Top News

ရုရှား၏ အာကာသခရီးစဉ်များတွင် ရုပ်ရှင်ကဏ္ဍမှ ဝန်ထမ်း နှစ်ဦးနှင့် ဂျပန်ဘီလျံနာ တစ်ဦး လိုက်ပါမည်
24htopnews | October 26, 2024 1:12 AM CST

အာကာသအတွင်း ပထမဆုံးအကြိမ် ရုပ်ရှင်ရိုက်ကူးရေး ပြုလုပ်ရန်အတွက် အာကာသခရီးစဉ်တွင် ရုပ်ရှင်သရုပ်ဆောင် တစ်ဦးနှင့် ဒါရိုက်တာတစ်ဦး လိုက်ပါမည်ဖြစ်ကာ ဂျပန်ဘီလျံနာ တစ်ဦးကို အပြည်ပြည်ဆိုင်ရာအာကာသစခန်း (ISS) သို့ ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း ရုရှားက မေ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရုရှားအစိုးရသည် နိုင်ငံ၏ ပြဿနာပတ်လည် ၀ိုင်းနေသော အာကာသလေ့လာရေး အစီအစဉ်ကို အရှိန်မြှင့်ရန် ကြိုးပမ်းနေသည်။ ရုရှား၏ အာကာသလေ့လာရေး အစီအစဉ်သည် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပြီးကတည်းက တိုးတက်မှု ဆိတ်သုဉ်းခဲ့ပြီး အမေရိကန်နည်းပညာလုပ်ငန်းရှင် ဘီလျံနာ Elon Musk ပိုင်ဆိုင်သော Space X  ကုမ္ပဏီ၏ နည်းပညာအရ ကျော်တက်မှုကိုလည်း ခံခဲ့ရသည်။

ISS တွင် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန်အတွက် အမေရိကန်အက်ရှင် သရုပ်ဆောင် တွမ်ခရုစ်နှင့် လက်တွဲ လုပ်ဆောင်နေကြောင်း အမေရိကန် အာကာသအေဂျင်စီ (NASA) က ပြီးခဲ့သည့်နှစ်တွင် အတည်ပြု ထုတ်ပြန်ခဲ့ပြီးနောက် ရုရှားအာကာသအေဂျင်စီကလည်း အာကာသစခန်း၌ ရုပ်ရှင်ရိုက်ကူးမည့် အစီအစဉ်ကို ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

ရုရှားအာကာသ ဒရာမဇာတ်ကား Challenge တွင် ရုရှားအမျိုးသမီး သရုပ်ဆောင် ယူလီယာပီရီဆီးလ် ပါဝင်မည်ဖြစ်ပြီး ဒါရိုက်တာ ကလင်မ်ရှီပန်ကော်က ရိုက်ကူးမည် ဖြစ်ကြောင်း Roscosmos က ထုတ်ပြန်ထားသည်။

၎င်းတို့နှစ်ဦးအား သင်တန်းပေး လေ့ကျင့်မှုများကို ဇွန် ၁ ရက်ထက် နောက်မကျဘဲ စတင် လုပ်ဆောင်သွားမည်ဖြစ်ပြီး သင်တန်ပေး လေ့ကျင့်မှုများတွင် လည်ပတ်နေသော စက်ဒလက်အတွင်းပိုင်း၌ ထိုင်ခိုင်း၍ စမ်းသပ်ခြင်း၊ လေထီးခုန် လေ့ကျင့်ခြင်း၊ မြေဆွဲအား လုံးဝမရှိသည့်နေရာ၌ ပျံသန်းခိုင်းခြင်းတို့ ပါဝင်မည် ဖြစ်သည်။

လူလိုက်ပါမည့် ရုရှား၏ အာကာသခရီးစဉ်ကို အောက်တိုဘာ ၅ ရက်တွင် စတင်မည်ဖြစ်ပြီး အာကာသယာဉ် Soyu MS-19 ကို ကာဇက်စ္စတန်ရှိ Baikonur အာကာသယာဉ် လွှတ်တင်ရေးစခန်းမှ လွှတ်တင်မည် ဖြစ်ကြောင်း သိရသည်။

