Top News

အမေရိကန်နှင့် ဗြိတိန်တပ်ဖွဲ့များက ယီမင်နိုင်ငံမှ ဟူရ်သီသူပုန်များပစ်လွှတ်ခဲ့သည့် ဒရုန်း ၁၈ စင်းနှင့် ဒုံးကျည် သုံးစင်းကို ပစ်ချ 
24htopnews | October 26, 2024 11:12 PM CST

ပင်လယ်နီအတွင်းရှိ နိုင်ငံတကာပင်လယ်ကူး သင်္ဘောလမ်းကြောင်းများဆီ ဦးတည်ဝင်ရောက်လာသည့် ယီမင်နိုင်ငံမှ အီရန်၏ ကျောထောက်နောက်ခံရရှိထားသည့်  ဟူရ်သီသူပုန်များပစ်လွှတ်ခဲ့သည့် ဒရုန်း ၁၈  စင်းနှင့် ဒုံးကျည်သုံးစင်းကို အမေရိကန်နှင့် ဗြိတိန်တပ်ဖွဲ့များက ဇန်နဝါရီ ၉ ရက်က ပစ်ချခဲ့သည်ဟု အမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။

ဟူရ်သီ သူပုန်များအနေဖြင့် ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားသည့်  တိုက်ခိုက်မှုများကို မရပ်တန့်ပါက နောက်ဆက်တွဲအကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဟု အမေရိကန်ဦးဆောင်သည့် မဟာမိတ် ၁၂ နိုင်ငံက သတိပေးခဲ့ပြီးနောက် သီတင်းတစ်ပတ်အကြာတွင် အဆိုပါတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဟူရ်သီအဖွဲ့ကမူ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် စစ်ပွဲဖြစ်ပွားနေသည့် ဟားမာ့စ်အဖွဲ့ကို ထောက်ခံကြောင်းပြသသည့်အနေဖြင့် တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

“အီရန်က ထောက်ပံ့ပေးထားတဲ့ ဟူရ်သီသူပုန်တွေဟာ တစ်ခါသုံး တိုက်ခိုက်ရေး ဒရုန်းတွေ၊ သင်္ဘောဖျက် ခရုစ်ဒုံးကျည်နှစ်စင်းနဲ့ သင်္ဘောဖျက်ပဲထိန်းဒုံးကျည်တစ်စင်းကို ပင်လယ်နီတောင်ပိုင်းကို ပစ်လွှတ်ခဲ့ပါ တယ်” ဟု အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) က အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

အဆိုပါ ဒရုန်းများနှင့် ဒုံးကျည်များကို  အမေရိကန် လေယာဉ်တင်သင်္ဘော USS Dwight D.Eisenhower ပေါ်မှ F/A 18 စစ်လေယာဉ်များ၊ ဗြိတိန်ဖျက်သင်္ဘောတစ်စင်းနှင့် အမေရိကန်ဖျက်သင်္ဘောသုံးစင်းတို့ က ပူးပေါင်းပြီး ကြားဖြတ်ပစ်ချခဲ့ကြောင်း၊ ထိုဖြစ်စဉ်တွင် ဒဏ်ရာရသူ သို့မဟုတ် ထိခိုက်ပျက်စီးမှု မရှိကြောင်း CENTCOMက ပြော ကြားခဲ့သည်။

အမေရိကန်သည် ပင်လယ်နီတွင် ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် ဟူရ်သီအဖွဲ့၏ တိုက်ခိုက်မှုများကို ကာကွယ်ပေးရန် ပြီးခဲ့သည့်လက နိုင်ငံပေါင်းစုံပါဝင်သည့် ရေတပ်အထူးတပ်ဖွဲ့တစ်ဖွဲ့ကို ထူထောင်ခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်ကလည်း အမေရိကန်တပ်ဖွဲကများသည် ယီမင်နိုင်ငံအတွင်းမှ ပစ်လွှတ်ခဲ့သည့် ဒရုန်းတစ်စင်းကို ပစ်ချခဲ့ကြောင်း CENTCOM က ပြောကြားခဲ့သည်။

အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး ဘရက်ကူးပါးကလည်း ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဟူရ်သီတို့သည် မောင်းသူမဲ့ တိုက်ခိုက်ရေး ရေယာဉ်တစ်စင်းကို အသုံးပြုခဲ့ပြီး ယင်းသည် အစ္စရေး-ဟားမာ့စ်စစ်ပွဲအ တွင်း ဟူရ်သီအဖွဲ့၏ ပထမဆုံးအကြိမ် မောင်းသူမဲ့ တိုက်ခိုက်ရေးရေယာဉ် အသုံးပြုမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟူရ်သီအဖွဲ့ကမူ ၎င်းတိုသည် အစ္စရေးနှင့် ဆက်နွှယ်မှုရှိသည့် သင်္ဘောများကို ပစ် မှတ်ထားတိုက်ခိုက်ခြင်းဖြစ်သော်လည်း အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်ရေတပ်၏တပ်မှူး ကူးပါးကမူ အခြားနိုင်ငံများနှင့် ဆက်နွှယ်မှုရှိသည့် သင်္ဘောများပါ တိုက်ခိုက်ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။

ယီမင်နိုင်ငံ၏ နေရာဒေသအများစုကို ထိန်းချုပ်ထားသည့် ဟူရ်သီသူပုန်အဖွဲ့သည် အစ္စရေးကို ဆန့်ကျင်သည့် တော်လှန်ရေး ဝင်ရိုးစွန်းနိုင်ငံများထဲတွင် ပါဝင်သည်။

ဟားမာ့စ်အဖွဲ့သည် အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လူ ၁၁၄၀ ဦးခန့်ကို သတ်ဖြတ်ခဲ့ပြီးနောက်  အစ္စရေးနှင့် ဟားမာ့စ်အကြား စစ်ပွဲစတင်ဖြစ်ပွားခဲ့ခြင် းဖြစ်သည်။

ထိုတိုက်ခိုက်မှုအပြီးတွင် အမေရိကန်က အစ္စရေးကို စစ်ရေးအကူအညီများ အလျင်အမြန်ထောက်ပံ့ပေးခဲ့ပြီး အစ္စရေးကလည်း ဂါဇာကမ်းမြောင်ဒေသကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့သဖြင့် လူပေါင်း ၂၃၂၁၀ ဦးခန့် သေဆုံး ခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

                                            Ref:AFP


READ NEXT
Cancel OK