ပြင်သစ်ဝန်ကြီးချုပ်ဟောင်း ဖရန်ဆွာဖီလွန်းသည် ၂၀၁၇ ခုနှစ်တွင် ၎င်း၏ သမ္မတဖြစ်ခွင့်အလားအလာကို ပျက်သုဉ်းစေခဲ့သော ပြည်သူ့ရန်ပုံငွေအလွဲသုံးစားပြုမှု အရှုပ်တော်ပုံနှင့်ပတ်သက်၍ ဇွန် ၂၉ တွင် ဆိုင်းငံ့ထောင်ဒဏ် သုံးနှစ်အပါအဝင် ထောင်ဒဏ်ငါးနှစ် ချမှတ်ခံခဲ့ရသည်။
ဖီလွန်း၏ ဇနီးဖြစ်သူပင်နီလုသည်လည်း ခင်ပွန်း၏ ပါလီမန်ဆိုင်ရာ လက်ထောက်အဖြစ် အမည်ခံအလုပ်အတွက် ယူရိုတစ်သန်းခန့် ရရှိခဲ့သည့် လိမ်လည်မှုတွင် ပါဝင်မှုအတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပြီး ၎င်းအား ဆိုင်းငံ့ထောင် ဒဏ်သုံးနှစ်ချမှတ်ခဲ့သည်။
အသက် ၆၆ နှစ်ရှိပြီဖြစ်သော ဖီလွန်းသည် ၎င်း၏ဇနီးဖြစ်သူအား အလုပ်နှင့် ခံစားခွင့်မမျှသော လစာပေးခြင်းဖြင့် နိုင်ငံရေးအဆင့်အတန်းတွင် အများပြည်သူ၏ ယုံကြည်မှုကို တစ်စစယုတ်လျော့စေခဲ့ကြောင်း တရားသူကြီးအကြီးအကဲက ပြင်းပြင်းထန်ထန် ဝေဖန်ထားသည့် စီရင်ချက်တွင် ပြောကြားခဲ့သည်။
ဖီလွန်းသည် အသုံးချခဲ့ခြင်းမရှိသော အလုပ်တစ်နေရာအတွက် ခန့်အပ်ထားခဲ့ကြောင်း တရားသူကြီးအကြီးအကဲ နာတာလီဂါဗာရီနိုက ပြောကြားခဲ့သည်။
ဖီလွန်းဇနီးမောင်နှံတို့က ထိုစီရင်ချက်အား အယူခံဝင်မည်ဟု ၎င်းတို့၏ရှေ့နေ အန်တိုနင်လီဗီက ပြောကြားခဲ့ရာ ဖီလွန်းသည် အယူခံအား မကြားနာသေးမီ ထောင်ဒဏ်ကျခံမှုမှ လွတ်မြောက်နေမည်ဖြစ်သည်။
သမ္မတဟောင်း နီကိုးလပ်စ်ဆာကိုဇီ လက်ထက်တွင် ဝန်ကြီးချုပ်အဖြစ် ၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သော ပြောင်မြောက်သည့် နိုင်ငံရေးအတွင်းလူဖြစ်သူ ဖီလွန်းသည် ထိုအရှုပ်တော်ပုံအတွက် စွပ်စွဲချက်များထွက်ပေါ်ခဲ့သည့် အချိန်က ရွေးကောက်ပွဲတွင် အနိုင်ရရန် တစ်ပြေးနေခဲ့သည်။
ထို့ပြင် ဖီလွန်းသည် ဝန်ကြီးချုပ်မဖြစ်မီ အထက်လွှတ်တော်အမတ်အဖြစ် ထမ်းဆောင်စဉ်က အတုအယောင်အလုပ်များအတွက် ၎င်း၏ကလေးနှစ်ဦးအား စုစုပေါင်း ယူရို ၁၁၇၀၀၀ ပေးရန် ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားပြုခဲ့ကြောင်း သတင်းစာများက ဖွင့်ချခဲ့သည်။