ဂျပန်ဘီလျံနာ ယူဆာကူမေဇာဝါကို ဒီဇင်ဘာလအတွင်း ISS စခန်းသို့ ပို့ဆောင်ပေးရန် စီစဉ်ထားကြောင်းလည်း ရုရှားအာကာသအေဂျင်စီ Cosmos က ထုတ်ပြန်ထားရာ ရုရှားသည် အမေရိကန်နှင့်အပြိုင် ၎င်း၏ ခရီးသွားလုပ်ငန်း အစီအစဉ်ကို ပြန်လည် အသက်သွင်းနေသည်ဟု ရှုမြင်ရမည် ဖြစ်သည်။

အွန်လိုင်းပေါ်မှ ပစ္စည်းလက်လီ ရောင်းချခြင်းဖြင့် ကြီးပွားတိုးတက်လာခဲ့သူ အသက် ၄၅ နှစ်အရွယ် မေဇာဝါက ၎င်းလိုက်ပါမည့် အာကာသခရီးစဉ်ကို မှတ်တမ်းတင်ရန် စီစဉ်ထားပြီး ကြည့်ရှုသူပရိသတ် ၇၀၀,၀၀၀ ကျော်ရှိသည့် ၎င်း၏ YouTube တွင် ထိုမှတ်တမ်းဗီဒီယိုကို မျှဝေသွားမည်ဟု ပြောကြားထားသည်။

မေဇာဝါ လိုက်ပါမည့် အာကာသခရီးစဉ်ကို ဒီဇင်ဘာ ၈ ရက်တွင် စတင်ရန် စီစဉ်ထားသည်။ Space X ၏ Starship အာကာသယာဉ်ဖြင့် လပေါ်သို့ သွားရောက်မည့် ၂၀၂၃ အာကာသခရီးစဉ်တွင် ၎င်းနှင့်အတူ လူရှစ်ဦးကို ခေါ်ဆောင်ရန် စီစဉ်ထားကြောင်း မေဇာဝါက ပြောကြားခဲ့ဖူးသည်။

မေဇာဝါနှင့် ရုပ်ရှင်ထုတ်လုပ်သူ ဟီရန်နိုတို့သည် အာကာသခရီးစဉ်၌ မလိုက်ပါမီ သုံးလအတွင်း မော်စကိုမြို့ပြင်တွင်ရှိသော ယူရီဂါဂါရင် အာကာသယာဉ်မှူး လေ့ကျင့်ရေး ဗဟိုဌာန၌ လေ့ကျင့်မှုများ လုပ်ဆောင်သွားမည် ဖြစ်သည်။

မေဇာဝါ လိုက်ပါမည့် အာကာသခရီးစဉ်သည် ၁၂ ရက်ကြာမြင့်မည်ဖြစ်ကာ ISS စခန်းသို့ နှစ်ကြိမ် သွားရောက်ခဲ့ဖူးသော ရုရှားအာကာသယာဉ်မှူး အလက်န္ဒြားမီဆူရ်ကင် က ဦးဆောင်သွားမည် ဖြစ်ကြောင်း Roscosmos က ဆိုသည်။

ကမ္ဘာပေါ်တွင် ISS စခန်းသို့ ကိုယ့်စရိတ်ကိုယ်ပေး၍ သွားရောက်ခဲ့ဖူးသည့် အာကာသခရီးသွား စုစုပေါင်း ရှစ်ဦးရှိပြီး မေဇာဝါသည် ISS သို့ သွားရောက်မည့် ပထမဦးဆုံး ဂျပန်နိုင်ငံသား ဖြစ်လာမည် ဖြစ်သည်။

အာကာသအတွင်း ၈ ရက်မှ ၁၂ ရက်ကြာ နေထိုင်မှုအတွက် အာကာသခရီးသွားများ အနေဖြင့် တစ်ဦးလျှင် ဒေါ်လာ သန်း ၂၀ မှ ဒေါ်လာ ၃၅ သန်းအကြား ပေးချေရလိမ့်မည် ဖြစ်ကြောင်း Forbes မဂ္ဂဇင်းက ထုတ်ပြန်ထားသည်။

မေဇာဝါ ပေးချေရသည့် ခရီးစဉ် ကုန်ကျစရိတ်ကိုမူ ထုတ်ပြန်ထားခြင်း မရှိပေ။          

Ref: AFP


READ NEXT
Cancel OK