အစ္စရေးက အောက်တိုဘာ ၂၃ ရက်ညပိုင်းတွင် ဟစ်ဇဘိုလာ၏ဘေရွတ်တောင်ပိုင်း အမာခံနယ်မြေကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်ဟု လက်ဘနွန်အစိုးရမီဒီယာက ပြောကြားခဲ့သည်။
အစ္စရေးနှင့်ဟစ်ဇဘိုလာစစ်ပွဲဖြစ်ပွားသည်မှာ အချိန်တစ်လကြာမြင့်လာချိန်တွင် အစ္စရေးက အထက်ပါ တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
အနည်းဆုံး အစ္စရေးတိုက်ခိုက်မှု ၁၇ ကြိမ်အတွင်း အဆောက်အအုံခြောက်ခုပြိုကျသွားခြင်းနှင့်အတူ စက်တင်ဘာ ၂၃ ရက်တွင် စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လက်ဘနွန်မြို့တော်ဘေရွတ်၏ဆင်ခြေဖုံးရပ် ကွက်များ၌ အပြင်းထန်ဆုံး တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့် ညတစ်ညဖြစ်ခဲ့သည်။
သီးခြားအားဖြင့် ဒမတ်စကတ်မြို့ရှိ လူနေအဆောက်အအုံနှင့်ဟွမ်းရှိ စစ်ဘက်နေရာတို့ကို အစ္စရေးလေကြောင်းတိုက်ခိုက်မှုများရှိခဲ့သည်ဟု ဆီးရီးယားအစိုးရပိုင် မီဒီယာက ဖော်ပြခဲ့သည်။ ဟွမ်းရှိ စစ်ဘက်နေရာတစ်ခုကို တိုက်ခိုက်ခဲ့မှုကြောင့် စစ်သားတစ်ဦးသေဆုံးသွားခဲ့ပြီး အခြားလူ ခုနစ်ဦး ဒဏ်ရာရသွားခဲ့သည်။
ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက်များကို အနည်းဆုံး အစ္စရေးတိုက်ခိုက်မှု ၁၇ ကြိမ်လုပ်ဆောင်ခဲ့သည်ဟု လက်ဘနွန် အမျိုးသားသတင်းဌာနက သတင်းဖော်ပြခဲ့ပြီး ယင်းတိုက်ခိုက်မှုသည် အစ္စရေး-ဟစ်ဇဘိုလာ စစ်ပွဲ စတင်ပြီးကတည်းက ဘေရွတ်တောင်ပိုင်းကို အပြင်းထန်ဆုံး တိုက်ခိုက်မှုဖြစ်သည်ဟု ဆိုသည်။
လေးလာကီ ဆင်ခြေဖုံးအနီးတစ်ဝိုက်တွင် အဆောက်အအုံ ခြောက်ခုပျက်စီးသွားခဲ့သည်ဟု အမျိုးသားသတင်းဌာနက ဖော်ပြခဲ့သည်။ ပျက်စီးသွားသော အဆောက်အအုံများအနက် အစ္စရေးတိုက်ခိုက်မှု လေးကြိမ်ထိမှန်ခဲ့ပြီး မီးလောင်မှုကြီးကြီးမားမားဖြစ်ခဲ့သော လူနေအဆောက်အအုံလည်းပါဝင်သည်ဟု ဆိုသည်။
ဘေရွတ်တောင်ပိုင်းရှိ ဟစ်ဇဘိုလာ အမာခံနယ်မြေ အတွက်ရွှေ့ပြောင်းအမိန့်ကို အာရပ်ဘာသာဖြင့် အစ္စရေးကထုတ်ပြန်ခဲ့ပြီးနောက် ကြီးမားသောပေါက်ကွဲမှုကြီးနောက်မှ အသေးစားပေါက်ကွဲမှုများဖြစ်ပွား သည်ကို အေအက်ဖ်ပီရုပ်သံက ပြသခဲ့သည်။
သို့ရာတွင် ဘေရွတ်တောင်ပိုင်းရှိ ဂျနက်ရပ်ကွက်ကို ထိမှန်ခဲ့သောတိုက်ခိုက်မှုကို သတိပေးခြင်းမရှိဘဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ သတိပေးခြင်းမရှိဘဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် တစ်ဦးသေဆုံးသွားခဲ့ပြီး အခြားလူ ငါးဦးဒဏ်ရာရရှိခဲ့သည်ဟု လက်ဘနွန်ကျန်းမာရေး ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
အစ္စရေးက လက်ဘနွန်တောင်ပိုင်းရှိ တိုင်ရီမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ယင်းမြို့၏မြို့လယ်သည် အပျက်အစီးပြင် ကြီးဖြစ်သွားခဲ့ရသည်။ ထို့ကြောင့် တစ်ချိန်က စည်ကားခဲ့သော ကမ်းရိုးတန်းမြို့တိုင်ရီမှ လူ အစုလိုက်အပြုံလိုက် ထွက်ခွာမှုအသစ်ဖြစ်ပေါ်ခဲ့ရသည်။
“တစ်မြို့လုံး တုန်လှုပ်ခဲ့ရပါတယ်”ဟု တိုင်ရီမြို့ခံရာနာက ပြောကြားခဲ့သည်။ ရာနာသည် အစ္စရေးစစ်တပ်က ရွှေ့ပြောင်းရန်သတိပေးခဲ့ပြီးနောက် မြို့၏ပင်လယ်ကမ်းခြေပိုင်းသို့ ထွက်ပြေးလာသူဖြစ်သည်။
အဆောက်အအုံ ခုနစ်လုံးပြားပြားဝပ်ပျက်စီးသွားခဲ့ပြီး တိုက်ခန်း ၄၀၀ ကျော် ပျက်စီးခဲ့သည်ဟု တိုင်ရီဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့၏ ဘိုလာကက်ရှမားက ပြောကြားခဲ့သည်။
“တိုင်ရီ တစ်မြို့လုံးက လူတွေပြောင်း ရွှေ့ခံထားရတယ်လို့ ပြောနိုင်ပါတယ်”ဟု ၎င်းက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။
တိုင်ရီမြို့၏ရှေးဟောင်း အပျက်အစီးများနှင့် မီတာ ၅၀၀(ကိုက် ၅၅၀)ခန့်ဝေးသော နေရာများနှင့်အတူ တိုင်ရီရပ်ကွက်များထဲမှ မည်းမှောင်နေသော မီးခိုးများတက်လာသည်ကိုတွေ့ရသည်။
တိုင်ရီ၏ကမ္ဘာ့အမွေအနှစ်နေရာကိုစစ်ပွဲ၏သက်ရောက်မှုအား မိမိတို့ အနီးကပ်စောင့်ကြည့်နေသည်ဟု ယူနက်စကိုက ပြောကြားခဲ့သည်။
Ref: AFP
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား