Top News

အမှတ်ခွဲယူခဲ့ကြတဲ့ စပါးနဲ့ မန်ယူ
24htopnews | October 26, 2024 12:12 AM CST

■ စပါး ၁-၁ မန်ယူ

ပရီးမီးယားလိဂ်ပွဲစဉ် (၃၀)ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ စပါးနဲ့ မန်ယူတို့ပွဲမှာတော့ နှစ်သင်းစလုံး အကြိတ်အနယ်ကစားခဲ့ကြပြီး (၁-၁)ဂိုးနဲ့ သရေကျခဲ့ပါတယ်။ 

အိမ်ရှင်စပါးအသင်းမှာ ဟာရီကိန်း၊ ဆွန်ဟောင်မင်၊ ဘာ့ဂ်ဝင်းချ်၊ လာမယ်လာ၊ ဆစ်ဆိုကို၊  ဒိုင်ယာ၊ လိုရစ်တို့နဲ့ လူစုံပွဲထွက်လာခဲ့ပြီး ဟာရီကိန်းကို အထောင်ထားကာ (၄-၃-၂-၁) ကစားကွက်နဲ့ ကစားခဲ့ပါတယ်။ 

မန်ယူနည်းပြ ဆိုးလ်ရှားကတော့ ပေါ့ဘာကို အရန်ခုံမှာ ထားခဲ့ကာ မာစီယဲလ်ကို အထောင်ထားပြီး ဘရူနိုဖာနန်ဒက်စ်၊ ရပ်ရှ်ဖို့ဒ်၊ ဒန်နီယဲလ်ဂျိမ်းစ်၊ တွမ်မီနေး၊ ဖာရက်ဒ်၊ မက်ဂွိုင်းရားတို့နဲ့ လူစုံပွဲထုတ်ခဲ့တာပါ။ 

လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့ပွဲဖြစ်တာကြောင့် အနိုင်ရဖို့အတွက် နှစ်သင်းစလုံး အကောင်းဆုံးကြိုးစားခဲ့ကြလို့ ပွဲဟာ အစပိုင်းမှာကတည်းက မြိုင်ဆိုင်ပြီး ကြည့်ကောင်းခဲ့ပါတယ်။ 

မန်ယူအသင်းဟာ ပွဲစကတည်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ အိမ်ရှင် စပါးအသင်းကို ဖိကစားနိုင်ခဲ့သလို၊ အခွင့်အရေးတွေလည်း ရရှိခဲ့ပါတယ်။ ပွဲချိန် (၂၁) မိနစ်မှာ စပါးနောက်တန်းကစားသမားတွေ ရှင်းထုတ်ပုံ မသေသပ်မှုကနေ ရလာတဲ့  အခွင့်အရေးကို ရပ်ရှ်ဖို့ဒ် ကန်သွင်းခဲ့ပေမယ့် လိုရစ် ကာကွယ်နိုင်ခဲ့ပါတယ်။ ဆက်တိုက်ဆိုသလို ဘရူနိုဖာနန်ဒက်စ်ရဲ့ ကန်ချက်တစ်ကြိမ်ကိုလည်း လိုရစ် ကာကွယ်ခဲ့ရသေးတာပါ။

မန်ယူအသင်း ဖိကစားနေပေမယ့် တကယ်တမ်းဂိုးရသွားတာက စပါးအသင်း ဖြစ်ပါတယ်။ ပွဲချိန် (၂၇)မိနစ်မှာ နောက်ခံလူ အော်ရီယေးရဲ့ ဖန်တီးမှုကနေ ဘာ့ဂ်ဝင်းချ်က မန်ယူနောက်ခံလူတွေကြားကနေ တစ်ယောက်တည်းဆွဲပြေးပြီး စပါးအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာပါ။ ဘာ့ချ်ဝင်းအနေနဲ့ စပါးအသင်းအတွက် ပရီးမီးယားလိဂ် အိမ်ကွင်း (၃) ပွဲကစားရာမှာ (၃)ပွဲစလုံး ဂိုးသွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ဂိုးရပြီးနောက်မှာ စပါးအသင်း အခွင့်အရေးထပ်ရခဲ့ပေမယ့် တိုက်စစ်ကစားသမားတွေ အသုံးမချနိုင်ခဲ့လို့ ဂိုးမရခဲ့ပါဘူး။ ပထမပိုင်းပြီးခါနီးမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ အဝေးကန်ချက်ကိုလည်း လိုရစ် ကာကွယ်နိုင်ခဲ့လို့ ပထမပိုင်းအပြီးမှာ အိမ်ရှင် စပါးအသင်း (၁-၀) ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာတော့ မန်ယူအသင်းဟာ ချေပဂိုးရဖို့အတွက် ပိုဖိကစားခဲ့ပြီး စပါးအသင်းကတော့ တန်ပြန်တိုက်စစ်တွေကနေ မန်ယူအသင်းဘက်ကို ပြန်လည်ခြိမ်းခြောက်နိုင်ဖို့ ကြိုးစားခဲ့တာပါ။ 

