Top News

ရွှေ့ပြောင်းနေထိုင်သူအရေးနှင့် ပတ်သက်ပြီး ဘီလာရုစ်ကို ရုရှားက ကြိုးကိုင်နေဟု ပိုလန်ဝန်ကြီးချုပ် ပြောကြား
24htopnews | October 23, 2024 2:12 AM CST

ဘီလာရုစ်နိုင်ငံအတွင်းမှ ပိုလန်နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းနေသည့် ရွေ့ပြောင်းနေထိုင်သူများ၏လှိုင်းကို ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇာတ်တိုက် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ပိုလန် ဝန်ကြီးချုပ် မားတုချ်မိုရာဝီစကီးက စွပ်စွဲခဲ့ပြီး ဥရောပသမဂ္ဂကို မတည်မငြိမ်ဖြစ်စေရန် တိုက်ခိုက်ရန် ခြိမ်းခြောက်မှုများ လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။

အလွန်အေးခဲသည့် ရာသီဥတုတွင် ဘီလာရုစ်နှင့် ပိုလန်နယ်စပ်၌ ထောင်နှင့်ချီသည့် ရွှေ့ပြောင်းနေထိုင်သူများ ပိတ်မိနေပြီး ယင်းအခြေအနေတွင် နှစ်နိုင်ငံလုံးမှ စစ်သည်များတပ်စွဲထားပြီး ထိတ်တိုက်တွေ့နိုင်သည့် အခြေအနေအပေါ် စိုးရိမ်မှုများမြင့်တက်နေချိန်တွင် ပိုလန်ဝန်ကြီးချုပ်၏ စွပ်စွဲပြောကြားမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ဘီလာရုစ်ခေါင်းဆောင် အလက်ဇန်ဒါးလူကာရှန်ကိုသည် ဥရောပသမဂ္ဂ၏ ပိတ်ဆို့မှုများကို တုံ့ပြန်သည့်အနေဖြင့်  အရှေ့အလယ်ပိုင်းမှ ရွှေ့ပြောင်းနေထိုင်သူများကို ၎င်း၏နိုင်ငံအတွင်းသို့ လာရောက်ရန် သွေးဆောင်ဖြားယောင်းခဲ့ပြီး ယင်းရွှေ့ပြောင်းနေထိုင်သူများကို ၎င်း၏နယ်စပ်မှ အခြားနိုင်ငံသို့ ဖြတ်သန်းဝင်ရောက်စေခဲ့သည်ဟု အနောက်နိုင်ငံများမှ ဝေဖန်ရေးသမားများက ပြီးခဲ့သည့်လများကတည်းက ပြောကြားခဲ့သည်။

မိုရာဝီစကီးသည် ဘီလာရုစ်အား အဓိက ကျောထောက်နောက်ခံပေးထားသည့် ရုရှားနိုင်ငံကို မဝေဖန်မီ နိုဝင်ဘာ ၉ ရက်တွင် နယ်စပ်ဒေသသို့ သွားရောက်ခဲ့ပြီး အစောင့်များ၊ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။

“လူကာရှန်ကိုရဲ့ အခုလိုပုံစံမျိုးနဲ့ တိုက်ခိုက်မှုကို ရုရှားအစိုးရက နောက်ကွယ်က ကြိုးကိုင်ထားတာဖြစ်ပါတယ်။ အဓိကကြိုးကိုင်သူကတော့ သမ္မတပူတင်ဖြစ်ပါတယ်” ဟု မိုရာဝီစကီးက ပိုလန်လွှတ်တော်တွင် ပြောကြားခဲ့သည်။

ပိုလန်နှင့် ဥရောပသမဂ္ဂတွင် အခြေအနေများကို မတည်မငြိမ်ဖြစ်စေရန် ရွှေ့ပြောင်းနေထိုင်သူများသည် လူသားဒိုင်းအဖြစ် အသုံးချခံနေရသည်ဟုလည်း ၎င်းက ဆိုသည်။

ဂျာမနီနိုင်ငံကလည်း လူကာရှန်ကိုသည် ရွှေ့ပြောင်းနေထိုင်သူများကို ကောက်ကျစ်စွာ အမြတ်ထုတ်ပြီး ပိုလန်နယ်စပ်သို့ စေလွှတ်ပို့ဆောင်ပေးနေသည်ဟု စွပ်စွဲခဲ့ပြီး ဘီလာရုစ်နိုင်ငံအား ပိတ်ဆို့မှုအသစ်များချမှတ် ရန် ဥရောပသမဂ္ဂကို နိုဝင်ဘာ ၁၀ ရက်က တောင်းဆိုခဲ့သည်။

“လူကာရှန်ကိုအနေနဲ့ သူ့ရဲ့မှန်းဆချက်တွေဟာ အလုပ်မဖြစ်ဘူးဆိုတာ နားလည်ရပါမယ်။ ဥရောပသမဂ္ဂကို ခြိမ်းခြောက်အကျပ်ကိုင်လို့ မရပါဘူး” ဟု ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဟိုင်ကိုမာ့စ်က ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂသည် ဘီလာရုစ်အပေါ် ချမှတ်ထားသည့် တည်ဆဲပိတ်ဆို့မှုများကို ပိုမိုချဲ့ထွင်ရန် လုပ်ဆောင်နေသည်ဟု ဥရောပသံတမန်များက ပြောကြားခဲ့သည်။

ထို့ပြင် ဥရောပသမဂ္ဂသည် ဒါဇင်နှင့်ချီသည့်နိုင်ငံများ အထူးသဖြင့် အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံများကို ၎င်းတို့၏ နိုင်ငံသားများအား ဘီလာရုစ်နိုင်ငံသို့ သွားရောက်ခြင်းမှ တားဆီးရန် တွန်းအားပေးနေသည်ဟု ဆိုသည်။ လူကာရှန်ကိုသည် ဥရောပသမဂ္ဂကို မတည်မငြိမ်ဖြစ်စေရန် ရွှေ့ပြောင်းနေထိုင်သူများကို ၎င်း၏ နယ်စပ်ဒေသများသို့ စေလွှတ်နေသည်ဟုလည်း ဥရောပသမဂ္ဂက စွပ်စွဲခဲ့သည်။

 

 


READ NEXT
Cancel OK