Top News

အိန္ဒိယတွင် ဆိုင်ကလုန်းမုန်တိုင်းဒါနာ တိုက်ခတ်မှုကြောင့် သစ်ပင်များနှင့် ဓာတ်တိုင်များလဲကျ
24htopnews | October 26, 2024 10:12 PM CST

အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းတွင် ဆိုင်ကလုန်းမုန်တိုင်း ဒါနာဝင်ရောက် တိုက်ခတ်ပြီးနောက် သစ်ပင်များနှင့်ဓာတ်တိုင်များလဲကျခဲ့ပြီး အောက်တိုဘာ ၂၅ ရက်တွင် ပိုမိုပြင်းထန်သည့် မိုးလေဝသအခြေအနေနှင့် ကြုံတွေ့ရနိုင်ခြေရှိကြောင်း တာဝန်ရှိသူများက သတိပေးထားသည်။

မြောက်အတ္တလန္တိတ်မှ ဟာရီကိန်းများ သို့မဟုတ် အနောက်မြောက်ပစိဖိတ်မှ တိုင်ဖွန်းများနှင့် ပြင်းအားညီမျှသော ဆိုင်ကလုန်း မုန်တိုင်းများသည် အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းသို့ ပုံမှန်ဝင်ရောက် တိုက်ခတ်လေ့ရှိသည်။

အိုဒီရှာနှင့် အနောက်ဘန်ဂေါပြည်နယ်များတွင် ဆိုက်ကလုန်းသည် ကမ်းရိုးတန်းသို့ မဝင်ရောက်မီ လူပေါင်း ၁ ဒသမ ၁ သန်းထက်မနည်း မုန်တိုင်းကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့ပေးခဲ့ကြသည်။

မုန်တိုင်းသည် ပူရီကမ်းရိုးတန်းမြို့တစ်လျှောက် အပျက်အစီးအများအပြားကို ဖြစ်ပေါ်စေခဲ့ကြောင်း ခရိုင်တာဝန်ရှိသူ ဆစ်ထား ဆွာအင်းက အေအက်ဖ်ပီသတင်းကို ပြောပြခဲ့သည်။

“သစ်ပင်တွေနဲ့ ဓာတ်တိုင်တွေ အမြစ်ကနေ လဲကျခဲ့ပါတယ်။ ကမ်းခြေတစ်လျှောက်ရှိ ယာယီစျေးဆိုင်တွေ အကုန်လုံး တစ်စဆီ လွှင့်ထွက်ကုန်ပါတယ်”ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။ သေဆုံးသူမရှိဟု သတင်းများ တွင် ဖော်ပြထားသည်။

ဒါနာကြောင့် ပင်လယ်ရေမျက်နှာပြင် အဆင့်သည်  ၁ ဒသမ ၁၅ မီတာ (၃ ဒသမ ၇၅ ပေ)အထိ မြင့်တက်ခဲ့ပြီးနောက် ကမ်းရိုးတန်း၏ နေရာအများအပြားတွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။

ကုန်းတွင်းပိုင်းတွင် မုန်တိုင်းကြောင့် လေတိုက်နှုန်းသည် တစ်နာရီလျှင် ၁၂၀ ကီလိုမီတာအထိ အားပြင်းကြောင်း ကိုးလ်ကတ္တားအခြေစိုက် မိုးလေဝသဗျူရိုမှ မိုးလေဝသပညာရှင် ဆိုမီနတ်ဒွတ်တာက အေအက်ဖ်ပီသတင်းကို ပြောပြခဲ့သည်။

ကမ္ဘာ့အကြီးဆုံး လမုတောဖြစ်သည့် ဆန်ဒါဘန်စ်တွင် လေတိုက်နှုန်း ပြင်းထန်မှုကြောင့် အပင်ပေါင်းရာချီ အမြစ်မှ လဲကျခဲ့ကြောင်း အနောက်ဘန်ဂေါပြည်နယ် ဝန်ကြီးဘန်ကင် ချန်ဒရာဟက်ဇ်ရာက ဆိုသည်။

“ဆိုင်ကလုန်းကြောင့် ကမ်းရိုးတန်းဒေသတွေမှာ နေအိမ်ပေါင်း ရာချီပျက်စီးခဲ့ပြီး အမိုးတွေ လန်ကုန်ပါတယ်”ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

အိန္ဒိယ၏ တတိယအကြီးဆုံး မြို့ဖြစ်ပြီး အဓိကခရီးသွားလာရေး အချက်အချာမြို့ဖြစ်သည့် ကိုးလ်ကတ္တားမြို့တွင်  မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် အောက်တိုဘာ  ၂၄ ရက် ညအချိန်ကတည်းက အဓိကလေဆိပ်များကို ပိတ်ထားခဲ့ရသည်။

ကျောက်ဖြစ်ရုပ်ကြွင်းများကို မီးရှို့မှုကြောင့် ပြောင်းလဲလာသော ရာသီဥတုအခြေအနေကြောင့် ကမ္ဘာကြီးသည် ပိုမိုပူနွေးလာပြီး မုန်တိုင်းများသည် ပိုမိုအင်အားပြင်းလာကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။

ပိုမိုပူနွေးသော သမုဒ္ဒရာမျက်နှာပြင်များသည် ရေငွေ့များကို ပိုမိုထုတ်လွှင့်ပြီး ယင်းသည် မုန်တိုင်းများအတွက် နောက်ထပ်စွမ်းအင်ကို ထောက်ပံ့ပေးကာ လေတိုက်နှုန်းကို ပိုမိုအင်အား ပြင်းထန်လာစေသည်။

ပူနွေးသည့် လေထုသည် မုန်တိုင်းများအား ရေများကို ပိုမိုထိန်းသိမ်း ခွင့်ပြုထားသောကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကို ပိုမိုမြှင့်တင်ပေးသည်။

သို့သော် ပိုမိုကောင်းမွန်သော မိုးလေဝသခန့်မှန်းမှုနှင့် ထိရောက်မှုရှိသော ဘေးကင်းရာ ရွှေ့ပြောင်းပေးသည့် အစီအစဉ်များသည် သေဆုံးမှုနှုန်းကို သိသိသာသာ လျှော့ချပေးနိုင်သည်။

မေလက ဆိုင်ကလုန်းရီမယ် တိုက်ခတ်မှုကြောင့် အိန္ဒိယတွင် သေဆုံးသူ ၄၈ ဦးထက် မနည်းရှိကာ ဘင်္ဂလားဒေ့ရှ်တွင် ၁၇ ဦးထက်မနည်း သေဆုံးကြောင်း အစိုးရထုတ်ပြန်ချက်များအရ သိရသည်။

Ref:AFP

                                                            


READ NEXT
Cancel OK