ဆိုးလ်ရှားဟာ ပွဲချိန် (၆၂)မိနစ်မှာ ဖရက်ဒ်နဲ့ ဒန်နီယဲလ်ဂျိမ်းစ်တို့ကို ထုတ်ပြီး ပေါ့ဘာနဲ့ ဂရင်းဝုဒ်တို့ကို ထည့်သွင်းပြီး တိုက်စစ်မြှင့်ခဲ့ပါတယ်။ ပေါ့ဘာ ဝင်လာပြီးနောက်မှာ မန်ယူအသင်းရဲ့ တိုက်စစ်ပိုင်းဟာ ပိုမိုအသက်ဝင်လာခဲ့ပြီး ပွဲချိန် (၆၄)မိနစ်မှာ ပေါ့ဘာ၊ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့ တွဲလုံးကနေ ဘရူနိုဖာနန်ဒက်စ် ချပေးတာကို ဧရိယာအတွင်းမှာ မာစီယဲလ် အပိုင်ကန်ခွင့်ရခဲ့ပေမယ့် နောက်ခံလူကာကွယ်နိုင်ခဲ့လို့ ဂိုးမရခဲ့ပါဘူး။ 

ဒါ့အပြင် ဧရိယာအတွင်းက မာစီယဲလ်ရဲ့ အပိုင်ကန်ချက်တစ်ကြိမ်ကိုလည်း စပါးဂိုးသမား လိုရစ် အံ့အားသင့်ဖွယ် လက်စွမ်းပြကာကွယ်နိုင်ခဲ့လို့ မန်ယူတို့ ချေပဂိုးရဖို့ အခက်တွေ့ခဲ့ရပါတယ်။ 

ပွဲချိန် (၇၇)မိနစ်မှာတော့ ဆိုးလ်ရှားဟာ လင်ဒီလော့စ်နဲ့ မာစီယဲလ်တို့ကို ထုတ်ပြီး မာတစ်၊ အီဂါလိုတို့ ထည့်သွင်းကစားခဲ့ပါတယ်။ ပွဲချိန် (၈၁) မိနစ်မှာတော့ ပယ်နယ်တီဧရိယာထဲကို  ဆွဲဝင်လာတဲ့ ပေါ့ဘာကို စပါးနောက်ခံလူ ဒိုင်ယာ တွန်းလှဲခဲ့လို့ မန်ယူတို့ ပယ်နယ်တီ ရခဲ့ပါတယ်။ 

ဒီပယ်နယ်တီကို ဘရူနိုဖာနန်ဒက်စ်က အမှားအယွင်းမရှိ ကန်သွင်းယူခဲ့လို့ မန်ယူတို့ ချေပဂိုး ပြန်ရခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်အနေနဲ့ ပရီးမီးယားလိဂ်မှာ စကစားကတည်းက ဂိုးပါဝင်ပတ်သက်မှု (၆)ကြိမ် (၃ ဂိုးသွင်း၊ ၃ ဂိုးဖန်တီး)အထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီနောက်ပိုင်းမှာတော့ ဂိုးတွေရဖို့အတွက် နှစ်သင်းစလုံး အပြန်အလှန် ကစားခဲ့ကြပြီး ပွဲချိန် (၈၉)မိနစ်မှာတော့ မန်ယူ ပယ်နယ်တီ ရခဲ့ပေမယ့် VAR ကို ကြည့်ပြီး ပယ်ဖျက်ခဲ့လို့ စပါးတို့ သက်သာရခဲ့တာပါ။ 

ကျန်ပွဲချိန်တွေမှာတော့ နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်းမရှိတာကြောင့် (၁-၁)ဂိုးနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ မော်ရင်ဟိုကတော့ အသင်းဟောင်းနဲ့ ရင်ဆိုင်ရာမှာ ပထမအကျော့ ရှုံးကြွေးကို မဆပ်နိုင်ခဲ့တဲ့အပြင်၊ ဒီပွဲမှာ မန်ယူကို အနိုင်မရခဲ့တာကြောင့် စပါးအသင်းရဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်မျှော်လင့်ချက်ဟာလည်း ပိုမိုမှေးမှိန်သွားခဲ့ပြီလို့ ဆိုရမှာပါ။ 


READ NEXT
Cancel OK