Top News

ဆီးရီးယားအရေးတွင် ဝင်ရောက်စွက်ဖက်နေခြင်းမှ ရှောင်ကြဉ်ရန် ရုရှားက တူရကီကို သတိပေး
24htopnews | October 26, 2024 3:12 AM CST

ဆီးရီးယားအနောက်မြောက်ပိုင်း အိုင်ဒလစ်ပြည်နယ်၌ ဆီးရီးယားအစိုးရတပ်ဖွဲ့၏ အညှာအတာမဲ့စစ်ဆင်ရေး အဆုံးသတ်စေမည့် ကုလသမဂ္ဂ၏ကြိုးပမ်းမှုကို ပိတ်ပင်တားဆီးနေသော ရုရှားက တူရကီအား ဆီးရီးယားအရေးတွင် ဝင်ရောက်စွက်ဖက်နေခြင်းမှ ရှောင်ကြဉ်ရန် ဖေဖော်ဝါရီ ၁၉ ရက်တွင် သတိပေးခဲ့သည်။

အိုင်ဒလစ်ပြည်နယ်တွင် အစိုးရတပ်ဖွဲ့၏ ထိုးစစ်ဆင်မှုကြောင့် ထွက်ပြေးကြရသော လူတစ်သန်းနီးပါးကို နိုင်ငံတကာမှ အကူအညီပေးအပ်ရန်နှင့် ယင်းဒေသ၌ အပစ်အခတ်ရပ်စဲကြရန် ဆီးရီးယားပရဟိတအဖွဲ့များက အင်တိုက်အားတိုက်တောင်းဆိုခဲ့ကြသည်။

အိုင်ဒလစ်ရှိ သူပုန်အဖွဲ့အချို့ကို ထောက်ပံ့နေသော တူရကီသည် ဆီးရီးယားအစိုးရကို ကျောထောက်နောက်ခံပေးထားသော ရုရှားနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန် တွန်းအားပေးလုပ် ဆောင်နေသည်။ တူရကီသည် ဆီးရီးယား ဒုက္ခသည် ၃.၇ သန်းကို လက်ခံထားပြီးဖြစ်ကာ ၎င်း၏နယ်နိမိတ်အတွင်းသို့ ဒုက္ခသည်များ နောက်ထပ်ရောက်ရှိလာခြင်းမရှိစေရန် အပြင်းအထန်ကြိုးပမ်းလျက်ရှိသည်။

ဘေးကင်းလုံခြုံမှုကို ရှာဖွေရန် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြသော ဆီးရီးယားနိုင်ငံသားများသည် ပြင်းထန်သော ရာသီဥတုအခြေအနေနှင့် အခြေခံလိုအပ်ချက်များ မရရှိခြင်းတို့ကြောင့် အသက်ဆုံးရှုံးရန်သာရှိတော့ကြောင်း၊ နေရပ်စွန့်ခွာသူ စုစုပေါင်း ၃၃၆ သန်းသည် အခြေခံစားနပ်ရိက္ခာ၊ ရေနှင့် ခိုလှုံရာနေရာတို့ လိုအပ်နေကြပြီး နေရပ်စွန့်ခွာသူ ကျောင်းနေအရွယ်ကလေးငယ် သန်း ၂၈၀ သည် ပညာသင်ကြားရန်လိုအပ်နေကြောင်း ဆီးရီးယား NGO မဟာမိတ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တနှစ်ပတ်က ကျင်းပခဲ့သော မော်စကိုနှင့် ဆွေးနွေးပွဲအတွင်း မျှော်မှန်းထားသည့် ရလဒ်များ ထွက်မလာခဲ့ကြောင်း တူရကီသမ္မတ ရီဆပ်တေရစ်အာဒိုဂန်က ပြောကြားခဲ့ပြီး ယခုလကုန်မတိုင်မီအထိ ဆီးရီးယားအစိုးရက ၎င်း၏တပ်ဖွဲ့များကို ရုပ်သိမ်းခြင်းမပြုပါက တူရကီအနေဖြင့် ဆီးရီးယားနိုင်ငံအတွင်း ထိုးစစ်ဆင်နွှဲရလိမ့်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

ဆီးရီးယားအစိုးရတပ်ဖွဲ့၏ ထိုးစစ်ဆင်မှုကို ဆိုင်းငံ့ထားစေရန် ရည်ရွယ်သော ၂၀၁၈ သဘောတူညီချက်အရ အိုင်ဒလစ်ရှိတူရကီ၏ တပ်ချထားရာနေရာများမှ ဆီးရီးယားတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာရန် အာဒိုဂန်က တောင်းဆိုထားသည်။ တူရကီအနေဖြင့် အိုင်ဒလစ်ရှိ အကြမ်းဖက်အဖွဲ့များကိုသာ ထိုးစစ်ဆင်နွှဲသင့်သည်ဟု ပြောကြားလျက် အာဒိုဂန်၏ခြိမ်းခြောက်မှုကို ရုရှားက အလျင်အမြန် တုံ့ပြန်ခဲ့သည်။

မကြာသေးမီသီတင်းပတ်များအတွင်း တူရကီသည် အိုင်ဒလစ်သို့ တပ်အင်အား အများအပြားဖြည့်တင်းခဲ့သည်။ တူရကီတပ် ဖွဲ့များကို စောင့်ကြည့်စခန်းများမှ ရုပ်သိမ်း မှုသည် မဖြစ်နိုင်ကြောင်း၊ မိမိတို့၏တပ်ဖွဲ့ ဝင်များ ပစ်မှတ်ထားတိုက်ခိုက် ခံရပါက ရန် ကို ရန်ချင်းတုံ့နှင်းသွားမည်ဖြစ်ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးက ဆိုသည်။

ဆီးရီးယားအစိုးရ၏ အောင်ပွဲကို မျှော်လင့်နေသော ရုရှားသည် ဆီးရီးယားပဋိပက္ခနှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်များကို ဗီတိုဖြင့်အကြိမ်ကြိမ်ပယ်ချခဲ့သည်။ ရုရှားက ဗီတိုဖြင့် ပယ်ချနေခြင်းကြောင့် ဆီးရီးယားတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများ အဆုံးသတ်စေရန် ထုတ်ပြန်ချက်တစ်ရပ်ကို မတင်ပြနိုင်ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ သံတမန်များက ပြောကြားခဲ့ကြသည်။ ဒီဇင်ဘာလတွင်စတင်၍ ဆီးရီးယားအစိုးရတပ်ဖွဲ့၏ ထိုးစစ်ဆင်မှုများကြောင့် အရပ်သား ၄၀၀ ကျော်သေဆုံးခဲ့ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်သည့်အဖွဲ့က ထုတ်ပြန်ထားသည်။      

 

 


READ NEXT
Cancel OK