Top News

တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းအနီး၌ ကျည်ဆန်အစစ်အသုံးပြုသော စစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာ ၂၂ ရက်တွင် လုပ်ဆောင်
24htopnews | October 23, 2024 3:12 PM CST

အောက်တိုဘာ ၂၂ ရက်တွင် တရုတ် စစ်တပ်က ထိုင်ဝမ်အနီး၌ ကျည်ဆန်အစစ် အသုံးပြုသော စစ်ရေးလေ့ကျင့်မှုကို စတင်လုပ်ဆောင်ခဲ့သည်။

အကြီးစား စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ပြီးနောက် မိမိဘာသာအုပ်ချုပ်နေသော ထိုင်ဝမ်ကို ဖိအားပေးရန်လည်းကောင်း၊   သမ္မတရှီကျင်းပင်က စစ်ပွဲအတွက် စစ်သားများ ပြင်ဆင်ထားရန်လည်းကောင်း ပြောကြားခဲ့ပြီးနောက် တရုတ်စစ်တပ်က ယခုစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခြင်းဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီသည် ထိုင်ဝမ်ကျွန်းကို အုပ်ချုပ်ခြင်းမရှိသော်လည်း ထိုင်ဝမ်သည် ၎င်း၏နယ်မြေဖြစ်သည်ဟု ပြောဆိုထားသည်။ ထိုင်ဝမ်ကို ၎င်း၏ထိန်းချုပ်မှုအောက်သို့ ရောက်လာစေရေးအတွက် အင်အားအသုံးပြုမည့်ကိစ္စအား ဘယ်တော့မျှ ငြင်းပယ်မည်မဟုတ်ဟု ပြောကြားထားသည်။

ယခုလထဲတွင် တရုတ်က ထိုင်ဝမ်ကျွန်းပတ်ပတ်လည်သို့ လေယာဉ်များ၊ သင်္ဘောများကို စေလွှတ်ခဲ့သည်။ ယင်းသို့လုပ်ဆောင်ခြင်းမှာ ထိုင်ဝမ်လွတ်လပ်ရေးလိုလားသော အင်အားစုများ၏ ခွဲထွက်ရေးလုပ်ရပ်များအတွက် ပြင်းပြင်းထန်ထန်သတိပေးမှုဖြစ်သည်ဟု တရုတ်က ပြောကြားခဲ့သည်။

ကျည်ဆန်အစစ် အသုံးပြု၍ စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်မှ ၆၆ မိုင် (၁၀၅ ကီလို မီတာ) အကွာတွင်တည်ရှိသည့် တရုတ်ပြည်မကြီးအနီးရှိ ကန့်သတ်နယ်မြေတွင်လုပ်ဆောင်မည်ဟု ပင်းထန် အရှေ့ကျွန်းပေါ်က ရေကြောင်းဘေးကင်းရေးဌာန(MSA)က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုသည် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် စတင်မည်ဖြစ်ပြီး စတုရန်းမိုင် ၆၀ (စတုရန်း ကီလိုမီတာ ၁၅၀) ခန့်ရှိသော ဧရိယာတွင် လေးနာရီကြာပြုလုပ်မည်ဟု MSA က ဖော်ပြခဲ့သည်။

ပင်းထန်ကျွန်းသည် တရုတ်ပြည်မကြီးထဲက ထိုင်ဝမ်ကျွန်းမကြီးနှင့် အနီးဆုံးနေရာ ဖြစ်သည်။

ကျည်ဆန်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုကို မည်သည့် တရုတ်တပ်ဖွဲ့က ပြုလုပ်မလဲဆိုသည်ကိုလည်းကောင်း၊ ကျည်ဆန်အစစ်ဖြင့် လေ့ကျင့်မှု၏ရည်ရွယ်ချက်ကိုလည်းကောင်း ရေကြောင်းအာဏာပိုင်များက ပြော ကြားခြင်းမပြုပေ။

တရုတ်၏ စစ်ရေးလှုပ်ရှားမှုများကိုလည်းကောင်း၊ တရုတ်၏ရည်ရွယ်ချက်များကိုလည်းကောင်း မိမိတို့ အနီးကပ်စောင့်ကြည့်နေသည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယခုစစ်ရေးလေ့ကျင့်မှုသည် ထိုင်ဝမ်ရေလက်ကြား၌ အလှုပ်အယမ်းများနေမှုနှင့်အညီ ခြိမ်းခြောက်မှုကို မြှင့်တင်ရန် တရုတ်၏ နည်းဗျူဟာအစိတ်အပိုင်းဖြစ်နိုင်သည်ဟု ထိုင်ဝမ်က ပြောကြားခဲ့သည်။

စစ်ရေးလေ့ကျင့်မှုများသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးတို့ကို အားနည်းစေသော ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်သည်ဟုဝန်ကြီးချုပ်ချိုဂျွန်တိုင်က ပြောကြားခဲ့သည်။

လွန်ခဲ့သော ရက်ပိုင်းတွင် အမေရိကန်စစ်သင်္ဘောတစ်စီးနှင့် ကနေဒါစစ်သင်္ဘော တစ်စီးတို့သည် ၁၈၀ ကီလိုမီတာအကျယ်ရှိသော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်။

Ref: AFP

 


READ NEXT
Cancel OK