Top News

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်တွင် သေဆုံးသူ ၂၀၀၀ ကျော်လာ
24htopnews | October 26, 2024 3:12 AM CST

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်သည် ဖေဖော်ဝါရီ ၁၉ တွင် ၂၀၀၀ ကျော်သွားခဲ့ပြီး ကူးစက်ခံရသူဦးရေသည် ၇၄၀၀၀ ကျော်ရှိသွားခဲ့ပြီ ဖြစ် သည်။ နိုင်ငံပေါင်း နှစ်ဒါဇင်ကျော်တွင် ကူးစက်ပျံ့နှံ့နေသော ယင်းဗိုင်းရပ်စ်သည် တောင်ကိုရီးယားတွင် နောက်ထပ် ၂၀ ဦး၌ ကူးစက်ခံထားရမှုကို တွေ့ရှိခဲ့ပြီး ဟောင်ကောင်တွင် ဒုတိယမြောက် သေဆုံးမှု ရှိခဲ့သည်။ တောင်ကိုရီးယား၏ တောင်ပိုင်း ဒေဂူမြို့တွင် ဗိုင်းရပ်စ် ကူးစက်ခံရမှု ၁၆ မှုကို တွေ့ရှိခဲ့ပြီး တစ်ရက်အတွင်း ကူးစက်မှု နှစ်ဆနီးပါး မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ကုန်သွယ်ရေးကို အမှီပြုသော တောင်ကိုရီးယားသည် အိမ်နီးချင်းတရုတ်တွင် ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားခဲ့မှုကြောင့် စီးပွားရေးထိခိုက်မှုကို ရင်ဆိုင်နေရသည်။ တောင်ကိုရီးယားတွင် ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၃၁ ဦး ရှိခဲ့ရာမှ ရက်ပေါင်းများစွာ အသစ်ကူးစက်မှု မရှိခဲ့ဘဲ ဖေဖော်ဝါရီ ၁၉ တွင် ၅၁ ဦးထိ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ဗိုင်းရပ်စ် ကူးစက်ခံထားရသူများအနက် ၁၈ ဦးသည် ဒေဂူနှင့်အိမ်နီးချင်း နော့ဂျောင်ဆန်းပြည်နယ်မှ ဖြစ်ပြီး ၆၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့်ဆက်နွှယ်ပြီး ကူးစက်မှု ၁၅ မှုရှိခဲ့သည်ဟု ကိုရီးယားရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာက ပြောကြားခဲ့သည်။

ဂျပန်တွင် သောင်တင်နေသော အပျော်စီးသင်္ဘော Diamond Princess မှ ခရီးသည်များသည် ဗိုင်းရပ်စ် ကူးစက်ခံရခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၉ တွင် သင်္ဘောမှ ထွက်ခွာခွင့် ရရှိခဲ့ပြီ ဖြစ်သည်။ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၄၂ ဦး ရှိခဲ့သော Diamond Princess သင်္ဘောသည် တရုတ်အပြင်ဘက်တွင် ဗိုင်းရပ်စ် ကူးစက်မှု အများဆုံးနေရာ ဖြစ်ခဲ့သည်။ ယင်းသင်္ဘောမှ ခရီးသည်များအား ရောဂါခြေချုပ်နှင့် ထားခဲ့သဖြင့် ဂျပန်သည် ဝေဖန်မှုများ ရင်ဆိုင်နေခဲ့ရသည်။

ဗိုင်းရပ်စ် ကင်းစင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ခရီးသည် ၅၀၀ ကျော်သည် ၁၄ ရက်ကြာ သီးခြားခွဲထားခံရမှုကို အဆုံးသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ကျန်ခရီးသည်များသည် ဗိုင်းရပ်စ် စစ်ဆေးမှု ရလဒ်ကို စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ကျန်းမာရေးအရေးပေါ်ဆိုင်ရာ အစီအစဉ် ဥက္ကဋ္ဌ မိုက်ကယ်ရိုင်ရန်က COVID-19 ဗိုင်းရပ်စ်ကူးစက်မှုသည် အလွန်စိုးရိမ်ဖွယ်ကောင်းပြီး ကူးစက်ဖြစ်ပွားမှု ကြီးထွားလာနိုင်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း တရုတ်အပြင်ဘက်တွင် အလွန်သေးငယ်သော ပမာဏကိုသာ ကူးစက်ခံထားရကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။

ဂျပန်တွင်မူ အပျော်စီးသင်္ဘောမှ ခရီးသည်များအား အပြင်သို့ သွားရောက်ခွင့်ပေးခဲ့ခြင်းအတွက် အချို့က စိုးရိမ်နေကြသည်။ ကိုဘေးတက္ကသိုလ်မှ ကူးစက်ရောဂါဌာန၏ ပါမောက္ခ ကင်တာရိုအီဝါတာက သင်္ဘောပေါ်တွင် ရောဂါခြေချုပ်ထားခဲ့ခြင်းသည် အမှားကြီးဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

ယင်းသင်္ဘောသည် ကူးစက်မှု ထိန်းချုပ်ရေးအတွက် လုံးဝလုံလောက်ခြင်းမရှိဟု အီဝါတာက ပြောကြားခဲ့သည်။ ဂျပန်အာဏာပိုင်များက ကူးစက်မှု ထိန်းချုပ်ရေး ဆောင်ရွက်ခဲ့မှုသည် ထိရောက်မှုရှိကြောင်း ပြောကြားခဲ့သည်။ ကူးစက်မှု ကာကွယ်ရေး ကျွမ်းကျင်သူများဖြစ်သော ဆရာဝန်များသည် သင်္ဘောအတွင်း ကူးစက်မှု ထိန်းချုပ်ရေးကို ကြီးကြပ်ခဲ့ကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီး ကတ်ဆူနိုဗူကာတိုက ပြောကြားခဲ့သည်။

 


READ NEXT
Cancel OK