Top News

ထိုင်ဝမ်၏ ကင်မန်ကျွန်းစုအနီးရေပြင်ထဲသို့ တရုတ်ကမ်းခြေစောင့်တပ်သင်္ဘောငါးစင်း ဝင်ရောက်ခဲ့ဟု ထိုင်ဝမ် ပြောကြား
24htopnews | October 26, 2024 9:12 PM CST

တရုတ်ကမ်းခြေစောင့်တပ်သင်္ဘော ငါးစင်းသည် ဖေဖော်ဝါရီ ၂၆ ရက်က ထိုင်ဝမ်၏ ကင်မန်ကျွန်းစုတစ်ဝိုက်ရှိ တားမြစ်ထားသော ရေပိုင်နက်ထဲသို့ ဝင်ရောက်ခဲ့ကြောင်းနှင့် ထိုင်ဝမ်ဘက်က သတိပေးပြီးနောက် ချက် ချင်းပြန်ထွက်ခွာသွားကြောင်း ထိုင်ဝမ်အစိုးရတာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နှင့် ထိုင်ဝမ်အကြား တင်းမာမှုများ ဆက်တိုက်မြင့်တက်နေစဉ် ယင်းကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တားမြစ်ထားသည့် ရေပိုင်နက်ထဲသို့ဝင်လာသည့် တရုတ်ငါးဖမ်းသင်္ဘောတစ်စင်းကို ထိုင်ဝမ်ကမ်းခြေစောင့်တပ်က လိုက်လံဖမ်းဆီးခဲ့ရာတွင် တရုတ်ငါးဖမ်းသမားနှစ်ဦး ရေနစ်သေဆုံးခဲ့ပြီးနောက် ထိုင်ဝမ်ကျွန်းအနီး ရေပိုင်နက်အတွင်း ကင်းလှည့်လည်မှုများ တိုးမြှင့်လုပ်ဆောင်မည်ဟု တရုတ်က ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့ပြီး ယခုလထဲတွင် ထိုင်ဝမ်က ထိန်းချုပ်ထားသည့် ကင်မန်ကျွန်းစုတစ်ဝိုက်တွင် တရုတ်ကမ်းခြေစောင့် တပ်က ပုံမှန်ကင်းလှည့်မှုများ လုပ်ဆောင်ခဲ့သည်။

ထိုင်ဝမ်ကမ်းခြေစောင့်တပ်က တရုတ်သင်္ဘောများကို ပြန်လည်ထွက်ခွာရန် သတိပေးပြီးနောက် ၎င်းသင်္ဘောများသည် ထိုနေရာမှ ချက်ချင်းထွက်ခွာသွားသည်ဟု ထိုင်ဝမ်ကမ်းခြေစောင့်တပ်ကို ကြီးကြပ်ရသည့် ပင်လယ်သမုဒ္ဒရာရေးရာကောင်စီအကြီးအကဲ ခွမ်ပိလင်က သတင်းထောက်များကို ပြော ကြားခဲ့သည်။

“နိုင်ငံရေးအရ အရေးပါမှုကြီးမားတဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထုတ်ဖော် ကြေညာတဲ့ပုံစံတစ်မျိုးဖြစ်တယ်”ဟု ၎င်းက ထပ်မံပြောကြားသည်။

တရုတ်၏ ထိုင်ဝမ်ရေးရာဌာနကမူ ဖေဖော်ဝါရီ ၂၈ ရက်တွင်ပြုလုပ်မည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ယင်းနှင့်ပတ်သက်၍ မှတ်ချက်ပြုပြောဆိုမည်ဟု သိရသည်။

ထိုင်ဝမ်သည် ၎င်းတို့၏ ပိုင်နက်နယ်မြေဖြစ်သည်ဟု တရုတ်ကအခိုင်အမာပြောဆိုထားပြီး လိုအပ်လာပါက တစ်ချိန်ချိန်တွင် အင်အားသုံး၍ ပြန်လည်ပေါင်းစည်းသွားမည်ဟု ထပ်တလဲလဲ ပြောဆိုထားသည်။

ဇန်နဝါရီ ၁၃ ရက်ကပြုလုပ်သည့် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲတွင် လက်ရှိဒုသမ္မတလိုင်ချင်းတယ် အနိုင်ရခဲ့ပြီးနောက် တရုတ်က ထိုင်ဝမ်အပေါ်တိုးမြှင့်ဖိအားပေးရန် ကြိုးပမ်းမှုများကို ထိုုင်ဝမ်ဘက်က သတိဖြင့် စောင့်ကြည့်နေသည်။

ထိုင်ဝမ်အာဏာရ ဒီမိုကရက်တစ်တိုး တက်ပြောင်းလဲရေးပါတီ(DPP)မှ ရွေးကောက်ခံသမ္မတ လိုင်ချင်းတယ်သည် အန္တရာယ်ရှိသော ခွဲထွက်ရေးသမားဖြစ်သည်ဟု တရုတ်က ရှုတ်ချပြောဆိုထားပြီး ထိုင်ဝမ်၏ တရားဝင်လွတ်လပ်ရေးအတွက် တွန်းအားပေးလုပ်ဆောင်ရန် ကြိုးပမ်းမှုမှန်သမျှသည် ထိပ်တိုက်ပဋိပက္ခဆီသို့ ဦးတည်စေမည်ဖြစ်ကြောင်း သတိပေးထားသည်။

စစ်အေးတိုက်ပွဲ အရှိန်အမြင့်ဆုံး ကာလက မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့သည့် ကင်မန်ကျွန်းစုတွင် ထိုင်ဝမ်က မြို့စောင့်တပ်အများအပြားထားရှိသော်လည်း ထိုင်ဝမ်ကမ်းခြေ စောင့်တပ်သည် ၎င်း၏ရေပိုင်နက်အတွင်း ကင်းလှည့်မှုများ လုပ်ဆောင်လျက်ရှိသည်။

ထိုင်ဝမ်အနေဖြင့် တရုတ်နှင့်နီးကပ်နေသည့် ကျွန်းများပေါ်တွင် ဖြန့်ကြက်ထားသော တပ်ဖွဲ့ဝင်အင်အားကို တိုးမြှင့်မည်မဟုတ်ဟု ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနကပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ချူးကော်ချန်ကလည်း ကင်မန်ကျွန်းစုတစ်ဝိုက်တွင်ဖြစ်ပွားနေသည့် အခြေအနေများ အရှိန်မြင့်တက်မလာဘဲ ချောချောမွေ့မွေ့ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်း ပါလီမန်တွင် ပြောကြားခဲ့သည်။ တိုက်ပွဲအခြေအနေ တစ်စုံတစ်ရာ ဖြစ်ပွားမည်ကို မိမိတို့အနေဖြင့် မကြုံ တွေ့လိုကြောင်းလည်း ၎င်းက ဆိုသည်။

၁၉၄၉ ခုနှစ်ကတည်းက ထိုင်ဝမ်၏ထိန်းချုပ်မှုအောက်တွင်ရှိခဲ့သည့် ကင်မန်ကျွန်းစုသည် တရုတ်၏ ရှာမန်၊ ချွမ်ကျိုးမြို့တို့အနီးတွင် တည်ရှိသည်။  

Ref: Reuters

         


READ NEXT
Cancel OK