ယင်းအချိန်က ဖီလွန်းသည် ထိုစွပ်စွဲချက်များအား ငြင်းဆိုခဲ့ပြီး ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မှုမှ ရုပ်သိမ်းရန် ပါတီ၏ ဖိအားပေးမှုကို ကြံ့ကြံ့ခံခဲ့သည်။ သို့သော် သမ္မတရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မှုတွင်မူ ဖီလွန်းသည် ပထမအကျော့တွင်ပင် ရှုံးနိမ့်သွားခဲ့သည်။
ထိုအတုအယောင် အလုပ်အကိုင်အရှုပ်တော်ပုံ ထွက်ပေါ်လာချိန်တွင် ဖီလွန်းက ယင်းသည် ညစ်ပတ်သော လှည့်ကွက်များဖြစ်ကြောင်း ဝေဖန်ခဲ့ပြီး ဥပဒေနှင့်မညီသော မည်သည့်အရာကိုမျှ ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။
သို့သော် နောက်ပိုင်းတွင် ဖီလွန်းက ဝေဖန်ပိုင်းခြားနိုင်စွမ်း၌ မှားယွင်းမှုရှိခဲ့ကြောင်း ဝန်ခံခဲ့သည်။
ဖီလွန်း ဇနီးမောင်နှံတို့သည် ပင်နီလုက မည်သည့်အလုပ်များ လုပ်ဆောင်ခဲ့ရကြောင်းကို အထောက်အထားများကို မပြသနိုင်ခဲ့ကြောင်း၊ ထိုလိမ်လည်မှုမှတစ်ဆင့် ၎င်းတို့သည် ပိုင်ဆိုင်မှုများ စုဆောင်းခဲ့ကြကြောင်း တရားရုံးက ပြောကြားခဲ့သည်။
တရားရုံးက ဖီလွန်းအား အစိုးရတာဝန် ထမ်းဆောင်မှုမှ ၁၀ နှစ် ပိတ်ပင်ခဲ့ပြီး ပင်နီလုကိုမူ နှစ်နှစ် ပိတ်ပင်ခဲ့သည်။
ဖီလွန်းသည် အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်နေချိန်တွင် ပါလီမန်၌ ၎င်း၏လက်ထောက်နေရာအတွက် ဇနီးဖြစ်သူ ပင်နီလုထံ ငွေများ ဆက်လက်လွှဲပေးနေမှုအတွက် ထိုလိမ်လည်မှုအရှုပ်တော်ပုံတွင် ပါဝင်သည်ဟု စွပ်စွဲခံရသော မက်ခ်ဂျူးလော့အား တရားရုံးက ဆိုင်းငံ့ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့သည်။
ထိုအရှုပ်တော်ပုံကြောင့် ပြင်သစ်အမျိုးသားလွှတ်တော်အား ထိခိုက်နစ်နာစေမှုအတွက် ဖီလွန်းဇနီးမောင်နှံတို့က ယူရို ၄၀၁၀၀၀ ပေးဆောင်ရန်နှင့် ဖီလွန်းနှင့်ဂျူးလော့တို့က နောက်ထပ်ယူရို ၆၇၉၀၀၀ ပေးဆောင်ရန် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။
ပြင်သစ် နိုင်ငံရေးသမားများအနေဖြင့် ဆွေမျိုးကောင်းစားရေးဝါဒ သို့မဟုတ် ဘဏ္ဍာရေးဆိုင်ရာ အလွဲသုံးစားပြုမှုတို့အတွက် ပျော့ပျောင်းသည့် စွဲချက်များသာ ကြုံနေရမှုသည် ဆယ်စုနှစ်နှင့်ချီ ရှိလာခဲ့ပြီးနောက် ထိုအမှုသည် ၎င်းတို့အား ယခုအခါ တာဝန်ခံမှု ရှိ မရှိအတွက် စမ်းသပ်မှုတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်ခံရသည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်