ထိုင်ဝမ်တွင် လွန်ခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက COVID-19 သတိပေးနှိုးဆော်ချက်ကို လတ်တလောတွင် တိုးမြှင့်ရန် မလိုအပ်သေးကြောင်းနှင့် ကပ်ရောဂါကိုတိုက်ဖျက်ရန် အတွေ့အကြုံနှင့် အရင်းအမြစ်များ ပိုမိုရှိနေကြောင်း ဝန်ကြီးချုပ် ဆုဆန်ချန်းက မေ ၁၄ ရက်၌ ပြောကြားခဲ့သည်။
လူဦးရေ ၂၄ သန်းရှိသည့် ထိုင်ဝမ်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၂၃၃ ဦးရှိပြီး အများစုမှာ ပြည်ပမှကူးစက်ခံလာရသူများဖြစ်၍ မကြာသေးမီက ဒေသတွင်းကူးစက်မ ှုအနည်းငယ်မြင့်တက်လာခြင်းသည် ထိုင်ဝမ်ပြည်သူလူထုနှင့် စတော့စျေးကွက်ကို ခြောက်လှန့်လာစေခဲ့သည်။
လာမည့်သီတင်းနှစ်ပတ်သည် ဗိုင်းရပ်စ်ကူးစက်မှုကွင်းဆက်ကို ထိန်းချုပ်နိုင်ရန် အလွန်အရေးကြီးလိမ့်မည်ဟု ဆုက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။
“ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကျွန်တော်တို့မှာ ကပ်ရောဂါကို တိုက်ခိုက်ဖို့ အတွေ့အကြုံတွေနဲ့ အရင်းအမြစ်တွေ ပိုမိုရရှိထားပြီး ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ဗဟိုနှင့် ဒေသတွင်းအစိုးရများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ကြီးကြပ်ကွပ်ကဲရေးစင်တာသည် ဗိုင်းရပ်စ်အတည်ပြုလူနာများကြားမှ ကူးစက်မှုကွင်းဆက်ကို အောင်မြင်စွာ တွေ့ရှိခဲ့ပြီး ယခုအချိန်အတွက် ဗိုင်းရပ်စ်သတိပေးနှိုးဆော်မှုကို တိုးမြှင့်ရန်မလိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ကျန်းမာရေးဝန်ကြီး ချန်းရှင်ချွန်းက မဖြစ်မနေ ဖွင့်လှစ်ရန်မလိုအပ်သည့် စီးပွားရေးလုပ်ငန်းများ အားလုံးကို ပိတ်ထားနိုင်ဖွယ် အလားအလာရှိသည့် သတိပေးနှိုးဆော်မှုအဆင့်ကို မကြာမီတိုးမြှင့်နိုင်ဖွယ်ရှိကြောင်း မေ ၁၂ ရက်က မှတ်ချက်ပြုပြောကြားခဲ့သောကြောင့် စတော့စျေးကွက် သိသိသာသာ ကျဆင်းခဲ့သည်။
ထိုင်ဝမ်တွင် အပြည့်အဝ Lockdown ချမှတ်နိုင်ခြေမရှိပေ။
စတော့စျေးကွက်ညွှန်းကိန်းစံ အမှတ်သည်လည်း မေ ၁၄ ရက်မနက်ပိုင်းတွင် ပြန်လည်အားကောင်းလာပြီး နှစ်ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။
ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းလုံး၌ ဝန်ထမ်းများအနေဖြင့် နေအိမ်များတွင်သာ အလုပ်လုပ်ကြသောကြောင့် ထိုင်ဝမ်၏နည်းပညာမြင့် တင်ပို့ကုန်များ ဝယ်လိုအား ပိုမိုမြင့်တက်လာသောကြောင့် ယခုနှစ် ပထမလေးလပတ်ကာလအတွင်း စီးပွားရေးမြင့်တက်လာသည့်တိုင် COVID-19 ကပ်ရောဂါနှင့်အတူ စီးပွားရေးလုပ်ငန်းများကို ကူညီရာတွင်အသုံးပြုရန် အစိုးရက နောက်ထပ် ဒေါ်လာ ၇.၅၂ ဘီလျံ အဆိုတင်သွင်းခဲ့သည်။
ဆုက ၎င်းအနေဖြင့် ကပ်ရောဂါကြောင့် ထိခိုက်နစ်နာခဲ့သော ပြည်သူများနှင့် စက်မှုလုပ်ငန်းများကို ကူညီပေးရန် ငွေကြေးပိုမိုသုံးစွဲလိုသည့်အပြင် ဗိုင်းရပ်စ်ကူးစက်မှုများကို လျှော့ချနိုင်ရန် ပြင်ဆင်မှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သင့်သည်ဟု ပြောကြားခဲ့သည်။
“ ဒီတိုက်ပွဲမှာတော့ လူတိုင်းက အရေးပါပါတယ်” ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်မှု၏တိကျသော အရင်းအမြစ်ကိုရှင်းလင်းစွာ မသိရသေးသော်လည်း လက်ရှိ ကူးစက်မှုအစုအဖွဲ့သည် တရုတ်လေကြောင်းလိုင်းများ၊ ထိုင်ဝမ်၏အကြီးဆုံးလေကြောင်းလိုင်းမှ လေယာဉ်မှူးများနှင့် လေဆိပ် ဟိုတယ်မှအစောပိုင်း ကူးစက်မှုများနှင့်ဆက်နွှယ်နေမည်ဟု ယူဆထားကြသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား