အိန္ဒိယသည် မေ ၂၂ ရက်တွင် ကမ္ဘာ့အမြန်ဆုံး ခရုဇ်ဒုံးအား ဂျက်တိုက်လေယာဉ်မှတစ်ဆင့် ပစ်လွှတ်ခဲ့ရာ မြေပြင်ရှိ ရည်ရွယ်ထားသော ပစ်မှတ်ကို အောင်မြင်စွာ ထိမှန်ခဲ့ပြီးနောက် ထိုဒုံးအား အဓိကကျသော ထပ်မံစမ်းသပ်မှုသည် အောင်မြင်ခဲ့သည်။
အိန္ဒိယသည် ရုရှားနှင့်ပူးပေါင်းလျက် တစ်နာရီလျှင် ကီလိုမီတာ ၃၄၅၀ (မိုင် ၂၁၄၀) အမြန်နှုန်းရှိသော အသံထက်မြန်သည့် BrahMo ဒုံးအား တည်ဆောက်နေပြီး မကြာမီတွင် ပြည်ပသို့ ရောင်းချရန်ပါ လိုလားနေကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။
ထိုဒုံးသည် အသံထက်မြန်သော ကွန်ကော့ဂျက်လေယာဉ်၏ အမြန်နှုန်းထက် တစ်ဆခွဲ ပိုမြန်သည်။
အထူးပြောင်းလဲပြင်ဆင်ထားသော ရုရှား၏ Su- 30 MKI တိုက်လေယာဉ်က ၂.၅ တန်အလေးချိန်ရှိသော ထိုဒုံးအား ပစ်လွှတ်ခဲ့ရာ ဒုံးသည် အကွာအဝေး ကီလိုမီတာ ၃၀၀ (၁၈၅ မိုင်) အထိ ရောက်ရှိခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ တိုက်လေယာဉ်မှ ဒုံးပစ်လွှတ်မှုသည် အဆင်ချောမွေ့ခဲ့ပြီး ရည်မှန်းထားသော လမ်းကြောင်းအတိုင်း သွားကာ မြေပြင်ရှိ ပစ်မှတ်ကို ထိမှန်ခဲ့ကြောင်းလည်း ယင်းဌာနက ထုတ်ပြန်ခဲ့သည်။
ရုရှား၏ မူလတိုက်လေယာဉ်အား စက်ပိုင်း၊ လျှပ်စစ်ပိုင်းနှင့် ဆော့ဝဲဖ်ပိုင်းဆိုင်ရာ အလွန်ရှုပ်ထွေးသော ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ခဲ့ရကြောင်းသာ ထိုဌာနက ထုတ်ပြန်ခဲ့သော်လည်း ယခုစမ်းသပ်မှုအား ပြုလုပ်ခဲ့သည့်နေရာကို မထုတ်ပြန်ခဲ့ပေ။
ထိုဒုံးဖြင့် ရေပြင်ရှိ ပစ်မှတ်အား ပစ်ခတ်သည့် ပထမဆုံးစမ်းသပ်မှုကိုမူ ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် ပြုလုပ်ခဲ့သည်။
BrahMos ဒုံးသည် မည်သည့်ရာသီဥတု အခြေအနေတွင်မဆို နေ့ဖြစ်စေ၊ ညဖြစ်စေ ရေပြင်သို့မဟုတ် မြေပြင်မှ မည်သည့်ပစ်မှတ်ကိုမဆို ဝေးလံသော အကွာအဝေးမှပစ်ခတ် နိုင်ပြီး အိန္ဒိယလေတပ်စွမ်းရည်အတွက် အလွန်အမင်းအထောက်အကူပြုမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အိန္ဒိယသည် ရေပြင်မှနေ၍ ပစ်ခတ်နိုင်သော ဒုံးအမျိုးအစားကို ရေတပ်အတွက်မှာ ယူထားပြီးဖြစ်ပြီး BrahMos ဒုံးများအား ၂၀၂၀ ပြည့်နှစ်မှစ၍ အိန္ဒိယလေတပ်တွင် စတင်အသုံးပြုနိုင်မည်ဟု ကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သည့်မီဒီယာများက ဖော်ပြခဲ့ကြသည်။
BrahMos သည် အိန္ဒိယနှင့် ရုရှားတို့မှ ဗြဟ္မပုတြနှင့် မော့စ်ဗာမြစ်တို့၏ အမည်များကို အစွဲပြု မှည့်ထားခြင်းဖြစ်သည်။
BrahMos သည် အိန္ဒိယနှင့်ရုရှားတို့ အကြား ဖက်စပ်လုပ်ငန်းဖြစ်ပြီး မကြာသေးမီက အပြည်ပြည်ဆိုင်ရာလေကြောင်းပြပွဲများတွင် ထိုဒုံးများအား ရောင်းချရန်အတွက် နိုင်ငံအချို့နှင့် ဆွေးနွေးခဲ့ကြောင်း ထိုကုမ္ပဏီမှ နှစ်နိုင်ငံတာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။ ထိုဒုံးများအား ဝယ်ယူရန် အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံများက စိတ်ဝင်စားနေကြသည်ဟု မီဒီယာများက ဖော်ပြခဲ့ကြပြီး တရုတ်ကို စိုးရိမ်မှုဖြစ်စေနိုင်သည်။
အိန္ဒိယနှင့်ရုရှားတို့သည် တစ်နာရီလျှင် ၆၁၂၅ ကီလိုမီတာ (မိုင် ၃၈၀၀) အထိ အမြန်နှုန်းရှိသော တာဝေးပစ်ဒုံးများကို တည်ဆောက်ရန်အတွက်လည်း စီစဉ်နေကြကြောင်း သတင်းထွက်နေသည်။ Ref ; AFP
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
-
Nations League ကွာတားဖိုင်နယ်သို့ ပေါ်တူဂီနှင့် နယ်သာလန်အသင်း ထပ်မံတက်ရောက်ခဲ့ပြီး ဂျာမနီအသင်း ပြိုင်ပွဲသမိုင်းတွင် ဂိုးအပြတ်ဆုံးနိုင်ပွဲ စံချိန်တင်