ဘောလိဝုဒ်၏ အထင်ကရအနုပညာ ရှင်မင်းသား ရှရွတ်ခန်း၏သားဖြစ်သူ အာရန်ခန်းသည် ဇိမ်ခံအပျော်စီးသင်္ဘောပေါ်က ပါတီတစ်ခုတွင် မူးယစ်ဆေးဝါးပြဿနာနှင့်ပတ်သက်၍ ကင်းရှင်းသွားပြီဖြစ်ကြောင်း အိန္ဒိယ၏ မူးယစ်အေဂျင်စီက မေ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အသက် ၂၄ နှစ်အရွယ် ခန်းသည် ယင်း ပါတီတွင် တားမြစ်ထားသော မူးယစ်ဆေးဝါးများ ပိုင်ဆိုင်ခြင်း သို့မဟုတ် တရားမဝင်ရောင်းဝယ်ခြင်းများကို ပြသနိုင်သော အထောက်အထားမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အိန္ဒိယ၏ စီးပွားရေးနှင့် ဖျော်ဖြေရေးမြို့တော် မွမ်ဘိုင်းတွင် အပျော်စီးသင်္ဘောတစ်စင်းကို အောက်တိုဘာလက ဝင်ရောက်စီးနင်းမှုအတွင်း သရုပ်ဆောင်တစ်ဦးနှင့် ဒါရိုက်တာ တစ်ဦးဖြစ်ရန် ရည်ရွယ်ထားသော ခန်းကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၎င်းကို သီတင်းပတ်သုံးပတ်အကြာ၌ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။
အိန္ဒိယ၏ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဗျူရိုက ရှစ်လကြာ စုံစမ်းစစ်ဆေးမှုအတွင်း ရရှိသည့် သက်သေအထောက်အထားများအရ ခန်းနှင့် ဆက်နွှယ်ခြင်းမရှိကြောင်း တွေ့ရှိ ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
သို့သော် ၎င်းတို့သည် အခြားလူ ၁၄ ဦး အား မူးယစ်ဆေးဝါးမှုစွဲချက်များဖြင့် တရားစွဲဆိုထားသည်ဟု ဆိုသည်။
အပျော်စီးသင်္ဘောကို ဝင်ရောက်စီးနင်း ခဲ့ပြီးနောက် ခန်းသည် တရားမဝင် မူးယစ်ရောင်းဝယ်မှုတွင် ပါဝင်နေကြောင်းပြသသည့် WhatsApp စာများကို သက်သေတွေ့ရှိသည်ဟု မူးယစ်အေဂျင်စီက ပြောကြားခဲ့သည်။
ခန်း၏ရှေ့နေဖြစ်သည့် မူကူလ်ရိုဟတ်ဂီက ယင်းဖမ်းဆီးမှုသည် တစ်ဖက်သတ်ဆန်ပြီး အေဂျင်စီအနေဖြင့် ၎င်းအမှုသည်က မူးယစ်ဆေးသုံးစွဲကြောင်းပြသသည့် ဆေးဘက်ဆိုင်ရာစစ်ဆေးမှုမျိုး လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
ယင်းဖြစ်စဉ်သည် အိန္ဒိယတွင် လူပြောများခဲ့ပြီး ခန်း၏ပရိသတ်များက ၎င်း၏ရိုးသားမှုအပေါ် ခုခံကာကွယ်ပြောကြားနေချိန်တွင် အခြားသူများက ၎င်း၏ဖခင် ရှရွတ်ခန်း၏ရုပ်ရှင်ကားများကို သပိတ်မှောက်ရန် တောင်းဆိုခဲ့ကြသည်။
အသက် ၅၆ နှစ်အရွယ် ရှရွတ်ခန်းသည် ဘောလိဝုဒ်၏ ဘုရင်တစ်ပါးအဖြစ် လူသိများကြပြီး အိန္ဒိယ၏ လူချစ်အများဆုံး မင်းသား တစ်ဦးလည်းဖြစ်သည်။သူသည် နှစ်ပေါင်း ၃၀ နီးပါးအတွင်း ရုပ်ရှင်ကားပေါင်း ၁၀၅ ကားကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။
-
ဗြိတိန်တွင် mpox ရောဂါ ကူးစက်မှုဖြစ်စဉ်အသစ် လေးခုတွေ့ရှိ
-
Ballon d'Or ဆုကို ယမားလ် အကြိမ်များစွာ ရယူနိုင်လိမ့်မည်ဟု ဖခင်ဖြစ်သူ ပြောကြား
-
ဆာကာနှင့် ဒက်ကလန်ရိုက်စ်တို့ ဒဏ်ရာထပ်မံရရှိခဲ့ပြီး နိုင်ငံတကာပွဲများအပြီးတွင် ကစားသမားအားလုံး ကြံ့ခိုင်မှုပြည့်ဝရန် ဆုတောင်းနေရဟု အာတီတာ ဝန်ခံ
-
အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှ ကစားသမား(၈)ဦး နုတ်ထွက်
-
ဖိလစ်ပိုင်တွင် တစ်လအတွင်း စတုတ္ထမြောက် တိုင်ဖွန်းဝင်ရောက်မှုကြောင့် လူပေါင်းထောင်ချီ ဘေးလွတ်ရာရွှေ့ပြောင်း