Top News

သြစတြေးလျက နည်းပညာမြင့် အမေရိကန်ဒုံးကျည်သစ်များကို ဒေါ်လာ ၄ ဒသမ ၇ ဘီလျံဖြင့် ဝယ်ယူမည်
24htopnews | October 23, 2024 6:12 PM CST

အာရှ-ပစိဖိတ်တွင် စစ်ရေးတင်းမာမှုများ လျင်မြန်စွာ အရှိန်မြင့်တက်လာချိန်တွင် သြစတြေးလျက ၎င်း၏ရေတပ်ကို အမေရိကန်လုပ် နောက်ဆုံးပေါ်တာလတ်ပစ် ဒုံးကျည်များနှင့် တာဝေးပစ်ဒုံးကျည်များဖြင့် လက်နက်တပ်ဆင်ရန် အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ ဘီလျံတန်ကြေးရှိသော သဘောတူစာချုပ်ကို အောက်တိုဘာ ၂၂ ရက်တွင် ကြေညာခဲ့သည်။

ထူးခြားသော သမိုင်းမှတ်တိုင်းအဖြစ် သြစတြေးလျက ကြိုဆိုဂုဏ်ပြုခဲ့သော သဘောတူညီချက်သည် ဒေသတွင်းတရုတ်၏နိုင်ထက်စီးနင်း နည်းဗျူဟာများကို ဟန့်တားရန် ယခုနှစ်တွင် ထုတ်ဖော်ခဲ့သော မဟာ ဗျူဟာသစ်နှင့်အညီ သြစတြေးလျရေတပ်ကို လက်နက်ပြန်လည်တပ်ဆင်မှုဖြစ်သည်။

လေယာဉ်နှင့် ခရုစ်ဒုံးကျည်တို့ကို တိုက်ခိုက်နိုင်ပြီး သင်္ဘော၌တင်ဆောင်နိုင်သည့် SM-6 ဒုံးကျည်၊ လမ်းညွှန်သစ်နှင့် ပစ်မှတ်ထံတည့်တည့်သွားနိုင်စွမ်းရှိသော တာလတ်ပစ် SM-2 Block III ဒုံးကျည်တို့ကို ဝယ် ယူရန်သြစတြေးလျဒေါ်လာ ခုနစ်ဘီလျံ(အ မေရိကန်ဒေါ်လာ ၄ ဒသမ ၇ ဘီလျံ) သုံးစွဲမည်ဟု သြစတြေးလျက ပြောကြားခဲ့သည်။

“သြစတြေးလျဟာ ဒုတိယကမ္ဘာစစ်ကတည်းက အရှုပ်ထွေးဆုံး ပထဝီ-မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ကို ရင်ဆိုင်နေရပါတယ်”ဟု ကာကွယ်ရေးစက်မှုလုပ်ငန်းအတွက် သြစတြေးလျဝန်ကြီး ပတ်ကွန်ရေးက ၀ါရှင်တန်ကို ရောက်နေသည့်ခရီးစဉ်တွင် ပြောကြားခဲ့သည်။

“ကမ္ဘာ့ထိပ်တန်း ဒုံးကျည်တွေဟာ သြစတြေးလျပြည်သူတွေကို ဘေးကင်းစေပါလိမ့်မယ်။ ရန်သူမှန်သမျှကို ဟန့်တားပေးပါလိမ့်မယ်။ ဒုံးကျည်ခေတ်မှာ သြစတြေးလျရဲ့ အမျိုးသားအကျိုးစီးပွားတွေကို အကာအကွယ် ပေးပါလိမ့်မယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

အဆိုပါဒုံးကျည်များကို သြစတြေးလျ၏ ဟိုဘာ့အမျိုးအစား ဖျက်သင်္ဘောသုံးစီးတွင် အသုံးပြုသွားမည်ဖြစ်ပြီး ဟန်းတားအမျိုးအစား ရေငုပ်သင်္ဘောဖျက် ဖရီးဂိတ်သင်္ဘောများတွင်လည်း နောက်ပိုင်းအသုံးပြုမည်ဟု သြစတြေးလျအစိုးရက ပြောကြားခဲ့သည်။

သြစတြေးလျသည် အရေးပါသော လေကြောင်းနှင့် ပင်လယ်ရေလမ်းကြောင်းသွားလာမှုတို့ကို ဟန့်တားနေသော သို့မဟုတ် ကုန်သွယ်ရေးကို အနှောင့်အယှက်ပေးနေသော ရန်သူတို့ တိုက်ခိုက်ရသည့် လွယ်ကူနေသည့်အနေအထားကို တန်ပြန်ရန် ကာကွယ်ရေးအသုံးစရိတ်ကို သိသိသာသာ မြှင့်တင်ထားသော ကာကွယ်ရေးမဟာဗျူဟာကို ဧပြီလထဲတွင် ထုတ်ပြန်ခဲ့သည်။

သြစတြေးလျသည် ရေပေါ်တိုက်ခိုက်ရေးသင်္ဘောအုပ်စု လျင်မြန်စွာတိုးတက်လာအောင် လုပ်နေသည့်အပြင် ရေဒါရှောင်ကွင်းနိုင်သော နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများကို ဖြန့်ကြက်ရန် စီမံထားသည်။ အဆိုပါရေငုပ်သင်္ဘောများကို AUKUS(အော်ကက်စ်)ဟုခေါ်သည့် အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျပါဝင်သော သုံးနိုင်ငံမဟာမိတ်အဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုအရ အမေရိကန်နှင့် ဗြိတိန်တို့က တည် ဆောက်ပေးမည်ဖြစ်သည်။

အမေရိကန် ဒုံးကျည်အသစ်များက သြစတြေးလျကာကွယ်ရေးတပ်ဖွဲ့(ADF)အနေဖြင့် ရေတပ်၏ ထိခိုက်မှုများပြားစေသော တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရန်ရည်ရွယ်ချက်အား ထုတ်ဖော်ပြသနေခြင်းဖြစ် သည်ဟု သြစတြေးလျကာကွယ်ရေးဝန်ကြီး ရစ်ချက်မားလ်က ပြောကြားခဲ့သည်။

အဆိုပါ ဒုံးကျည်အသစ်များကြောင့် မိမိတို့၏ရေတပ်သည် တာဝေးရှိရေကြောင်းပစ်မှတ်များ၊ မြေပြင်ပစ်မှတ်များ၊ ဝေဟင်ပစ်မှတ်များကို တိုက်ခိုက်နိုင်စွမ်းရှိလာလိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် အမေရိကန်ထုတ် ဒုံးကျည်အသစ်များသည် သြစတြေးလျပြည်သူများနှင့် ယင်းပြည်သူတို့၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် သြစတြေးလျကာကွယ်ရေးတပ်ဖွဲ့အတွက် စွမ်းရည်ကို မြှင့် တင်ပေးသော ပဲ့ထိန်းဒုံးကျည်ကာကွယ်ရေးစနစ်ကိုလည်း ပံ့ပိုးပေးမည်ဟုဆိုသည်။

Ref: AFP


READ NEXT
Cancel OK