ပြီးခဲ့သည့် တစ်ပတ်အတွင်း ဂျာမနီနှင့် ဘရာဇီးနိုင်ငံတွင် COVID-19 ဖြစ်ပွားမှု ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ပြီး အမေရိကန်နှင့် အိန္ဒိယနိုင်ငံ၌ ဖြစ်ပွားနှုန်း လျော့ကျခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ဆိုင်ရာ အပတ်စဉ်အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယင်းအစီရင်ခံစာအရ COVID-19 ဖြစ်ပွားမှုအနေဖြင့် ပြင်သစ်နိုင်ငံတွင် ယခင်တစ်ပတ်နည်းတူဖြစ်ပွားခဲ့ပြီး ဂျာမနီနိုင်ငံတွင် ၄၈ ရာခိုင်နှုန်း၊ ဘရာဇီးနိုင်ငံတွင် ၅၆ ရာခိုင်နှုန်း အသီးသီးမြင့်တက်ကာ အမေရိကန်နိုင်ငံတွင် ၃၄ ရာခိုင်နှုန်းနှင့် အိန္ဒိယနိုင်ငံတွင် ၁၂ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း သိရသည်။
ထို့ပြင် သေဆုံးမှုအနေဖြင့် အမေရိကန်နိုင်ငံ၌ ငါးရာခိုင်နှုန်း လျော့ကျခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ၄၀ ရာခိုင်နှုန်း၊ ဘရာဇီးနိုင်ငံတွင် ၈၈ ရာခိုင်နှုန်းနှင့် အီတလီနိုင်ငံတွင် ခုနစ်ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း သိရသည်။
လတ်တလော ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်နေမှုကို ထိန်းချုပ်ရန်ရည်ရွယ်သည့် ကန့်သတ်မှုအချို့ကို ပြင်သစ်အာဏာပိုင်များက ဖေဖော်ဝါရီ ၂ ရက်တွင် ဖြေလျှော့ပေးခဲ့သည်။
မကြာသေးမီက နေ့အလိုက် ရောဂါကူးစက်မှုများ ကျဆင်းလာခြင်းကြောင့် ဆေးရုံများတွင် မနိုင်မနင်းဖြစ်နေသည့် အခြေအနေများကို လျှော့ချနိုင်တော့မည်ဟု အာဏာပိုင်များက မျှော်လင့်လျက်ရှိသည်။
ပြီးခဲ့သည့်လကပင် ရောဂါကူးစက်မှုများ စံချိန်တင်တွေ့ရှိခဲ့ပြီးနောက် ယင်းကဲ့သို့ ဖြေလျှော့မှုများ လုပ်ဆောင်ခဲ့ခြင်းနှင့် ပတ်သက်၍ ကျွမ်းကျင်သူများအကြား သဘောထား ကွဲလွဲနေသည်။ အစိုးရအနေဖြင့် ပုံမှန်အခြေအနေသို့ ပြန်သွားရေးကို အလျင်စလိုဖြင့် စွန့်စားလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အကဲခတ်များကလည်း ဝေဖန်ထားသည်။
သမ္မတအီမန်နျူရယ် မက်ခရွန်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်ဆေး ထိုးနှံမှုများကြောင့် ကပ်ရောဂါကို ထိန်းချုပ်နိုင်မည်ဟု အခိုင်အမာပြောဆိုထားသည်။ ပြင်သစ်တွင် ဘားဆိုင်နှင့် စားသောက်ဆိုင်များသို့ သွားရောက်ခြင်းမှသည် ရုပ်ရှင်ရုံများနှင့် အများပြည်သူသယ်ယူ ပို့ဆောင်ရေးယာဉ်များဖြင့် ခရီးဝေးသွားသည်အထိ အရာအားလုံးတွင် ကာကွယ်ဆေးထိုးနှံပြီးကြောင်း အထောက်အထားပြရန် လိုအပ်မည် ဖြစ်သည်။
ပြင်သစ်တွင် အရွယ်ရောက်ပြီး လူဦးရေ၏ ရာခိုင်နှုန်း ၉၀ ကျော်ကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ကြောင်းနှင့် ကျန်းမာရေး ထောက်ခံချက်ရရှိရန်အတွက် ကိုရိုနာဗိုင်းရပ်စ် အားဖြည့်ကာကွယ် ဆေးထိုးနှံထားသည့် သို့မဟုတ် ၎င်းရောဂါမှ ပြန်သက်လာလာသည့် အထောက်အထားပြသရန် လိုအပ်မည် ဖြစ်ကြောင်း အာဏာပိုင်များက ဆိုသည်။
