အမေရိကန်သည် အာဖဂန်နစ္စတန်တွင် အခက်အခဲများကို ကြိုးပမ်းဖြေရှင်းရန် ဆန္ဒမရှိခဲ့သဖြင့် စူပါပါ၀ါနိုင်ငံမဟုတ်တော့ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘင်ဝဲလေ့စ်က Spectator မဂ္ဂဇင်းနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
“ဗြိတိန်ဟာလည်း စူပါပါ၀ါ နိုင်ငံမဟုတ်တာ သိသာထင်ရှားနေပါတယ်” ဟု ၎င်းကဆိုသည်။ ထို့ပြင် အာဖဂန်မှ အမေရိကန်တပ်များ ရုပ်သိမ်းမှုနှင့်ပတ်သက်ပြီး ရည်ညွှန်းပြောဆိုခဲ့သည့် မှတ်ချက်များအရ “စူပါပါ၀ါနိုင်ငံဆိုတာ ဆုံးဖြတ်ထားတဲ့ ကိစ္စတစ်ခုကို ကြိုးစားပမ်းစားရင်ဆိုင်ဖြေရှင်းဖို့ ပြင်ဆင်မထားဘူးဆိုရင် ဒါဟာ စူပါပါ၀ါနိုင်ငံလို့ ပြောလို့မရပါဘူး။ ဒါဟာ ကမ္ဘာလုံးဆိုင်ရာ အင်အားတစ်ခု လုံးဝမဟုတ်ပါဘူး။ ကြီးမားတဲ့ စွမ်းအားတစ်ခုလို့ပဲ ပြောလို့ရပါလိမ့်မယ်” ဟု ဝဲလေ့စ်က ပြောကြားခဲ့သည်။
ဝဲလေ့စ်သည် အာဖဂန်မှ အမေရိကန်တပ်များ ရုပ်သိမ်းမှုကို ယခင်ကတည်းက ဝေဖန်ခဲ့သူဖြစ်ပြီး ယင်းကဲ့သို့ အခြေအနေမျိုး ဖြစ်စေရန် လုပ်ဆောင်ခဲ့သည့် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်အား အပြစ်တင်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလက ထရန့်အစိုးရအဖွဲ့သည် အာဖဂန်မှ အမေရိကန်တပ်များကို ရုပ်သိမ်းရန် တာလီဘန်များနှင့် သဘောတူညီချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့သည်။
ဘိုင်ဒင်အစိုးရသည် တပ်ရုပ်သိမ်းရန် အချိန်ဇယားကို ချဲ့ထွင်ခဲ့သော်လည်း အဆိုပါသဘောတူညီချက် အစိတ်အပိုင်းများစွာကို ဆက်လက်သဘောတူထားခဲ့သည်။
“ကျွန်တော့်ရဲ့ လေ့လာချက်ကို သိချင်တယ်ဆိုရင်တော့ ဒေါ်နယ်ထရန့်က သဘောတူညီချက် လုပ်လိုက်တဲ့အချိန်မှာ ပြည်ဖုံးကားကျသွားပြီဆိုတာပါပဲ” ဟု ဝဲလေ့စ်က BBC ၏ Breakfast အစီအစဉ်သို့ လွန်ခဲ့သည့်လက ပြောကြားခဲ့သည်။
“သမ္မတဘိုင်ဒင်ဟာ (ဆက်လိမ့်နေတဲ့) အရှိန်အဟုန်တစ်ခုကို ဆက်ခံခဲ့ရတာပါ။ အခုအချိန်မှာ သူတို့အနိုင်ရတယ်ရယ်လို့ တာလီဘန်တွေ ယူဆနေကြတာမို့ အဲဒီအရှိန်အဟုန်ကို တာလီဘန်တွေကို ပေးလိုက်ရတာပဲပေါ့။ ဘိုင်ဒင်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းကနေ (အမေရိကန်အနေနဲ့) တပ်ဆုတ်သွားတဲ့ အရှိန်အဟုန်တစ်ခုကိုလည်း ဆက်ခံခဲ့ရတာပါပဲ” ဟုလည်း ဝဲလေ့စ်က ပြောကြားခဲ့သည်။
“မကြာသေးမီသီတင်းပတ်တွေအတွင်းက အာဖဂန်နစ္စတန်မှာ ကမ္ဘာကြီးအနေနဲ့ ကြုံတွေ့လိုက်ရတဲ့အရာတွေရဲ့ အကြောင်း ရင်းခံတွေဟာ သမ္မတဘိုင်ဒင် အာဏာမရခင်ကတည်းက မျိုးစေ့ချပြီးသားပါ” ဟု ဝေါ့လေ့စ် ကဆိုသည်။
ဝဲလေ့စ်က ဧပြီလအထိပြန်ကြည့်ကာ ထရန့်၏ တာလီဘန်တို့နှင့်ရယူခဲ့သည့် သဘောတူညီချက်ကို ပုပ်သိုးနေပြီးသားဟု ခေါ်ဆိုခဲ့သည်။
“ထရန့်က တာလီဘန်တွေနဲ့ သဘောတူညီခဲ့တဲ့အချိန်မှာ ကျွန်တော်ကတော့ အဲဒီသဘောတူညီချက်ကို အဲဒီပုံစံမျိုးနဲ့ လုပ်ခဲ့တာမျိုးကို အမှားတစ်ရပ်ပဲလို့ ရှင်းရှင်းလင်းလင်း မြင်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ နိုင်ငံတကာ အသိုင်းအဝိုင်းတစ်ရပ်လို့ ယူလိုက်တဲ့အခါ အဲဒါရဲ့အကျိုးဆက်တွေအတွက် ကျွန်တော်တို့ ပေးဆပ်ရနိုင်ပါတယ်” ဟုလည်း ဝဲလေ့စ်က ပြောကြားခဲ့သည်။
“ဒိုဟာမှာလုပ်ခဲ့တဲ့ သဘောတူညီချက်ဟာ ပုပ်သိုးနေတဲ့ သဘောတူညီချက်ပါပဲ။ အဲဒီသဘောတူညီချက်ဟာ အနိုင်ရနေတာ မဟုတ်တာကို သူတို့နိုင်နေပါတယ်လို့ တာလီဘန်တစ်ယောက်ကို ပြောလိုက်သလိုပါပဲ။ ပြီးတော့ အာဖဂန်အစိုးရကို နှိမ့်ချလိုက်သလိုပါပဲ။ အခုတော့ တာလီဘန်တွေ နိုင်ငံတစ်လွှားမှာ အရှိန်ရသွားတာ သိသာနေတဲ့ အနေအထားတစ်ရပ်ထဲ ကျွန်တော်တို့ ကျရောက်သွားပါပြီ” ဟု ဝဲလေ့စ်က ပြောကြားခဲ့သည်။
-
အာဖဂန်နစ္စတန်မှ ဆုတ်ခွာခဲ့ပြီးနောက် အမေရိကန်သည် စူပါပါ၀ါနိုင်ငံ မဟုတ်တော့ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ပြောကြား
-
မြန်မာနိုင်ငံသို့ သွားရောက်နိုင်ရေး အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် ကြိုးပမ်းနေဆဲဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြောကြား
-
အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ပိုမိုလုပ်ဆောင်ရန် ထိုင်းဆန္ဒပြသူများက စီစဉ်နေကြစဉ် ဝန်ကြီးချုပ် ပရာယွတ်က အယုံအကြည်မရှိအဆိုမဲခွဲမှုကို ကျော်လွှားနိုင်ခဲ့
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား