Top News

တောင်အာဖရိကတွင် ရာဇဝတ်မှုဖြစ်ပွားနှုန်းသည် အလွန်စိုးရိမ်ဖွယ် ကောင်းလောက်အောင်ပင် မြင့်တက်ခဲ့
24htopnews | October 25, 2024 3:12 AM CST

ဇူလိုင်လထဲတွင် ဖြစ်ပွားခဲ့သည့် လူအသေအပျောက် များပြားခဲ့သော အဓိကရုဏ်းဖြစ်စဉ်များကြောင့် အပါအဝင် တောင်အာဖရိက၌ လူသတ်မှုနှင့် အဓ္ဓမပြုကျင့်မှု ဖြစ်စဉ်များသည် အလွန်စိုးရိမ်ဖွယ် ကောင်းလောက်အောင်ပင် မြင့်တက်လာသည်ဟု ရဲချုပ်ဖြစ်သူက နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ယမန်နှစ် ကာလတူနှင့် နှိုင်းယှဉ်လျှင် ဇူလိုင်နှင့် စက်တင်ဘာလအတွင်း လူသတ်မှု ၂၀ ရာခိုင်နှုန်း ပိုမိုဖြစ်ပွားခဲ့သည်ဟု ရဲချုပ်ဖြစ်သူ ဘီကီဆယ်လီက ပြောသည်။

“လူသတ်မှုတွေ မြင့်တက်လာစေတဲ့ တခြားအကြောင်းအရင်းများစွာထဲမှာ ကွာဇူလူ - နာတယ်နှင့် ဂူတန်ပြည်နယ်တို့ကို အများဆုံးသက်ရောက်မှု ဖြစ်စေခဲ့တဲ့ ဇူလိုင်လ အဓိကရုဏ်း ဖြစ်စဉ်များလည်း ပါဝင်နေတယ်” ဟု သူက ဆက်လက်ပြောသည်။

သမ္မတဟောင်း ဂျက်ကော့ဇူးမား ထောင်ဒဏ်ချမှတ်ခံရမှုကြောင့် ဆူပူမှုနှင့် လုယက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် လူပေါင်း ၃၅၀ ထက်မနည်း သေဆုံးခဲ့ပြီး တောင်အာဖရိက၏ မယုံနိုင်လောက်သည့် လူတန်းစားမညီမျှမှု  ကွာဟချက်ကြောင့်လည်း ပိုမိုကျယ်ပြန့်သည့် အုံကြွမှုအထိပါ အခြေအနေ ယိုယွင်းလာခဲ့ခြင်း ဖြစ်သည်။

အကြမ်းဖက်မှုဒဏ်ကို အဓိကရင်ဆိုင်ခဲ့ ရသည့် ကွာဇူလူ-နာတယ် ပြည်နယ်တွင် လူသတ်မှုဖြစ်ပွားနှုန်းသည် ၄၄.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၁,၇၄၄ မှု ဖြစ်ပွားခဲ့သည်။ ဂျိုဟန်းနက်စ်ဘာ့ဂ်မြို့ ပါဝင်သည့် ဂူတန်ပြည်နယ်တွင်လည်း ယမန်နှစ်သုံးလပတ်ကာလတူနှင့် နှိုင်းယှဉ်လျှင် လူသတ်မှု ၂၂၉ မှု ထပ်မံဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထို့အပြင် အဓမ္မပြုကျင့်မှုဖြစ်စဉ် အရေအတွက်မှာလည်း ၇.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ၉,၅၅၆ မှု ရှိခဲ့ပြီး ဖြစ်စဉ်အများစုသည် အဓမ္မပြုကျင့်သူ သို့မဟုတ် ပြုကျင့်ခံရသူ၏ နေအိမ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“တောင်အာဖရိကမှာ သုံးလအတွင်း လူ ၁၀,၀၀၀ နီးပါး ရက်စက်စွာ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတာဟာ အလွန်စိုးရိမ်စရာကောင်းပြီး အရှက်ရစရာဖြစ်တယ်” ဟု ၎င်းကပြောသည်။

တောင်အာဖရိကသည် ကမ္ဘာပေါ်တွင် အကြမ်းဖက်မှု အဖြစ်ပွားဆုံး နိုင်ငံများထဲတွင်  ပါဝင်နေကာ ပျမ်းမျှအားဖြင့် ၂၅ မိနစ်တိုင်းတွင် လူသတ်မှုတစ်မှု ဖြစ်ပွားလျက်ရှိပြီး နေ့စဉ် အဓမ္မပြုကျင့်ခံရမှုဖြစ်စဉ် ၁၁၅ မှု ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။

တာဝန်ရှိသူ တစ်ဦးဖြစ်သူ ၀ိန်းသရင်းကမူ ရဲတပ်ဖွဲ့အင်အား မလုံလောက်သည်မှာ ထင်ရှားနေပြီး ရဲတပ်ဖွဲ့ဝင် ၇,၀၀၀ ခန့်ကို အရေးပေါ် တုံ့ပြန်သူများအဖြစ် လေ့ကျင့်သင်ကြားပေးနေပြီး လိုအပ်သည့် အရင်းအမြစ်များကို အထောက်အပံ့ ပေးထားကြောင်း ပြောကြားခဲ့သည်။ နိုင်ငံ၏ အချက်အချာကျသော နေရာများနှင့် ရှော့ပင်းမောများ အနီးတွင်ရှိသည့် ရဲစခန်းများတွင် အဓိကဦးစားပေး လုပ်ဆောင်သွားမည်ဟုလည်း ၎င်းကပြောသည်။

ထို့အပြင် ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၇၂,၇၆၂ မှု ဖြစ်ပွားခဲ့ပြီး ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုဖြစ်စဉ်မျိုးစုံမှာ ရာခိုင်နှုန်းအားဖြင့် ကိန်းဂဏန်းနှစ်လုံး အရေအတွက်အထိ မြင့်တက်လာခဲ့သည်ဟု သိရသည်။

တောင်အာဖရိကသည် အာဖရိကဒေသတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအများဆုံး နိုင်ငံလည်းဖြစ်ပြီး ကူးစက်မှု စတုတ္ထလှိုင်းနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်ဟု သိရသည်။


READ NEXT
Cancel OK