ဖေဖော်ဝါရီ ၂ ရက်မှ စတင်ကာ ပြင်ပ၌ သွားလာရာတွင် မဖြစ်မနေ နှာခေါင်းစည်းတပ်ရန် မလိုအပ်တော့ဘဲ ပြဇာတ်ရုံများ၊ ဂီတဖျော်ဖြေပွဲများ၊ အားကစားပြိုင်ပွဲများနှင့် အခြားအခမ်းအနားများတွင် တက်ရောက်သူဦးရေအပေါ် ကန့်သတ်ထားမှုကိုလည်း အာဏာပိုင်များက ရုပ်သိမ်းပေးခဲ့သည်။
ကျွမ်းကျင်သူများက အလေးအနက် အကြံပြုထားဆဲဖြစ်သော်လည်း နေအိမ်မှအလုပ်လုပ်ရန် လိုအပ်တော့မည် မဟုတ်ပေ။
ထို့ပြင် ဒုတိယအဆင့်ဖြေလျှော့မှုများကိုလည်း ဖေဖော်ဝါရီ ၁၆ ရက်တွင် အာဏာပိုင်များက ထပ်မံကြေညာသွားမည်ဖြစ်သည်။ သို့ဖြစ်ရာ ဒီဇင်ဘာလကတည်းက ပိတ်ထားခဲ့ရသည့် နိုက်ကလပ်များကို ပြန်ဖွင့်နိုင်တော့မည် ဖြစ်သကဲ့သို့ ဂီတဖျော်ဖြေပွဲများနှင့် အားကစားပြိုင်ပွဲများတွင် မတ်တတ်ရပ် ကြည့်ရှုနိုင်သည့် နေရာများကိုပါပြန်လည် ခွင့်ပြုသွားမည်ဖြစ်သည်။
အားကစားကွင်းများ၊ ရုပ်ရှင်ရုံများနှင့် အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်များပေါ်တွင် စားသောက်ခြင်းများကိုလည်း ပြန်လည်ခွင့်ပြုသွားမည်ဟု သိရသည်။
နှာခေါင်းစည်းတပ်ရန် လိုအပ်ခြင်း အပါအဝင် စာသင်ကျောင်းများတွင် ချမှတ်ထားသည့် ကန့်သတ်ချက်များကိုလည်း ဆောင်းရာသီကျောင်းပိတ်ရက်အပြီးတွင် ဖြေလျှော့သွားဖွယ်ရှိကြောင်း သမ္မတမက်ခရွန်က သတင်းဌာနတစ်ခုနှင့် အင်တာဗျူးတွင် အရိပ်အမြွက်ပြောကြားခဲ့သည်။ အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်သည် ပိုမိုကူးစက်မြန်သော်လည်း ယခင်ဗိုင်းရပ်စ်မျိုးကွဲများလောက် ပြင်းထန်မှုမရှိဟု အာဏာပိုင်များက ယူဆလျက်ရှိသည်။
အလားတူ ချက်သမ္မတနိုင်ငံ၌ စားသောက်ဆိုင်များနှင့် အခြားနေရာများ သို့တည်းမဟုတ် ဖျော်ဖြေရေးရုံများသို့ သွားရောက်ရာတွင် လာမည့်သီတင်းပတ်မှစ၍ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံပြီးကြောင်းနှင့် ဆေးစစ်ချက်ရလဒ် ပြသရန် လိုအပ်တော့မည်မဟုတ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရခြင်း မရှိသေးသူများကိုလည်း ဝင်ခွင့်ပြုသွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ပတ်တာဖီအာလာက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုလှိုင်းများကို အလူးအလဲ ရင်ဆိုင်ခဲ့ရသည့် လူဦးရေ ၁၀ ဒသမ ၇ သန်း နေထိုင်သော ချက်နိုင်ငံတွင် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ရောဂါကူးစက်သူဦးရေ စံချိန်တင်မြင့်တက်လာသော်လည်း ယခုလထဲတွင် ကူးစက်မှုများ ကျဆင်းသွားဖွယ်ရှိဟု တာဝန်ရှိသူများက မျှော်လင့်လျက်ရှိသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား