Top News

အီရန်နှင့်စစ်ဖြစ်ရန် မဟုတ်ဘဲ ဟန့်တားရန်သာဖြစ်ကြောင်း အမေရိကန်ပြောကြား
24htopnews | October 23, 2024 2:12 PM CST

အမေရိကန်က အီရန်အား ပြင်းထန်သော သတိပေးမှုများ လုပ်ဆောင်မှု တစ်လခန့်ရှိလာချိန်တွင် မေ ၂၁ ရက်၌ ကွန်ဂရက်တွင် လျှို့ဝှက်ကြားနာမှု၌ ယာယီကာကွယ်ရေးဝန်ကြီး ပက်ထရစ်ရှာနာဟန်က အမေရိကန်သည် အီရန်နှင့်စစ်ဖြစ်ရန် ကြိုးပမ်းနေခြင်းမဟုတ်ဘဲ ခိုင်မာသော စစ်ရေးလှုပ်ရှားမှုများနှင့် အီရန်အစိုးရကို ဟန့်တားနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“ဒီလုပ်ရပ်တွေက ဟန့်တားဖို့ပါ။ စစ်ဖြစ်ဖို့ မဟုတ်ပါဘူး။ ကျုပ်တို့တွေ စစ်ဖြစ်မှာ မဟုတ်ပါဘူး” ဟု ရှာနာဟန်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့်အတူ ကွန်ဂရက်၌ ကြားနာမှုအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ အမေရိကန်လေယာဉ်တင်သင်္ဘော USS Abraham Lincoln တိုက်ခိုက်ရေးရေယာဉ်စုနှင့် နျူကလီးယား လက်နက်တင်ဆောင်နိုင်သော B-52 ဗုံးကြဲလေယာဉ်များအား အရှေ့အလယ်ပိုင်း၌ တပ်စွဲမှုသည် တုံ့ပြန်ဆောင်ရွက်မှုဖြစ်ပြီး အားကောင်းသော အချက်ပြမှုကို ပေးနိုင်ခဲ့ကြောင်း ရှာနာဟန်က ပြောကြားခဲ့သည်။

စစ်လက်နက်များ နေရာရွှေ့ပြောင်းမှုအား အခြေခံ၍ တိုက်ခိုက်မှုများအား ဟန့်တားနိုင်ခဲ့ကြောင်း၊ အမေရိကန်တပ်ဖွဲ့များအား တိုက်ခိုက်မှုများကို ဟန့်တားနိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထိုအနေအထား၌ မိမိတို့၏ အကြီးမားဆုံးအာရုံစိုက်မှုမှာ အီရန်၏ မှားယွင်းတွက်ချက်မှုအား ကြိုတင် ဟန့်တားရန်ဖြစ်ကြောင်း၊ အခြေအနေကို အရှိန်မြင့်တက်စေရန် မလိုလားကြောင်း ရှာနာဟန်က ပြောကြားခဲ့သည်။

အမေရိကန်၏မဟာမိတ် အာရပ်နိုင်ငံများတွင် ဖြစ်ပွားခဲ့သည့် လုံခြုံရေးဆိုင်ရာ ဖြစ်ရပ်များအတွက် ထရန့်၏နံပါတ်တစ် ရန်သူဖြစ်သည့် အီရန်ကို အပြစ်တင်ထားသည့် ထောက်လှမ်းရေး သတင်းအချက်အလက်များကို ပွန်ပီယိုနှင့် ရှာနာဟန်တို့က မျှဝေခဲ့သည်ဟု ယူဆရသည်။

ယူအေအီးကမ်းလွန်တွင် ရေနံတင်သင်္ဘောများ အဖျက်အမှောင့် တိုက်ခိုက်ခံခဲ့ရမှုအပြင် ဆော်ဒီအာရေဗျ၏ အဓိက ရေနံပိုက်လိုင်းကို ဒရုန်းဖြင့် တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် အီရန်က ပါဝင်နေနိုင်ခြေရှိကြောင်း ပွန်ပီယိုက မေ ၂၁ ရက်တွင် အင်တာဗျူးတစ်ခု၌ ပြောကြားခဲ့သော်လည်း အပြီးသတ်ကောက်ချက်ဆွဲမှု မပြုလုပ်ခဲ့ပေ။

ပြီးခဲ့သောသီတင်းပတ်တွင် ဆော်ဒီ၌ အရှေ့- အနောက် အဓိက ရေနံပိုက်လိုင်းကို ဒရုန်းဖြင့်တိုက်ခိုက်မှုအား ၎င်းတို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အီရန်နှင့်မဟာမိတ်ဖြစ်ပြီး ဆော်ဒီညွန့်ပေါင်း၏ လေကြောင်းတိုက်ခိုက်မှုကို အပြင်းအထန်ခံစားခဲ့ရသော ယီမင်ဟူသီသူပုန်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးအနီးသို့ ရော့ကတ်တစ်စင်း ပစ်ခတ်ခဲ့မှုအပါအဝင် တိုက်ခိုက်မှုများစွာ၏ နောက်ကွယ်တွင် အီရန်နှင့် ၎င်း၏ကိုယ်စားလှယ်အဖွဲ့များ ပါဝင်နေကြောင်း လက်ခံလာစေရန် ထရန့်အစိုးရအဖွဲ့က စည်းရုံးနိုင်ခဲ့ကြောင်း အောက်လွှတ်တော် ပြည်ပရေးရာ ကော်မတီမှ ထိပ်တန်းရီပက်ဘလီကင်အမတ်ဖြစ်သည့် မိုက်ကယ်မက်ကူးက ပြောကြားခဲ့သည်။ အီရန်အား တားဆီးရန် အမေရိကန်၏ တုံ့ပြန်မှုများအရ အမေရိကန်သည် စစ်ဖြစ်ရန် ရည်ရွယ်ချက်မရှိကြောင်း အလွန်ရှင်းလင်းနေသည်ဟုလည်း ၎င်းက ဆိုခဲ့သည်။

အမေရိကန်သည် စစ်ရေးဆိုင်ရာ တပ်စွဲမှုများ ပြုလုပ်ပြီး အလွန့်အလွန် အန္တရာယ်များသော ကစားပွဲကို ကစားနေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ်က သတိပေးခဲ့သည်။ အီရန်အား ဆန့်ကျင်သည့်အရှိန် မြင့်တက်လာလျှင် အားလုံးအတွက် နာကျင်စရာကောင်းသည့် နောက်ဆက်တွဲဆိုးကျိုးများ ခံစားရလိမ့်မည်ဖြစ်ကြောင်း ၎င်းက စီအင်န်အင်န်သို့ ပြောကြားခဲ့သည်။

အကျဉ်းသားများ လဲလှယ်ရေးအတွက် ဇာရစ်က အဆိုပြုခဲ့ရာ တင်းမာမှုလျော့ကျစေရန်အတွက် အနည်းဆုံးအားဖြင့် နှစ်နိုင်ငံအကြား အဆင့်နိမ့် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် လမ်းကြောင်းပွင့်နိုင်ကြောင်း လေ့လာသူအချို့က သုံးသပ်ခဲ့ကြသည်။          

 


READ NEXT
Cancel OK