နိုင်ငံထဲသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးပို့မှုအား ပိတ်ဆို့ခြင်းသည် လူသားများ၏ အခြေခံအကျဆုံး အခွင့်အရေးများအား ချိုးဖောက်ခြင်းဖြစ်ကြောင်း ဗင်နီဇွဲလား ကြားဖြတ်သမ္မတအဖြစ် နိုင်ငံပေါင်း ၅၀ ခန့်၏ ထောက်ခံမှု ရရှိထားသော အတိုက်အခံခေါင်းဆောင် ဟွမ်ဂွါအီဒိုက ဖေဖော်ဝါရီ ၁၀ ရက်တွင် သတိပေးခဲ့သည်။
ဗင်နီဇွဲလားနှင့် ကိုလံဘီယာအကြား ချိတ်ဆက်ထားသော တံတားတစ်စင်းအား ဗင်နီဇွဲလားစစ်သားများက ပိတ်ဆို့ခဲ့ပြီးနောက် အမေရိကန်မှ ပေးပို့ခဲ့သော ဆေးဝါးများနှင့် စားသောက်ကုန်များသည် ကိုလံဘီယာနိုင်ငံ ကူကူတာမြို့နယ်စပ်တွင် သုံးရက်ကြာ သောင်တင်နေခဲ့သည်။
သမ္မတ နီကိုးလပ်စ်မာဒူရိုသည် ဗင်နီဇွဲလား ဆေးဝါးများအား အလယ်ခေတ် အခြေအနေသို့ ပြန်လည်ကျဆင်းစေခဲ့ကြောင်း စွပ်စွဲခဲ့သည့် ခွဲစိတ်အထူးကု ဟိုဆေးလူးဝစ်ဇ်မာ သီးယပ်စ်ဒီလာရီဘာ အပါအဝင် ဗင်နီဇွဲလား ဆရာဝန် ဒါဇင်များစွာသည် ထိုအကူအညီများအား နိုင်ငံထဲသို့ ပေးပို့ခွင့်ပြုသင့်ကြောင်း ဗင်နီဇွဲလား နယ်စပ်ဘက်ခြမ်းတွင် ဖေဖော်ဝါရီ ၁၀ ရက်၌ တောင်းဆိုဆန္ဒပြခဲ့ကြသည်။
ထိုဖြစ်စဉ်အတွက် တာဝန်ခံရမည့်သူများရှိပြီး အစိုးရက သိသင့်ကြောင်း၊ ယင်းပိတ်ဆို့မှုသည် လူသားချင်းစာနာမှုအား ချိုးဖောက်သည့် ရာဇဝတ်မှုမြောက်ကြောင်း ဇနီးဖြစ်သူနှင့် လ ၂၀ အရွယ် ကလေးဖြစ်သူနှင့်အတူ ဖေဖော်ဝါရီ ၁၀ ရက် ဆုတောင်းပွဲသို့ တက်ရောက်ခဲ့ပြီးနောက် ဂွါအီဒိုက ပြောကြားခဲ့သည်။ အကူအညီများအား ပိတ်ဆို့သူများသည် လူမျိုးတုံးသတ်ဖြတ်သည့် ရာဇဝတ်မှုအား ကျူးလွန်မှုနှင့် တူညီနေမည်ဖြစ်ကြောင်း၊ ဆန္ဒပြသူများ သေဆုံးမှုအတွက် စစ်တပ်က တာဝန်ခံရမည်ဖြစ်ကြောင်း ဂွါအီဒိုက သတိပေးခဲ့သည်။
ဇန်နဝါရီ ၂၁ ရက်နောက်ပိုင်း ဆန္ဒပြ ပဋိပက္ခများအတွင်း ခန့်မှန်းခြေ လူ ၄၀ သေဆုံးခဲ့ရမှုကို အောက်မေ့သည့် ဧရာမချီတက်ပွဲအား ဖေဖော်ဝါရီ ၁၂ ရက်တွင် လုပ်ဆောင်ရန်အတွက် ၎င်းက ထပ်မံ တောင်းဆိုခဲ့သည်။ မာဒူရိုအား သစ္စာခံမှုမှ စွန့်လွှတ်သည့် မည်သည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များကိုမဆို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဖြစ်ကြောင်း ဂွါအီဒိုက ကမ်းလှမ်းခဲ့သော်လည်း စစ်ဘက် ထိပ်တန်းခေါင်းဆောင်များက မာဒူရိုအား လူသိရှင်ကြား ထောက်ခံထားဆဲ ဖြစ်သည်။
နိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်ကို အားဖြည့်ရန် နိုင်ငံတစ်ဝန်းတွင် ဖေဖော်ဝါရီ ၁၀ ရက်မှစ၍ ဖေဖော်ဝါရီ ၁၅ ရက်အထိ စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗင်နီဇွဲလားစစ်တပ်က ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အကူအညီများ ပေးပို့မှုသည် ဗင်နီဇွဲလားအား ကြားဝင်စွက်ဖက်ရန် အမေရိကန်၏ လျှို့ဝှက်အကြံအစည် တစ်ခုနှင့် နိုင်ငံရေး လုပ်ကွက်တစ်ခု ဖြစ်ကြောင်း မာဒူရိုက ပယ်ချခဲ့ပြီး ဗင်နီဇွဲလားတွင် စားစရာနှင့် ဆေးဝါးများ ရှားပါးမှု ဆိုးရွားခြင်းသည် အမေရိကန်၏ ပိတ်ဆို့ အရေးယူမှုများကြောင့် ဖြစ်သည်ဟုလည်း ၎င်းက အပြစ်တင်ခဲ့သည်။
အာဏာ မတရားလုယူမှုအား ဟန့်တားရန်နှင့် လူ့အသက်များအား ကယ်တင်နိုင်ရန် ပြည်ပစွက်ဖက်မှုကို ခွင့်ပြုနိုင်ခြေရှိမှုအား ပယ်ချခြင်းမရှိမှု အပါအဝင် လိုအပ်သော အရာအားလုံးကို လုပ်ဆောင်သွားမည်ဟု ဂွါအီဒိုက ဖေဖော်ဝါရီ ၈ ရက်တွင် ကတိပြုခဲ့သည်။ အချိန်ဆွဲရန်အတွက် ဆွေးနွေးပွဲများအား အသုံးချနိုင်ခြင်းကြောင့် မာဒူရိုနှင့် ညှိနှိုင်းမှု မလုပ်ဟု ၎င်းက ဆိုခဲ့သည်။
-
မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းနှင့် စပို့တင်းလစ္စဘွန်းအသင်းတိုက်စစ်မှူး ယိုကယ်ရက်စ်ကို ခေါ်ယူရန် အစီအစဉ်မရှိသေးကြောင်း ဘာစီလိုနာအသင်း အားကစားဒါရိုက်တာ ဒေကို အတည်ပြု
-
■ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်သို့ ဒေသခံများအပြင် အနယ်နယ်အရပ်ရပ်မှ ပြည်သူအများအပြား လာရောက် လည်ပတ်
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