Top News

ဂျာမနီတွင် ဘားဆိုင်နှစ်ဆိုင်၌ ပစ်ခတ်မှုများကြောင့် လူ ၁၀ ဦး သေဆုံး
24htopnews | October 26, 2024 3:12 AM CST

ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့မှ ၁၂ မိုင် (ကီလိုမီတာ ၂၀) ခန့်အကွာ ဟာနာအူမြို့တွင် ဘားဆိုင်နှစ်ဆိုင်၌ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦး သေဆုံးခဲ့ကာ သူစိမ်းကြောက်မှုက ထိုပစ်ခတ်မှုများ ပြုလုပ်ရသည့်စေ့ဆော်မှုဖြစ်နိုင်ကြောင်း သံသယရှိသည်ဟု ဂျာမနီစုံစမ်းစစ်ဆေးသူများက ဖေဖော်ဝါရီ ၂၀ တွင် ပြောကြားခဲ့ကြသည်။

ရဲတပ်ဖွဲ့က အကြီးအကျယ် ရှာဖွေခဲ့ကြပြီးနောက် ဖေဖော်ဝါရီ ၂၀ အစောပိုင်းတွင် သေနတ်သမားဟု သံသယရှိသူအား ၎င်း၏နေအိမ်၌ သေဆုံးလျက်တွေ့ရှိခဲ့ကြပြီး ထိုအမှုအား ဖက်ဒရယ်အကြမ်းဖက်မှု တန်ပြန်ရေးဆိုင်ရာ အစိုးရရှေ့နေများက ကိုင်တွယ်ကြမည်ဖြစ်သည်။

Tobias R ဟု ဖော်ထုတ်နိုင်ခဲ့သည့် အသက် ၄၃ နှစ်ရှိ အမျိုးသားတစ်ဦးဖြစ်သော ထိုသံသယရှိသူ၏နေအိမ်တွင် စာတိုများနှင့် ဗီဒီယိုမှတ်တမ်းများ တွေ့ရှိခဲ့ရကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။ ထို့ပြင် သံသယရှိသူ၏ မိခင်၏နေအိမ်တွင် ဒုတိယမြောက် အလောင်းတစ်လောင်းကို တွေ့ခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

ဟာနာအူမြို့ရှိ ဘားနှစ်ခုတွင် ထိုတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်နက်ကိုင်ရဲများအား အလျင်အမြန် တပ်ဖြန့်ခဲ့ကာ ရဲတပ်ဖွဲ့သုံး ရဟတ်ယာဉ်များကလည်း လိုက်လံရှာဖွေခဲ့ကြသည်။

ဟာနာအူမြို့လယ်ရှိ Heumarkt ခရိုင်မှ ဘားတစ်ခုတွင် ဖေဖော်ဝါရီ ၁၉ ဒေသ စံတော်ချိန် ည ၁၀ နာရီဝန်းကျင်၌ ပထမဆုံးအကြိမ် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့သည်။ သေနတ်သမားက ဘားဆိုင်၏ တံခါးဘဲလ်ကို နှိပ်ခဲ့ပြီး ဆေးလိပ်သောက်သည့်နေရာ၌ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ အမျိုးသမီးတစ်ဦးအပါအဝင် ငါးဦးသေဆုံးခဲ့ကြောင်း နေ့စဉ်သတင်းစာ Bild က ဖော်ပြခဲ့သည်။

တိုက်ခိုက်သူတစ်ဦး သို့မဟုတ် တိုက်ခိုက်သူများသည် ကားဖြင့် ထိုနေရာမှ ထွက်ပြေးခဲ့ကြပြီး နောက်ထပ်ဘားတစ်ခုဖြစ်သော Arena Bar တွင် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ထိုဘားဆိုင်အဆောက်အအုံအပြင်ဘက်တွင် လူသုံးဦး သေဆုံးခဲ့ရပြီး သေနတ်သံ အချက်ဒါဇင်များစွာ ကြားခဲ့ရကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့ကြသည်။

ဟာနာအူမြို့တော်ဝန် Claus Kaminsky က ယင်းသည် ထိတ်လန့်ဖွယ် ညတစ်ညဖြစ်ခဲ့ပြီး အလွန်အမင်း စိတ်ထိခိုက်ခဲ့ရကြောင်း ပြောကြားခဲ့သည်။ လူရှစ်ဦး အသက်ဆုံးရှုံးခဲ့ရမှုကြောင့် မိမိကို တုန်လှုပ်စေခဲ့ကြောင်း၊ သို့သော် ပြည်သူအားလုံးအနေဖြင့် ခန့်မှန်းပြောဆိုမှုများ မပြုလုပ်ကြရန် တိုက်တွန်းလိုကြောင်း Bild သို့ ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် ဘာလင်ဗဟိုချက်၌ လူ ၁၂ ဦး သေဆုံးခဲ့ရသည့်တိုက် ခိုက်မှုတစ်ခုအပါအဝင် ဂျာမနီသည် မကြာသေးမီ နှစ်များအတွင်း အစွန်းရောက်တိုက် ခိုက်မှုအများအပြား ကြုံတွေ့ခဲ့ရသည်။ လက်ယာအစွန်းရောက် တိုက်ခိုက်မှုများက အထူးသဖြင့် ဂျာမနီအာဏာပိုင်များအတွက် စိုးရိမ်မှုတစ်ခု ဖြစ်လာနေသည်။

ပြီးခဲ့သောနှစ် ဇွန်တွင် ဒုက္ခသည်များဆိုင်ရာ လစ်ဘရယ်မူဝါဒအတွက် လှုံ့ဆော်သော ကွန်ဆာဗေးတစ်နိုင်ငံရေးသမား Walter Luebcke သည် ၎င်း၏နေအိမ်၌ ပစ်သတ်ခံခဲ့ရသည်။

ပြီးခဲ့သောနှစ်က နယူးဇီလန်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများနှင့်ပုံစံတူဖြစ်သော ဗလီများအား ထိတ်လန့်ဖွယ် ဧရာမ တိုက်ခိုက်မှုများအား  ပြုလုပ်ရန် ပူးပေါင်းကြံစည် နေသည်ဟု ယူဆရသော ဂျာမနီလက်ယာ အစွန်းရောက်အဖွဲ့၏ အဖွဲ့ဝင် ၁၂ ဦးအား  ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၄ တွင် ဖမ်းဆီးခဲ့သည်။                                            

 

 


READ NEXT
Cancel OK