Top News

မြောက်ကိုရီးယား၏ အမှိုက်များပါရှိသည့် မိုးပျံပူဖောင်းတစ်လုံး တောင်ကိုရီးယားသမ္မတရုံးဝင်းအတွင်းသို့ ကျရောက်
24htopnews | October 25, 2024 6:12 PM CST

မြောက်ကိုရီးယား၏ အမှိုက်များပါရှိသည့် မိုးပျံပူဖောင်းတစ်လုံးသည် အောက်တိုဘာ ၂၄ ရက်က တောင်ကိုရီးယားသမ္မတရုံးဝင်းအတွင်းသို့ ကျရောက်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ထိုမိုးပျံပူဖောင်းတွင် အမှိုက်များနှင့်အတူ တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုနှင့် ၎င်း၏ ဇနီးသည်တို့အား လှောင်ပြောင်ထားသည့် ၀ါဒဖြန့် လက်ကမ်းစာစောင်များလည်းပါဝင်ကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့ သည်။

တောင်ကိုရီးယားရှိ တက်ကြွလှုပ်ရှားသူများသည် မြောက်ကိုရီးယားဆန့်ကျင်သည့် ၀ါဒဖြန့် လက်ကမ်းစာစောင်များ၊ အမေရိကန်ဒေါ်လာများနှင့် K-pop သီချင်းများ၊ K-drama ရုပ်ရှင်များထည့်ထားသည့် USB drive များကို အိတ်ထဲထည့်ပြီး မိုးပျံပူဖောင်းများတွင်ချည်နှောင်ကာ မြောက်ကိုရီးယားနိုင်ငံအတွင်းသို့ လွှတ်တင်ခဲ့သည်။

မြောက်ကိုရီးယားကလည်း တောင်ကိုရီးယားတက်ကြွလှုပ်ရှားသူများ၏ လုပ် ဆောင်ချက်ကိုတုံ့ပြန်သည့်အနေဖြင့် ယခုနှစ်မေလကတည်းက အမှိုက်အိတ်များပါရှိသည့် မိုးပျံပူဖောင်းများကို တောင်ကိုရီးယားနိုင်ငံအတွင်း ပြန်လည်လွှတ်တင်ခဲ့သည်။

အောက်တိုဘာ ၂၄ ရက်အစောပိုင်းက မြောက်ကိုရီးယားဘက်မှလွှတ်တင်ခဲ့သည့် မိုးပျံပူဖောင်းတစ်လုံးသည် လေထဲတွင်ပေါက်ကွဲခဲ့ကာ အပျက်အစီးများသည် ယွန်ဆန်ရုံးဝင်းအနီးသို့ ကျရောက်ခဲ့ကြောင်း သမ္မ တလုံခြုံရေးအဖွဲ့က သမ္မတရုံးဝင်းကို ရည်ညွှန်းပြောဆိုခဲ့သည်။

လုံခြုံရေးစုံစမ်းစစ်ဆေးမှုများအရ ထိုအပျက်အစီးများသည် အန္တရာယ်ဖြစ်စေခြင်း သို့မဟုတ် ညစ်ညမ်းမှုဖြစ်စေခြင်းတို့ကို မတွေ့ရကြောင်း သမ္မတလုံခြုံရေးအဖွဲ့က ပြောကြားခဲ့သည်။

ယခုဖြစ်စဉ်သည် ဆိုးလ်မြို့တော်ရှိ သမ္မတရုံးဝင်းအတွင်းသို့ ဒုတိယအကြိမ်မြောက် မြောက်ကိုရီးယားမိုးပျံ ပူဖောင်းကျရောက်သည့်ဖြစ်စဉ်ဖြစ်သည်။

စစ်သားများဖြန့်ကြက်ချထားပြီး လေယာဉ်မပျံသန်းရဇုန်အဖြစ်သတ်မှတ်ထားသည့် မြောက်ကိုရီးယားသမ္မတရုံးဝင်းအတွင်းသို့ ဇူလိုင်လကလည်း မြောက်ကိုရီးယား မိုးပျံပူဖောင်းတစ်လုံး ပထမဆုံးအကြိမ်ကျရောက်ခဲ့သည်။

တောင်ကိုရီးယား၏ Chosun Daily သတင်းစာတွင်မူ သမ္မတရုံးအတွင်းကျရောက်ခဲ့သည့် မြောက်ကိုုရီးယားမိုးပျံပူဖောင်းတွင် သမ္မတယွန်းနှင့်ဇနီးသည် ကင်ချွန်ဟီးတို့ကို လှောင်ပြောင်ထားသည့် လက်ကမ်းစာစောင်များပါဝင်ကြောင်း ဖော်ပြခဲ့သည်။

ထိုလက်ကမ်းစာစောင်များထဲတွင်“သမ္မတယွန်းနဲ့ သူ့ဇနီးသည်တို့မှာ ကလေးမရှိတာ ကံကောင်းတာပါ” ၊ “တောင်ကိုရီးယားဟာ ချွန်ဟီး ဘုရင်မအုပ်ချုပ်တဲ့နိုင်ငံပါ”ဟူသည့် စာသားများနှင့်အတူ ယွန်းတို့ဇနီးမောင်နှံ၏ ဓာတ်ပုံများပါဝင်ခဲ့သည်။

တောင်ကိုရီးယား သမ္မတကတော် ကင်ချွန်ဟီးသည် စတော့ရှယ်ယာများကို ကြိုးကိုင်ချယ်လှယ်သည့် လှုပ်ရှားမှုတွင် ပါဝင်မှု၊အာဏာရ ကွန်ဆာဗေးတစ်ပါတီဖြစ်သည့် ပြည်သူ့အင်အားပါတီ၏ ကိုယ်စားလှယ်လောင်းများဝင်ရောက်ယှဉ်ပြိုင်သည့် ဧပြီလကပြုလုပ်သည့် ရွေးကောက်ပွဲကို ကြားဝင်စွက်ဖက် မှုတို့ဖြင့် စွပ်စွဲခံနေရသည်။

တောင်ကိုရီးယားတက်ကြွလှုပ်ရှားသူများသည် မြောက်ကိုရီးယားနိုင်ငံအတွင်းသို့  မြောက်ကိုရီးယားဆန့်ကျင်သည့် ပစ္စည်းများကို ပို့ဆောင်နေကြောင်း၊ တောင်ကိုရီးယားသည် ပြုံယမ်းမြို့တော်ပေါ်သို့ဒရုန်းများလွှတ်တင်ခဲ့ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ သြဇာကြီးမားသည့် ညီမဖြစ်သူ ကင်ယိုဂျုံက ပြောကြားခဲ့ပြီး နောက်ရက်ပိုင်းအကြာတွင် တောင်ကိုရီးယား သမ္မတရုံးဝင်းအတွင်းသို့ မြောက်ကိုရီးယားမိုးပျံပူဖောင်းကျရောက်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Ref: AFP


READ NEXT
Cancel OK