ဂူအမ်ကျွန်းအနီး နိုင်ငံပေါင်းစုံ ပါဝင်သည့် စစ်ရေးလေ့ကျင့်မှုကို ၀ါရှင်တန်က စတင်ခဲ့ပြီးနောက် အမေရိကန် စစ်သင်္ဘောနှစ်စင်းသည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခဲ့သည်ဟု အမေရိကန်ရေတပ်က မေ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဖျက်သင်္ဘော USS Preble နှင့် ထောက်ပံ့သင်္ဘော USNS Walter S. Diehl သည် အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့်အညီ ပုံမှန် ဖြတ်သန်းသွားလာမှုတစ်ခု လုပ်ဆောင်ခဲ့သည်ဟု ရေတပ်က ထုတ်ပြန်ခဲ့သည်။
“အမေရိကန် ရေတပ်က အပြည်ပြည်ဆိုင်ရာ ဥပဒေက ခွင့်ပြုထားတဲ့ ဘယ်နေရာမှာမဆို ပျံသန်းမှု၊ သင်္ဘောမောင်းနှင်မှုနဲ့ စီမံခန့်ခွဲမှုတွေကို ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု ရေတပ်က ထုတ်ပြန်ခဲ့သည်။
တရုတ်ပြည်မကြီးနှင့် ထိုင်ဝမ်ကို ပိုင်းခြားထားသည့် ကျဉ်းမြောင်းသော ရေလမ်းကြောင်းတွင် အမေရိကန် စစ်သင်္ဘောများက လွတ်လပ်သည့် စစ်ရေးလေ့ကျင့်မှုများကို အခါအားလျော်စွာ လုပ်ဆောင်မှုအား ပေကျင်း က ဒေါသတကြီး တုံ့ပြန်လေ့ရှိသည်။
ရေလက်ကြားကို ဖြတ်သန်းသည့် သင်္ဘောတိုင်းသည် ၎င်း၏ အချုပ်အခြာ အာဏာကို အခြေခံအားဖြင့် ချိုးဖောက်ခြင်း ဖြစ်သည်ဟု တရုတ်က ယူဆခဲ့သည်။ အမေရိကန်နှင့် အခြားနိုင်ငံများကမူ ယင်းရေလမ်းကြောင်းသည် အားလုံးအတွက် ဖွင့်လှစ်ထားသည့် အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်ဟု ယူဆခဲ့သည်။
အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား နှင့် သြစတြေးလျနိုင်ငံတို့ ပါဝင်သည့် Pacific Vanguard စစ်ရေး လေ့ကျင့်မှုကို စတင်ချိန်အတွင်း အမေရိကန် စစ်သင်္ဘော နှစ်စင်းက ယင်းရေလက်ကြားသို့ ဖြတ်သန်း သွားလာခဲ့ခြင်း ဖြစ်သည်။ ယင်းစစ်ရေး လေ့ကျင့်မှုတွင် နိုင်ငံ လေးနိုင်ငံမှ သင်္ဘောသား ၃,၀၀၀ ကျော် ပါဝင်ခဲ့သည်။
ယင်း စစ်ရေးလေ့ကျင့်မှုတွင် ကျည်ဆန် အစစ်များဖြင့် ပစ်ခတ်သည့် စစ်ရေး လေ့ကျင့်မှုများ၊ လေကြောင်း ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုများ၊ ရေငုပ်သင်္ဘောဖျက် စစ်ဆင်ရေးနှင့် ပင်လယ်ပြင်တွင် လောင်စာ ပြန်လည် ဖြည့်တင်းမှုများကို အဓိက လေ့ကျင့်သွားမည်ဟု အမေရိကန် အမှတ် (၇) သင်္ဘောစုက ထုတ်ပြန်ခဲ့သည်။
ဂူအမ်တွင် ရေတပ် စစ်ရေးလေ့ကျင့်မှုများအတွက် သြစတြေးလျနိုင်ငံက ပေါ့ပါးမြန်ဆန်သည့် ဖရီးဂိတ် စစ်သင်္ဘော နှစ်စင်း၊ ဂျပန် က ဖျက်သင်္ဘော နှစ်စင်းနှင့် တောင်ကိုရီးယား က ဖျက်သင်္ဘော တစ်စင်း စေလွှတ်ခဲ့သည်။ အမေရိကန်ဘက်အခြမ်းမှ စစ်ရေးလေ့ကျင့်မှုကို အမှတ် (၇) သင်္ဘောစု၏ စစ်သင်္ဘော The USS Blue က ဦးဆောင်မည် ဖြစ်သည်။
လူ ၁၆၀,၀၀၀ ကျော်နေထိုင်သည့် ဂူအမ်ကျွန်းသည် ၂၀၁၇ ခုနှစ်တွင် အမေရိကန် နှင့် မြောက်ကိုရီးယားအကြား နျူကလီးယား တင်းမာမှု၏ ဗဟိုချက် ဖြစ်ခဲ့သည်။
ထိုင်ဝမ် ရေလက်ကြားသို့ ပြင်သစ် စစ်သင်္ဘောတစ်စင်း ဝင်ရောက်လာမှုကို တရုတ် ရေတပ်က သတိပေးခဲ့ပြီး ယင်းအကြောင်းအရာနှင့် ပတ်သက်ပြီး ပါရီကို တရားဝင် ကန့်ကွက်လွှာ တင်ခဲ့သည်ဟု တရုတ်က ထုတ်ပြန်ခဲ့သည်။
၁၉၄၉ ခုနှစ်တွင် ပြည်မကြီး၌ ပြည်တွင်းစစ် အဆုံးသတ်ခဲ့ပြီးနောက် တရုတ်နှင့် ထိုင်ဝမ်သည် သီးခြားစီ အုပ်ချုပ်ခဲ့သော်လည်း တရုတ်က ထိုင်ဝမ်ကို ပြန်လည် ပေါင်းစည်းရမည့် ၎င်း၏ ပိုင်နက်တစ်ခုအဖြစ် ယူဆခဲ့သည်။
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
-
Nations League ကွာတားဖိုင်နယ်သို့ ပေါ်တူဂီနှင့် နယ်သာလန်အသင်း ထပ်မံတက်ရောက်ခဲ့ပြီး ဂျာမနီအသင်း ပြိုင်ပွဲသမိုင်းတွင် ဂိုးအပြတ်ဆုံးနိုင်ပွဲ စံချိန်တင်