Top News

သြစတြေးလျ၏ ဝီတိုရိယပြည်နယ်တွင် တောမီးရှောင်သော နယ်ခံများ ၂၄ နာရီအတွင်း ရေကြီးမှုသတိပေးချက်ကို ကြုံတွေ့ရ
24htopnews | October 22, 2024 8:12 AM CST

သြစတြေးလျနိုင်ငံဝီတိုရိယပြည်နယ်၏ ဒေသများရှိနယ်ခံများသည် တောမီးအန္တရာယ်ကို ရှောင်ပြေးခဲ့ပြီးနောက် ၂၄ နာရီမ ပြည့်မီ သည်းထန်သောမိုးများက ယင်းပြည်နယ်ရှိ တောမီးများကို ရေလောင်းသလိုဖြစ်ခဲ့ပြီး မြစ်များရေလျှံလာခြင်းကြောင့် ပြည်နယ်အာဏာပိုင်များက ရေကြီးမှုသတိပေးချက်ကို ယခုအခါ ထုတ်ပြန်ထားသည်။

ဝီတိုရိယအရှေ့မြောက်ပိုင်းတွင်ရုတ်တရက် ရေကြီးရေလျှံမှုသည် အောက်တိုဘာ  ၄ ရက် မွန်းလွဲပိုင်းအထိ ဖြစ်ပေါ်မည်ဟု ခန့်မှန်းထားကြောင်း သြစတြေးလျမိုးလေဝသ ဌာနကထုတ်ပြန်ထားသည်။

လွန်ခဲ့သော ရက်ပိုင်းတွင် ဟက်တာ ၁၇,၀၀၀ ခန့် မီးလောင်နေသောနေရာများကို မိုးများက ရွှဲ္ဂရွှဲစိုစေခဲ့သည်ဟု သိရသည်။

ရေကြီးရေလျှံသည့်နေရာကိုကားဖြင့် ဖြတ်မောင်းသွားခဲ့ပြီးနောက် ယင်းနေရာတွင် ပိတ်မိနေသော လယ်သမားတစ်ဦးကို အရေးပေါ်ကယ်ဆယ်ရေးသမားများက ညပိုင်းတွင် ကယ်ဆယ်ခဲ့သည်ဟု ဝီတိုရိယ ပြည်နယ်အရေးပေါ်ကယ်ဆယ်ရေးဌာနရှိ  အမှုဆောင်ချုပ်တင်ဝီဘုချ်က ပြောကြားသည်။

ဝီတိုရိယပြည်နယ်ရှိ ဒေသများသည် မိုးရေချိန် ၁၅၀ မီလီလီတာအထိ ရရှိခဲ့သည်ဟုဆိုသည်။ အဆိုပါမိုးရေချိန် ပမာဏသည်  စက်တင်ဘာတွင် ပြည်နယ်၏ပျမ်းမျှမိုးရေ ချိန်ထက် ရှစ်ဆနီးပါးပိုများသည်ဟု ၎င်းက  ဖြည့်စွက်ပြောကြားသည်။ အောက်တိုဘာ ၄ ရက်တွင် မိုးပိုများလာမည်ဟု မျှော်လင့်ကြောင်း တင်ဝီဘုချ်က ပြောသည်။

“ကံကောင်းတာကတော့ အဲဒီတောမီး နှစ်ခုလောင်နေတဲ့ နေရာတွေမှာ မိုးရေချိန်တွေ ရရှိခဲ့တာပဲဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ဒါပေမဲ့ နောက်တစ်ရက်၊ နှစ်ရက်လောက်မှာ ရုတ်တရက် ရေကြီးတာ၊ မြစ်ရေလျှံလို့ ရေကြီးတာတို့ဟာ အဓိကအန္တ ရာယ်ဖြစ်ပါတယ်။ ကျွန်တော်တို့ အလေးမထားလို့မရပါဘူး။ ပြည်သူတွေကလည်း အဲဒီအန္တရာယ်တွေကို သတိပြုနေဖို့ လိုပါတယ်”ဟု ၎င်းက ပြောသည်။

စက်တင်ဘာလတွင် စတင်သော သြစတြေးလျ နွေဦးကို ရာသီမဟုတ်ဘဲခြောက်ခြောက်သွေ့သွေ့အစပြုနေချိန်တွင် မိုးများရွာခြင်းဖြစ်သည်။ လွန်ခဲ့သောလသည် စံချိန်တင် အခြောက်သွေ့ဆုံးစက်တင်ဘာလဖြစ်ခဲ့သည်ဟု မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ စက်တင်ဘာလထဲတွင် မိုးရေချိန်ပမာဏသည် ၁၉၆၁-၁၉၉၀ ပျမ်းမျှ မိုး ရေချိန်ပမာဏအောက် ၇၁ ရာခိုင်နှုန်းလျော့နည်းခဲ့သည်။

မီးသတ်သမားများသည် ဝီတိုရိယ ပြည်နယ်ရှိ ဒေသနှစ်ခုတွင် လောင်နေသောတောမီးများကို ထိန်းချုပ်ရန် ကြိုးပမ်းနေဆဲ ဖြစ်သည်ဆိုသော်လည်း ယင်းတောမီးများသည် အနီးဝန်းကျင်ရှိ ပြည်သူများကို လတ်တလောခြိမ်းခြောက်မှုမရှိဟု အာဏာပိုင်များက ပြောကြားသည်။

နယူးဆောက်ဝေးပြည်နယ်၏ နယ်စပ်တစ်လျှောက် လောင်နေသော တောမီးဟက်တာ ၅,၂၀၀ သည် ဘာမာဂွီးမြို့အနီးတွင် ထိန်းမနိုင်ဖြစ်နေသည်ဟု သိရသည်။ ယင်းတောမီးလောင်နေသော နေရာသည် ဆစ်ဒနီ အနောက်တောင်ဘက် ကီလိုမီတာ ၃၀၀ ခန့်ဝေးသောနေရာဖြစ်ကြောင်းသိရသည်။

အိမ်အများအပြား ဆုံးရှုံးသွားသော်လည်း အခြေအနေများသည် ညအချိန်တွင် အေးဆေးသွားသည်ဟု ပြည်နယ်မီးသတ် ဌာနတာဝန်ရှိသူများက ပြောကြားသည်။ မီးသတ်သမားများသည် တောမီးများကို ထိန်းချုပ်ရန် ဆောင်ရွက်နေဆဲဖြစ်သည်ဟု ၎င်းတို့က ပြောကြားသည်။

ဝီတိုရိယပြည်နယ်တွင် လောင်နေသောတောမီးသည် ညအချိန်တွင် သုံးဆကျော်များလာသည်ဟု အောက်တိုဘာ ၃ ရက်တွင် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ နွေဦးအပူလှိုင်းက သြစတြေးလျ အရှေ့တောင်ပိုင်း ဒေသတစ်ခွင်တွင် တောမီးများ ပိုမိုလောင်စေရန် လုပ်ပေးလျက်ရှိရာ တက်စမေးနီးယား ပြည်နယ်၏ ဝေးလံသောနေရာများတွင် တောမီးလောင်မှုများ တိုးလာသည်ဟု တာဝန်ရှိသူများကပြောသည်။  

Ref: Reuters     


READ NEXT
Cancel OK