စတင်တည်ဆောက်စဉ်အချိန်ကတည်းက အရည်အသွေးမပြည့်မီကြောင်း စစ်ဆေးတွေ့ရှိရသည့် ညောင်တုန်းမြို့နယ် ခုတင် ၁၀၀ ဆံ့ဆေးရုံကြီး သုံးထပ်တိုးချဲ့ဆောင် အဆောက်အအုံကိုဖြိုဖျက်၍ အသစ်ပြန်လည်တည်ဆောက်ရန် တိုင်းဒေသကြီးအစိုးရ အဖွဲ့က ဆုံးဖြတ်ခဲ့ပြီး မြို့ခံပြည်သူများတောင်း ဆိုမှုများရှိခဲ့သည့် နေရာသစ်တွင် ပြောင်းလဲတည်ဆောက်ပေးရေးအတွက်မူ လုပ်ဆောင်ပေးရန် ခက်ခဲမှုများရှိနေကြောင်း သတင်းရရှိသည်။
ညောင်တုန်းမြို့ ခုတင ်၁၀၀ ဆံ့ဆေးရုံကြီးကို တော်ဝင်အောင်မြေကုမ္ပဏီမှ တင်ဒါရရှိခဲ့ပြီး စတင်တည်ဆောက်စဉ်ကတည်းက လိုအပ်မှုများရှိနေသောကြောင့် လိုအပ်ချက်များကို ပြုပြင်ဆောင်ရွက်ရန် ညွှန်ကြားမှုများ ရှိခဲ့ကြောင်း၊ ယင်းနောက် တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်းရှိ အလုပ်သမားများက ဆေးရုံတည်ဆောက်ရာတွင် အရည်အသွေး မပြည့်မီသည့် အချက်များအား ထုတ်ဖော်ခဲ့ပြီးနောက် အဆင့်ဆင့်စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် တည်ဆောက်ဆဲ အဆောက်အအုံမှာ အသုံးပြုရန်မသင့်သည့် အဆောက်အအုံတစ်ခုဖြစ်ပြီး အသစ်ပြန်လည်တည်ဆောက်သင့်သည့် အဆောက်အအုံအဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ဆေးရုံအဆောက်အအုံအသစ်ကို အသစ်ပြန်လည်တည်ဆောက်ပေးရန် ညောင်တုန်းမြို့ဒေသခံများကလည်း အစိုးရအဖွဲ့ထံ လက်မှတ်ရေးထိုးတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြပြီး ဆေးရုံကြီးကိုယခု လက်ရှိတည်ဆောက်ထားသည့်နေရာမှာ စျေးဖြင့် နီးနေခြင်း၊ လမ်းမဘေးတွင် ကပ်လျက်ရှိနေခြင်း၊ မြစ်ကမ်းပါးပြိုကျမှုကို စိုးရိမ်ရခြင်းများကြောင့် မြေနေရာပြောင်းရွှေ့တည်ဆောက်ပေးရန် တောင်းဆိုမှုကိုမူ တိုင်းဒေသကြီး အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်မှာ ခက်ခဲနေကြောင်း သိရသည်။
“ကျွန်မတို့အစိုးရအဖွဲ့အနေနဲ့ကလည်း အစိုးရအဖွဲ့အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချပြီး ဖြစ်ပါတယ်။ ညောင်တုန်းဆေးရုံကြီး ကိစ္စနဲ့ပတ်သက်ပြီးတော့ အရည်အသွေးမမီတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ စစ်ဆေးတွေ့ရှိချက်များ တင်ပြချက်များအရ တကယ်ကို အရည်အသွေးမမီကြောင်းကို တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့က ဒီဟာကို အသစ်ပြန်ပြီးတော့ လက်ရှိအဆောက်အအုံကို ဖျက်ပြီးတော့ အသစ်ပြန်လည်ဆောက်ဖို့ ကိစ္စကို ကျွန်မတို့ အစိုးရအဖွဲ့ကနေပြီးတော့ ဆုံးဖြတ်ချက်ချပါတယ်။ ဒီဆုံးဖြတ်ချက်ကို ပြည်ထောင်စု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို တင်ပြထားပြီး ဖြစ်ပါတယ်။ ဆေးရုံကို နေရာပြောင်းဆောက်ဖို့ကတော့ ကျွန်မတို့အခုဆောက်ပေးတာက တိုးချဲ့လူနာဆောင်ဖြစ်ပါတယ်။ ပင်မဆေးရုံကြီးနဲ့ သိပ်ဝေးလို့ ကျွန်မတို့အတွက် အဆင်မပြေပါဘူး။ ဝန်ထမ်းတွေအတွက်ရော၊ လူနာတွေအတွက်ရော အဆင်မပြေတဲ့အတွက်ကြောင့်မို့ စဉ်းစားမယ်ဆိုရင်တော့ စဉ်းစားလို့ကောင်းတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ထောက်ပြချက်တွေဟာလည်း မှန်တဲ့အချက်လို့ ကျွန်မကယူဆပါတယ်။ အရည်အသွေးမမီတဲ့ ကုုမ္ပဏီကိုလည်း ကျွန်မတို့ နာမည်ပျက်သွင်းဖို့ တင်ပြထားပါတယ်။ ကုမ္ပဏီကနောက် ဆက်တွဲသွားမယ့် အစီအစဉ်ပေါ်မူတည်ပြီးတော့ ကျွန်မတို့စီစဉ်မှာဖြစ်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောကြားသည်။
ဆေးရုံနေရာ ပြောင်းရွှေ့ဆောက်လုပ်ပေးရေးနှင့် ပတ်သက်၍ ညောင်တုန်းမြို့ခံတစ်ဦးဖြစ်သူ ကိုညိုထွန်းကလည်း “အစ်ကိုတို့ တောင်းဆိုတာကတော့ ဆေးရုံက နောက်တစ်နေရာမှာ နောက်အသစ်တစ်ခု ဆောက်စေချင်တယ်ပေါ့။ ဘာကြောင့်လဲဆိုတော့ သူက ကမ်းခြေနဲ့ ပေ ၃၀၀ လောက်ပဲဝေးတယ်။ နောက်အစ်ကိုတို့ ဒီကမ်းပါးကလည်း နှစ်တိုင်းလိုလို ပြဿနာရှိနေတဲ့အတွက် ဒါက နောင်တစ်ချိန်ကျရင် ပြဿနာဖြစ်လာမယ့်အတွက်ဖြစ်တယ်။ ဒီနေရာကိုကျွန်တော်တို့ မလိုချင်ဘူး။ နောက်တစ်ခုက ဆေးရုံက အကျယ်အဝန်း ကျဉ်းမြောင်းနေတယ်။ အနည်းဆုံး ဆေးရုံက ခုတင် ၁၀၀ ဆေးရုံဖြစ်နေတဲ့ အတွက် လိုအပ်တဲ့ အကျယ်အဝန်းလိုတယ်။ နောက်တစ်ခုက ကူးစက်ရောဂါ ကူးစက်ရောဂါ ဆိုတာက အရှေ့မှာက ဆေးရုံဘေးမှာက အထက်တန်းကျောင်းဖြစ်တဲ့အတွက် ဒီဟာ ကတကယ်လို့များ ကူးစက်ရောဂါတွေဖြစ်လာခဲ့ရင် ဒီဟာက ထိန်းချုပ်ရခက်မယ်လို့ ထင်တယ်။ ဒါကြောင့် ဒီနေရာမှာ မရှိစေချင်ဘူး။ အဓိကတော့ ဒီလိုပုံမျိုး တောင်းဆိုထားတာပါ။ လောလောဆယ်တော့ အစိုးရအဖွဲ့ကို ဒေသခံတွေရဲ့ လက်မှတ်ပေါင်း ၁၀၀၀ ကျော် ကို ကောက်ယူပြီးတော့ ပို့ထားတယ်”ဟု ပြောကြားသည်။
-
အာဖရိကအကောင်းဆုံးဘောလုံးသမားဆုပေးပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၆ တွင် မော်ရိုကိုနိုင်ငံ၌ ကျင်းပမည်
-
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရွေးကောက်ပွဲကို နာမည်ကြီးတိုက်စစ်မှူးဟောင်း ရော်နယ်လ်ဒို ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်
-
ဆော်ဒီပရိုလိဂ်တွင် မပျော်ရွှင်သဖြင့် အသင်းပြန်ပြောင်းရန် နေမာ ကြိုးစားနေသည်ဆိုခြင်းကို အေးဂျင့်ဖြစ်သူ ငြင်းဆန်ပယ်ချ
-
ရုရှားလက်ရွေးစင်အသင်းနှင့် ကလပ်အသင်းများကို ဆက်လက်ပိတ်ပင်ထားရန် FIFA နှင့် UEFA တို့ဆုံးဖြတ်ခဲ့ခြင်းကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ရုရှားမပါဝင်
-
မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်လေးရပ်ကွက် အထပ်မြင့်တိုက် လှေကားခွင်တွင် ကိုယ်ဝန်ဆောင် မိန်းကလေးကို သတ်ခဲ့သူအား နေ့တွင်းချင်း ဖမ်းဆီးရမိ