Top News

အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူနှင့် သေဆုံးသူ စံချိန်တင်များပြားနေမှုသည် အိမ်နီးချင်းနိုင်ငံများအပေါ် စိုးရိမ်ဖွယ်အခြေအနေကို ဦးတည်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန်
24htopnews | October 26, 2024 1:12 AM CST

အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူနှင့် သေဆုံးသူ စံချိန်တင်များပြားနေမှုသည် အိမ်နီးချင်းနိုင်ငံများအပေါ် စိုးရိမ်ဖွယ်အခြေအနေကို ဦးတည်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မေ ၁၁ ရက်က နောက်ဆုံး ထုတ်ပြန်ထားသော အစီရင်ခံစာအရ သိရသည်။ 

အိန္ဒိယနိုင်ငံတွင် နေ့စဉ် COVID-19 သေဆုံးမှု စံချိန်တင်မြင့်တက်လျက်ရှိပြီး မေ ၁၂ ရက်က COVID-19 ကူးစက်ဖြစ်ပွားသူ ၃၀၀၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၄၂၀၀ ကျော်ရှိကြောင်းနှင့် COVID-19 ကူးစက်ဖြစ်ပွားမှုများသည် မြို့တော်နယူးဒေလီနှင့် စီးပွားရေးမြို့တော် မွမ်ဘိုင်းကဲ့သို့သော မြို့ကြီးများမှတစ်ဆင့် ကျန်းမာရေးစနစ် အဆင့်မမီသော ပြည်နယ်မြို့များနှင့် ကျေးလက်ဒေသများသို့ ကူးစက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

WHO က ကမ္ဘာ့စိုးရိမ်ဖွယ်ဗိုင်းရပ်စ်အဖြစ် သတ်မှတ်ထားသည့် အိန္ဒိယမှ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် B1617 ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံတွင် ကူးစက်ဖြစ်ပွားနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အိန္ဒိယတွင် တွေ့ရှိရသော ဗီဇပြောင်း COVID-19 ကူးစက်မှုကို ပထမဆုံးအကြိမ်အဖြစ် မေ ၉ ရက်က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အိန္ဒိယမှလာမည့် ခရီးသွားများကို ပိတ်ပင်မှုများ ပြုလုပ်ပြီးနောက် သီတင်းပတ်အကြာတွင် ဘင်္ဂလားဒေ့ရှ်၌ အဆိုပါ ဗီဇပြောင်းပိုးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ COVID-19 ကူးစက်မှု ဒုတိယအကျော့နှင့် ရင်ဆိုင်နေရပြီး ဧပြီ ၂၆ ရက်မှ စတင်ကာ အိန္ဒိယမှ ကုန်းလမ်းဖြင့်လာမည့် ခရီးသွားများကို ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး ဧပြီ ၁၄ ရက်မှစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်  အိန္ဒိယနိုင်ငံတို့အကြား လေကြောင်းဖြင့် ခရီးသွားလာမှုကို ဆိုင်းငံ့ထားခဲ့ကြောင်း သိရသည်။

အလားတူ ထိုင်းနိုင်ငံတွင် အိန္ဒိယနိုင်ငံမှ ပထမဆုံး ပေါ်ပေါက်လာသည့် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် B1617 ကူးစက်ခံရသူတစ်ဦးကို ပထမဆုံးတွေ့ရှိခဲ့သည်ဟု မေ ၁၀ ရက်က ထုတ်ပြန်ခဲ့သည်။ ယင်းဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ခံရသူမှာ လွန်ခဲ့သည့်လက ၎င်း၏သားများနှင့်အတူ ပါကစ္စတန်မှ ထိုင်းနိုင်ငံသို့ လာရောက်ခဲ့သည့် ထိုင်းနိုင်ငံသူ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးဖြစ်သည်ဟု ကိုရိုနာဗိုင်းရပ်စ်အခြေအနေ စီမံခန့်ခွဲရေးဆိုင်ရာစင်တာ (CCSA) က ထုတ်ပြန်ခဲ့သည်။

အသက် ၄၂ နှစ်အရွယ် ထိုင်းနိုင်ငံသူ အမျိုးသမီးသည် ကိုယ်ဝန်ဆောင်သက်တမ်း ၂၅ ပတ်ရှိပြီဖြစ်ပြီး ဧပြီ ၂၄ ရက်က ပါကစ္စတန်နိုင်ငံမှ ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ဒူဘိုင်းတွင် ခရီးတစ်ထောက်နားခဲ့သည်ဟု ဆိုသည်။ ယင်းကိုယ်ဝန်ဆောင် အမျိုးသမီးသည် ၎င်း၏ အသက်လေးနှစ်၊ ခြောက်နှစ်နှင့် ရှစ်နှစ် အရွယ်သားများနှင့်အတူ ခရီးသွားခဲ့ခြင်းဖြစ်ပြီး ယင်းမိသားစုသည် ထိုင်းနိုင်ငံသို့ ရောက်ရှိပြီးနောက် ကွာရန်တင်းဝင်နေချိန်တွင် ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ရာ ကိုယ်ဝန်ဆောင် အမျိုးသမီး၌ B1617 ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ခံရကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု CNA သတင်းဌာနက ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်က အိန္ဒိယနိုင်ငံ၌ စတင်တွေ့ရှိခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်ကို တစ်ကမ္ဘာလုံး စိုးရိမ်ရမည့်ဗိုင်းရပ်စ်မျိုးကွဲအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေ ၁၀ ရက်တွင် သတ်မှတ်လိုက်သည်။

ကနဦးလေ့လာမှုများအရ B1617 ဗီဇပြောင်း အိန္ဒိယဗိုင်းရပ်စ်သည် အခြားဗိုင်းရပ်စ်မျိုးကွဲများထက် ပိုမိုကူးစက်လွယ်သည်ကိုတွေ့ရပြီး နောက်ထပ်လေ့လာမှုများ ပြုလုပ်သွားမည်ဟု WHO က ပြောကြားခဲ့သည်။ 

စိုးရိမ်စရာဗိုင်းရပ်စ် အဆင့်သတ်မှတ်ခံရခြင်းသည် မူလဗိုင်းရပ်စ်ထက် ပိုမို၍ကူးစက်နိုင်ပြီး လူသေဆုံးစေနိုင်သည့် ပိုမိုအန္တရာယ်ရှိသည့် ဗိုင်းရပ်စ်အဖြစ် ယူဆခံရခြင်းဖြစ်သည်။ B1617 သည် အိန္ဒိယတွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာက စတင်ပေါ်ပေါက်လာခဲ့ပြီး ယင်းဗိုင်းရပ်စ်မျိုးကွဲသည် နိုင်ငံပေါင်း ၃၀ ကျော်သို့ ပျံ့နှံ့နေပြီဖြစ်သည်။

အိန္ဒိယဗိုင်းရပ်စ်မျိုးကွဲသည် ကမ္ဘာ့စိုးရိမ်ဖွယ် ဗိုင်းရပ်စ်အမျိုးအစားအဖြစ် သတ်မှတ်ခံရသည့် လေးခုမြောက်ဗိုင်းရပ်စ်ဖြစ်ပြီး နောက်ထပ်သုံးခုမှာ ဗြိတိန်၊ တောင်အာဖရိကနှင့် ဘရာဇီးနိုင်ငံတို့တွင် တွေ့ရှိခဲ့သည့် ဗိုင်းရပ်စ်မျိုးကွဲများဖြစ်သည်။ 


READ NEXT
Cancel OK