Top News

တရုတ်တွင် ဗိုင်းရပ်စ် ထပ်မံကူးစက်မှုနှုန်း ကျဆင်း၊ တရုတ်ပြင်ပ၌ သေဆုံးသူ ၁၁ ဦးအထိ ရှိလာ
24htopnews | October 26, 2024 3:12 AM CST

တရုတ်နိုင်ငံက ၎င်းတို့အနေဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ပြီဟူသော လက္ခဏာအဖြစ် ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်မှုနှုန်း အကြီးအကျယ် ကျဆင်းသွားပြီဟု ဖေဖော်ဝါရီ ၂၀ ရက်တွင် အမွှမ်းတင်ပြော ကြားခဲ့သော်လည်း ရောဂါခြေချုပ်အဖြစ် သီးသန့်ခွဲထားခဲ့သော သင်္ဘောပေါ်မှ ခရီးသည်ဖြစ်ခဲ့သူနှစ်ဦး ဂျပန်နိုင်ငံ၌ သေဆုံးခဲ့ပြီး တောင်ကိုရီးယားတွင်လည်း သေဆုံးသူ ရှိခဲ့မှုကြောင့် စိုးရိမ်မှုများ ထွက်ပေါ်ခဲ့သည်။

ဖေဖော်ဝါရီ ၂၀ တွင် တရုတ်၌ လူ ၁၁၄ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူစုစုပေါင်း ၂၁၁၈ ဦး ရှိလာခဲ့သည်။ သို့သော် ကူးစက်မှု အပြင်းထန်ဆုံးဖြစ်ပွားခဲ့သော ဟူပေပြည်နယ်အပါအဝင် နေရာများတွင် တစ်လနီးပါးအတွင်း ကူးစက်မှုသစ်ဖြစ်ပွားမှု အနိမ့်ဆုံးသို့ ကျဆင်းခဲ့ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။ တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်မှု ၇၄၀၀၀ ကျော်နှင့် အခြားနိုင်ငံ ၂၅ နိုင်ငံကျော်တွင် ကူးစက်မှု ရာနှင့်ချီ ရှိနေသည်။

ဟူပေပြည်နယ်မြို့တော် ဝူဟန်တွင် ဖေဖော်ဝါရီ ၂၀ ၌ ကူးစက်မှုသစ် ၆၀၀ ကျော် ရှိခဲ့ရာ ဇန်နဝါရီနှောင်းပိုင်း နေ့စဉ်ပမာဏတွင် အနည်းဆုံးနှင့် ယင်းနေ့မတိုင်မီ ကူးစက်မှုသစ် ၁၇၄၉ မှုမှ အလွန်အမင်း ကျဆင်းမှု ဖြစ်ခဲ့သည်။ နိုင်ငံလုံးဆိုင်ရာ ကူးစက်မှုနှုန်းသည် သုံးရက်ဆက်တိုက် ကျဆင်းမှုလည်း ဖြစ်ခဲ့သည်။

ဇန်နဝါရီ ၂၃ တွင် ရောဂါခြေချုပ်ဖြင့် စတင်နေထိုင်ခဲ့ရသော လူဦးရေ ၁၁ သန်းရှိ ဝူဟန်မြို့၌ အာဏာပိုင်များက ယခုသီတင်းပတ်အတွင်း သံသယဖြစ်ဖွယ် လူနာများအား တစ်အိမ်ဝင်တစ်အိမ်ထွက် ရှာဖွေမှုကို သုံးရက်ကြာ ဆောင်ရွက်ခဲ့ကြသည်။ ကူးစက်မှုများအား ရှာဖွေမှုတွင် မည်သည့်ကျန်ရစ်မှုအတွက်မဆို တာဝန်ရှိသူများ တာဝန်ခံကြရမည်ဖြစ်ကြောင်း ဒေသဆိုင်ရာ ကွန်မြူနစ်ပါတီခေါင်းဆောင်က သတိပေးခဲ့သည်။

တရုတ်ပြင်ပတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်သည် ၁၁ ဦးအထိ မြင့်တက်လာသည်။

ရောဂါခြေချုပ်ဖြင့် ထားရှိခဲ့သော အပျော်စီးသင်္ဘော Diamond Princess တွင် လိုက်ပါခဲ့သည့် အသက် ၈၀ ရှိ အမျိုးသားနှင့် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့သောကြောင့် ဂျပန်တွင် သေဆုံးသူသုံးဦးအထိ ရှိလာခဲ့သည်။ ယင်းအတွက်ကြောင့် ကူးစက်မှု မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ထိုသင်္ဘောမှ ဆင်းသွားခဲ့သည့် အခြားခရီးသွားများနှင့်ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

တရုတ်ရှိ ဝူဟန်ပြီးလျှင် ကူးစက်မှုအများဆုံးဖြစ်နေသော ယိုကိုဟားမားတွင် ဆိုက်ကပ်ထားသည့် ထိုသင်္ဘော၌ လိုက်ပါလာသည့် ခရီးသည်နှင့် ဝန်ထမ်းများအကြား ဗိုင်းရပ်စ်ကူးစက်ကြောင်း အတည်ပြုထားမှု ၆၂၁ မှုအထိ ရှိခဲ့ကာ သင်္ဘောပေါ်လိုက်ပါလာသူအားလုံး၏ ခြောက်ပုံတစ်ပုံပမာဏ ဖြစ်သည်။

COVID-19 ဟု အမည်ပေးထားသော ထိုဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအား ကိုင်တွယ်ဖြေရှင်းမှုတွင် တိုးတက်မှုရှိခဲ့ကြောင်း တရုတ်က ထုတ်ပြန်ခဲ့သော်လည်း ဂျပန်တွင် အပျော်စီးသင်္ဘော၌ တုံ့ပြန်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဂျပန်အစိုးရသည် ဝေဖန်ခံနေရသည်။

တောင်ကိုရီးယားတွင်လည်း ဗိုင်းရပ်စ်ကြောင့် ပထမဆုံးသေဆုံးမှုဖြစ်ပွားခဲ့ပြီး ကူးစက်မှုသည်လည်း ၁၀၄ ဦးအထိ နှစ်ဆနီးပါး မြင့်တက်ခဲ့သည်။

အီရန်တွင်လည်း ဗိုင်းရပ်စ်ကြောင့် နှစ်ဦးသေဆုံးခဲ့ကြောင်း ဖေဖော်ဝါရီ ၁၉ ၌ ထုတ်ပြန်ခဲ့ရာ အရှေ့အလယ်ပိုင်းတွင် ပထမဆုံးသေဆုံးမှုဖြစ်လာခဲ့သည်။ ဟောင်ကောင်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်နှင့် ပြင်သစ်တို့တွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးမှု ရှိခဲ့သည်။

 

 


READ NEXT
Cancel OK