂ္ဂမှ ဦးဆောင်၍ ဦးရေ ၅၀ ကျော်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ကျောင်းသားများသမဂ္ဂသည် အခြေခံပညာဆရာ၊ ဆရာမများနှင့် တစ်သားတည်းရှိကြောင်းနှင့် အောက်ခြေဆန္ဒ သဘောထားမပါသော ပညာရေးဝန်ကြီးဌာန၏ လုပ်ရပ်အား ကန့်ကွက်ကြောင်း၊ ပညာရေးကောလိပ် ကျောင်း‌သားကျောင်းသူများအား ကျောင်းသားများသမဂ္ဂမှ ဖဲကြိုးစိမ်းတပ်ဆင်ပေးသည့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း စစ်ကိုင်းပညာရေးကောလိပ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းခန့်ဇော်က ပြောသည်။

''ကျွန်တော်တို့တွေ ဆန္ဒက အခြေခံဆရာ၊ ဆရာမတွေရဲ့ သဘောထားနဲ့ တစ်သားတည်းရှိတယ်။ ပညာရေးဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်က ဆရာ၊ ဆရာမတွေရဲ့ သဘောထားကို လျစ်လျုရှု့တဲ့ ပုံစံဖြစ်နေတယ်။ ဆရာ၊ ဆရာမတွေရဲ့ သဘောထားဆန္ဒမပါဘဲ လုပ်ဆောင်ခြင်းအပေါ် ကန့်ကွက်ရခြင်း ဖြစ်ပါတယ် '' ဟု ၎င်းက ပြောသည်။



ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ အခြေခံပညာကျောင်းများ၏ ကျောင်းဖွင့်ရက်ကာလအား မတ်လကုန်ထိ တိုးမြှင့်သတ်မှတ်ခြင်းအပေါ် ကန့်ကွက်သည့်အနေဖြင့် ဖဲကြိုးစိမ်းလှုပ်ရှားမှုများကို ပညာရေးတက္ကသိုလ်များနှင့် ပညာရေးကောလိပ်များတွင် ဇန်နဝါရီလ ၇ ရက်နေ့က စတင်၍ အဆင့်ဆင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာရေးရှိ ဝန်ထမ်းအဖွဲ့အစည်းများ၊ သမဂ္ဂများ အပါအဝင် ကျောင်းသားသမဂ္ဂများနှင့် ညှိနှိုင်းတိုင်ပင်ပြီး အသစ်ပြန်လည်သတ်မှတ်သည့် အချိန်မှသာ အဆိုပါ ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ရပ်နားသွားမည်ဖြစ်ကြောင်း ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီက ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ထားသည်။

 

 

 

 

 

 


READ NEXT
Cancel OK