Top News

တရုတ်၏ ဂြိုဟ်တုလွှတ်တင်မှုကို ရွေးကောက်ပွဲဝင်ရောက်စွက်ဖက်သည့် ကြိုးပမ်းအားထုတ်မှုအဖြစ် မယူဆကြောင်း ထိုင်ဝမ် ပြောကြား
24htopnews | October 26, 2024 11:12 PM CST

တရုတ်၏ ဂြိုဟ်တုလွှတ်တင်မှုကို ဇန်နဝါရီ ၁၃ ရက်တွင်ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲများ မတိုင်မီ ရွေးကောက်ပွဲဝင်ရောက်စွက်ဖက်သည့် ကြိုးပမ်းမှုအဖြစ် မယူဆကြောင်း ထိုင်ဝမ်သမ္မတရုံးက ပြောကြားခဲ့သည်။

ဇန်နဝါရီ ၉ ရက်က တရုတ်၏ သိပ္ပံဂြိုဟ်တုတစ်စင်းကို တင်ဆောင်သွားသည့် ဒုံးပျံတစ်စင်းသည် ထိုင်ဝမ်၏ တောင်ပိုင်း အမြင့်  ၅၀၀ ကီလိုမီတာမှ ဖြတ်သန်းသွားခဲ့ပြီးနောက် ထိုင်ဝမ်အစိုးရသည် လေကြောင်းစီးနင်းမှု တပ်လှန့်နှိုးဆော်ချက်ကို မှားယွင်းထုတ်ပြန်ခဲ့သည်။

နောက်ပိုင်းတွင် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါဂြိုဟ်တုကို ဒုံးကျည်ဆိုသည့် စကားလုံးဖြင့် မှားယွင်းဖော်ပြမိသဖြင့် တောင်းပန်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်သမ္မတရုံးက အဆိုပါ ဂြိုဟ်တုလွှတ်တင်မှုသည် ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်မှုတစ်ခု ဟုတ် မဟုတ်နှင့်ပတ်သက်ပြီး မေးခွန်းများကို တုံ့ပြန်ရာတွင်  ထိုဂြိုဟ်တုလွှတ်တင်မှုကို နိုင်ငံရေးအရ စေ့ဆော်မှုတစ်ခုအဖြစ် ယူဆခဲ့ခြင်းမရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

အမျိုးသားလုံခြုံရေးအဖွဲ့သည် သက်ဆိုင်သည့် သတင်းအချက်အလက်အလုံးစုံကို လေ့လာသုံးသပ်ခဲ့ပြီး နိုင်ငံတကာမဟာမိတ်များ၏ များပြားသည့် သတင်းအချက်အလက်များကို အကဲဖြတ်ချင့်တွက်ခဲ့ပြီးနောက် ထို ဂြိုဟ်တုလွှတ်တင်မှုသည် နိုင်ငံရေးကြိုးပမ်းမှုတစ်ခုမဖြစ်နိုင်ကြောင်း ကောက်ချက်ချခဲ့သည်ဟု ထိုင်ဝမ်သမ္မတရုံးက ဇန်နဝါရီ ၉ ရက် ညသန်းခေါင်မတိုင်မီ အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာပါက အင်အားသုံးသိမ်းယူသွားမည်ဟု ပြောကြားခဲ့ကာ ထိုင်ဝမ်ကလည်း တရုတ်သည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် အခြားနည်းလမ်းများဖြင့် ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းနေကြောင်း ထပ် တလဲလဲ စွပ်စွဲခဲ့သည်။

တရုတ်ကမူ ထိုင်ဝမ်၏ အဆိုပါစွပ်စွဲချက်များသည် ညစ်ပတ်သည့် လှည့်ကွက်များ ဖြစ်သည်ဟု တံဆိပ်ကပ်ခဲ့သည်။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက တရုတ်သည် ဂြိုဟ်တုတစ်စင်းလွှတ်တင်ခဲ့သည်ဟု ပြည်ပသတင်းထောက်များကို တယ်လီဖုန်းမှတစ်ဆင့် တရုတ်ဘာသာဖြင့်ပြောကြားခဲ့ပြီး အင်္ဂလိပ်ဘာသာဖြင့် ပြောကြားရာတွင် ဒုံးကျည်ဆိုသည့် စကားလုံးကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဂြိုဟ်တုလွှတ်တင်မှုသည် မကြာသေးမီက ထိုင်ဝမ်ကျွန်းပေါ်တွင် တရုတ်မိုးပျံပူဖောင်းများ တွေ့ရှိခဲ့ရသည့် ဖြစ်စဉ်များကဲ့သို့ တရုတ်၏ နှောင့်ယှက်မှုပုံစံတစ်မျိုးဖြစ်သည်ဟု ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

ထိုင်ဝမ်၏ အကြီးဆုံးအတိုက်အခံပါတီဖြစ်သည့် ကူမင်တန်ပါတီကမူ တရုတ်၏ ဂြိုဟ်တုလွှတ်တင်မှုနှင့် ပတ်သက်ပြီး လေကြောင်းစီးနင်းခံရမှု တပ်လှန့်နှိုးဆော်ချက် ထုတ်ပြန်ခဲ့သည့် အစိုးရကို ဝေဖန်ခဲ့ပြီး ထို ဂြိုဟ်တုလွှတ်တင်မှုသည် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အသုံးချခံဖြစ်စဉ်တစ်ခု မဖြစ်သင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်၏ ဂြိုဟ်တုလွှတ်တင်မှုမတိုင်မီ နာရီပိုင်းအလိုက ထိုင်ဝမ်အာဏာရပါတီ၏ သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း လိုင်ချင်တယ်က ၎င်းရွေးကောက်ခံရမည်ဆိုလျှင် ရှိရင်းစွဲအခြေအနေကို ဆက် လက်ထိန်းသိမ်းကာ တန်းတူညီမျှမှုနှင့် ဂုဏ်သိက္ခာတို့ကို အခြေခံ၍ တရုတ်နှင့် ထိတွေ့ဆက်ဆံမှုများအတွက် လမ်းဖွင့်ထားဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်အာဏာရ ဒီမိုကရက်တစ်တိုးတက်ပြောင်းလဲရေးပါတီ (DPP) သမ္မတလောင်းနှင့် လက်ရှိဒုသမ္မတဖြစ်သူ လိုင်ချင်တယ်သည် ခွဲထွက်ရေးသမားဖြစ်သည်ဟု တရုတ်က ရှုတ်ချပြောဆိုထားပြီး ထိုင်ဝမ်၏ တရားဝင်လွတ်လပ်ရေးအတွက် တွန်းအားပေးလုပ်ဆောင်ရန် ကြိုးပမ်းမှုမှန်သမျှသည် ထိပ်တိုက်ပဋိပက္ခဆီသို့ ဦးတည်စေမည်ဖြစ်ကြောင်း တရုတ်က သတိပေးထားသည်။

                                   Ref:Reuters


READ NEXT
Cancel OK