Top News

ရွေးကောက်ပွဲလွန် အဓိကရုဏ်းများဖြစ်ပွားခဲ့ပြီးနောက် အင်ဒိုနီးရှားတပ်ဖွဲ့ဝင် ၆၀၀၀၀ ခန့်ကို ဂျကာတာတွင် တပ်ဖြန့်ထား
24htopnews | October 23, 2024 2:12 PM CST

အင်ဒိုနီးရှား၌ ရွေးကောက်ပွဲလွန်ဆန္ဒပြမှုတို့ကြောင့် လမ်းပေါ်အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီးနောက် အင်ဒိုနီးရှားတပ်ဖွဲ့ဝင် ၆၀၀၀၀ နီးပါးကို မေ ၂၃ ရက်တွင် မြို့တော် ဂျကာတာ၌ တပ်ဖြန့်ထားကြောင်း သိရသည်။

သမ္မတဂျိုကိုဝီဒိုဒို ပြန်လည် ရွေးကောက်ခံရမှုကို ဆန့်ကျင်သူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား အဓိကရုဏ်းများ နှစ်ညတာဖြစ်ပွားခဲ့မှုအတွင်း အသက် ၁၇ နှစ်အရွယ် အထက်တန်းကျောင်းသား တစ်ဦးနှင့်အသက် ၁၉ နှစ်အရွယ်လူငယ်တစ်ဦး တို့အပါအဝင် လူခုနစ်ဦးထက်မနည်း သေဆုံးခဲ့သည်။ သေနတ်ဖြင့်ပစ်ခတ်ခံရမှု သို့မဟုတ် ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိမှုတို့ကြောင့် လူသေဆုံးမှုဖြစ်ပေါ်ရကြောင်းနှင့် ၎င်းတို့အနေဖြင်လူအုပ်ထဲသို့ ကျည်အစစ်သုံး၍ ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း အာဏာပိုင်များက ပြောကြားထားသည်။

ဧပြီ ၁၇ ရက်ရွေးကောက်ပွဲတွင် မဲမသမာမှုရှိခဲ့သည်ဟု သမ္မတဝီဒိုဒို၏ပြိုင်ဘက်ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝိုဆူဘီယန်တို၏ ပြောကြားချက်များသည် ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားစေရန် မြှောက်ပေးသကဲ့သို့ ဖြစ်နေသည်။ သမ္မတရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သူ အသက် ၆၇ နှစ်အရွယ် ဆူဘီယန်တိုသည် မဲရလဒ်များ မမှန်ကန်ကြောင်း စိန်ခေါ်ရန် တရားဥပဒေလမ်းကြောင်းအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟုဆိုသည်။ ရွေးကောက်ပွဲအတွင်း လိမ်လည်မှုရှိသည်ဟု ဆိုထားသော ဆူဘီယန်တိုသည် မေ ၂၄ ရက်မတိုင်မီ ဖွဲ့စည်းပုံအခြေခံတရားရုံးသို့ တိုင်ကြားရမည်ဖြစ်သည်။

ရွေးကောက်ပွဲတာဝန်ရှိသူများနှင့် လေ့လာဆန်းစစ်သူများကမူ ဆူဘီယန်တို၏ ပြောကြားမှုများအား မှန်ကန်ခြင်းမရှိဟု သဘောထားကာ လျစ်လျူရှုထားကြသည်။ သို့သော် ဆူဘီယန်တိုအား ထောက်ခံသူ အများအပြားက အင်ဒိုနီးရှားနိုင်ငံ ရွေးကောက်ပွဲတွင် လိမ်လည်မှုရှိသည်ဟူသောအချက်ကို အခိုင်အမာ ယုံကြည်ထားကြဟန်ရှိသည်။

ရုန်းရင်းဆန်ခတ်မှုများ ထပ်မံဖြစ်ပွား လာမည်ကို စိုးရိမ်နေကြစဉ် သမ္မတရုံးနှင့် ရွေးကောက်ပွဲစောင့်ကြည့်ရေးအေဂျင်စီ၏ ရုံးအဆောက်အအုံတို့အပါအဝင် ဂျကာတာမြို့၏ အချက်အချာကျသောနေရာများတွင် ရဲတပ်ဖွဲ့ဝင်များနှင့်စစ်သားများက အနီးကပ် လုံခြုံရေးပေးနေခြင်းကြောင့် မေ ၂၃ ရက်၌ မြို့တော်ဂျကာတာရှိ လမ်းမများပေါ်တွင် ယခင်ရက်များနှင့်နှိုင်းယှဉ်ပါက တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။

အဓိကရုဏ်းများဖြစ်ပွားခြင်းကို သည်းခံနေလိမ့်မဟုတ်ကြောင်း သမ္မတဝီဒိုဒိုက ကတိပြုခဲ့ပြီးနောက် ယခင်က တပ်ဖြန့်ထားသည့် အရေအတွက်ထက် နှစ်ဆနီးပါးပိုများသော လုံခြုံရေးတပ်ဖွဲ့ဝင် ၆၀၀၀၀ နီးပါးကို မေ ၂၃ ရက်တွင် တပ်ဖြန့်ခဲ့ခြင်း ဖြစ်သည်။ ရုန်းရင်းဆန်ခတ်မှုများအတွက် ရန်စမှု လုပ်ဆောင်သူများကို အာဏာပိုင်များက အပြစ်တင်ထားပြီး ၎င်းတို့သည် ပြဿနာကို မီးမွှေးရန်အတွက် ဂျကာတာမြို့ပြင်မှ ရောက်ရှိလာကြသူများဖြစ်ကြောင်း ပြောကြားထားသည်။

ရုန်းရင်းဆန်ခတ်မှုအတွင်း သံသယရှိ သူ ၃၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားပြီး ၎င်းတို့အား စစ်ဆေးမေးမြန်နေကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဒီဒီပရာစက်ယိုက ဆိုသည်။ ရွေးကောက်ပွဲကော်မရှင်ရုံးကိုလည်း သံဆူးကြိုးများကာရံထားကာ လုံထိန်းတပ်ဖွဲ့ဝင်များစွာနှင့် လုံခြုံရေးပေးထားကြောင်း သိရသည်။             Ref ; AFP


READ NEXT
Cancel OK