Top News

ဥရောပသမဂ္ဂက ကုန်သွယ်ရေးခြိမ်းခြောက်မှုပြုလုပ်စဉ် ဟွန်ဆန်က စွက်ဖက်မှုကို ပြင်းပြင်းထန်ထန်ဝေဖန်
24htopnews | October 24, 2024 12:12 PM CST

ကမ္ဘောဒီးယား၏ အထည်ချုပ်လုပ်ငန်းအား ကြီးကြီးမားမားထိုးနှက်မည့် ကုန်သွယ်ရေးအကျိုးကျေးဇူးများ ခံစားခွင့်ပေးထားမှု ကို ရုပ်သိမ်းရန် အဆင့်များအား ဥရောပသမဂ္ဂက စတင်ခဲ့စဉ် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ကမ္ဘောဒီးယား၏ နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်မှုအား ဖေဖော်ဝါရီ ၁၂ ရက်တွင် သတိပေးခဲ့သည်။

ကမ္ဘောဒီးယားအား ပေးအပ်ထားသော Everything But Arms (EBA) သဘောတူညီချက်အရ အကောက်ခွန်ကင်းလွတ်ခွင့်ပေးထားမှုကို ရုပ်သိမ်း၊ မသိမ်းကို ဆုံးဖြတ်ရန်အတွက် စေ့စေ့စပ်စပ်စောင့်ကြည့်သည့် လုပ်ငန်းစဉ်ကို စတင်မည်ဖြစ်ကြောင်း ဥရောပသမဂ္ဂက ဖေဖော်ဝါရီ ၁၁ ရက်တွင် ကြေညာခဲ့သည်။ ထိုလုပ်ရပ်သည် ဥရောပသမဂ္ဂသို့ ဒေါ်လာလေးဘီလျံကျော်တန်ဖိုးရှိ ထုတ်ကုန်များ တင်ပို့နေသည့် ကမ္ဘောဒီးယား၏ ခိုင်မာသော အထည်ချုပ်နှင့် ဖိနပ်လုပ်ငန်းကို ဧရာမအထိနာမှုဖြစ်လာမည် ဖြစ်သည်။

ဘရပ်ဆဲလ်ထံမှ အကြိမ်ကြိမ်သတိပေးမှုနှင့် ပြီးခဲ့သောနှစ်တွင် ကမ္ဘောဒီးယား၏ အဓိက အတိုက်အခံပါတီမပါဝင်ဘဲ ကျင်းပခဲ့သော ရွေးကောက်ပွဲအား တုံ့ပြန်မှုအပြီး ဥရောပ သမဂ္ဂ၏ ထိုကြေညာချက် ထွက်လာခဲ့ခြင်း ဖြစ်သည်။ ကမ္ဘောဒီးယားသည် ဥရောပသမဂ္ဂသို့ ဆဋ္ဌမမြောက် အကြီးဆုံးအထည် တင်ပို့သူဖြစ်ပြီး လတ်တလောတွင် အလုပ်သမား ခုနစ်သိန်းကျော်ကို အလုပ်အကိုင်ပေးထားကြောင်း ကမ္ဘောဒီးယားစက်ရုံ လုပ်ငန်းအဖွဲ့အစည်းက ထုတ်ပြန်ခဲ့သည်။

ကမ္ဘောဒီးယားအား အုပ်ချုပ်မှု ၃၄ နှစ် ကျော်ကြာမြင့်လာပြီဖြစ်သော ဟွန်ဆန်က ကုန်သွယ်ရေး အကျိုးခံစားခွင့်များ ပြန်လည်ရရှိရန် စိတ်အားထက်သန်နေသော်လည်း နိုင်ငံတကာဖိအားကို ဦးညွှတ်လိုခြင်းမရှိဟု လေ့လာသူများက သုံးသပ်ခဲ့ကြသည်။ ပြီးခဲ့သောနှစ် ဇူလိုင်ရွေးကောက်ပွဲမတိုင်မီ ဖမ်းဆီးခဲ့သော တက်ကြွလှုပ်ရှားသူများနှင့် အတိုက်အခံပါတီ အဖွဲ့ဝင်ဒါဇင်များစွာအား ဟွန်ဆန်က မကြာသေးမီလများအတွင်း လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့သော်လည်း ကုန် သွယ်ရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို အာခံသည့်မိန့်ခွန်းများ ပြောကြားလေ့ရှိသည်။

ကမ္ဘောဒီးယားသည် ၎င်း၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို မည်သည့် အရာနှင့်မဆို အလဲအထပ်မလုပ်နိုင်ကြောင်း ဟွန်ဆန်က Follower ၁၀ သန်းကျော်ရှိသော Facebook တွင် ရေးသားခဲ့သည်။ ကမ္ဘောဒီးယားပြည်တွင်းရေးအား ဝင်ရောက်မစွက်ဖက်ဘဲ တိုးတက်ရေးကိုလိုလားသည့် အခြားမိတ်ဖက်နိုင်ငံများနှင့် မိတ်ဆွေကောင်းများဖြစ်လိုကြောင်း ဟွန်ဆန်က ပြောကြားခဲ့သော်လည်း EBA သဘောတူညီချက်ကို မရည်ညွှန်းခဲ့ပေ။ ဥရောပသမဂ္ဂသည် ကမ္ဘောဒီးယားအား ကုန်သွယ်ရေးအကျိုးခံစားခွင့် ပေးမှုကို ရုပ်သိမ်း၊ မသိမ်း ဆုံးဖြတ်ရန် အချိန်တစ်နှစ်ထက်မနည်း ရှိနေသေးသည်။

ထိုခံစားခွင့်များ ရုပ်သိမ်းခံရပါက အထည်တင်ပို့မှုများအပေါ် အခွန်ကောက်ခံမှုသည် ၁၂ ရာခိုင်နှုန်း၊ ဖိနပ်ပို့ကုန်များအပေါ် လတ်တလောတွင် အခွန်ရှစ်ရာခိုင်နှုန်းမှ ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားအထည်ချုပ် လုပ်ငန်းများအဖွဲ့က ထုတ်ပြန်ခဲ့သည်။ EBA သာ ရုပ်သိမ်းခံရပါက ကမ္ဘောဒီးယားသည် တစ်နှစ်လျှင် ဒေါ်လာသန်း ၇၀၀ အထိ ဆုံးရှုံးနိုင်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများသည် EBA ရရှိထားသည့် အခြားနိုင်ငံများသို့ ရွှေ့ပြောင်းသွားမည်ကို စိုးရိမ်ကြောင်း အလုပ်သမားသမဂ္ဂခေါင်းဆောင် ပက်ဆီနာက ပြောကြားခဲ့သည်။                     Ref ; AFP


READ NEXT
Cancel OK