Top News

ဘန်ကောက်မြို့လယ်ရှိ ရှော့ပင်းမောလ်တွင် ပစ်ခတ်မှုကျူးလွန်ခဲ့သည့် ဆယ်ကျော်သက်လူငယ်ကို လူသတ်မှုဖြင့်စွဲချက်တင်
24htopnews | October 22, 2024 8:12 AM CST

ဘန်ကောက်မြို့လယ်ရှိ ရှော့ပင်းမောတစ်ခုတွင် ပစ်ခတ်မှုကျူးလွန်ခဲ့သည့် အသက် ၁၄ နှစ်အရွယ် ယောကျ်ားလေးတစ်ဦးကို လူသတ်ရန် ကြိုတင်ကြံစည်မှု၊ တရားမဝင်လက် နက်ကိုင်ဆောင်မှုတို့ဖြင့် ထိုင်းအာဏာပိုင်များက အောက်တိုဘာ ၄ ရက်တွင် စွဲချက်တင်ခဲ့သည်။

ကျူးလွန်သူသည် ဗလာကျည်ပစ်ခတ်သည့်  ပစ္စတိုအားကျည်အစစ်ထည့်ပစ်နိုင်ရန် ပြုပြင်ထားသည့်သေနတ်ကို အသုံးပြုခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အောက်တိုဘာ ၃ ရက်က ထိုင်းနိုင်ငံဘန်ကောက်မြို့လယ်ရှိ Siam Paragon ရှော့ပင်းမောလ်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း လူနှစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရခဲ့သည်။ ထိုဖြစ်စဉ်သည် လွန်ခဲ့သည့်သုံးနှစ်အတွင်း ထိုင်းနိုင်ငံကို တုန်လှုပ်စေခဲ့သည့် လတ်တလော လက်နက်ကိုင်အကြမ်းဖက်မှု ဖြစ်စဉ်တစ်ခုဖြစ်သည်။

ပစ်ခတ်မှုမကျူးလွန်မီက သံသယရှိသူသည် စိတ်ကျန်းမာရေး ယိုယွင်းသည့်အခြေအနေ ခံစားခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ သို့သော် အဆိုပါ ဆယ်ကျော်သက်လူငယ်ကို စိတ်ကျန်းမာရေးဆေးရုံတွင် ထိန်း သိမ်းထားရန်ရဲတပ်ဖွဲ့၏ မေတ္တာရပ်ခံမှုကို တရားရုံးက ပယ်ချခဲ့ပြီး ယင်းအစားလူငယ် ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ရန် အမိန့်ချခဲ့သည်။

၎င်းသည် တရားမဝင်လက်နက်ကိုင် ဆောင်မှု၊ လူပုံအလယ်တွင် တရားမဝင်လက် နက်ကိုင်ဆောင်မှုနှင့် လူပုံအလယ်တွင် ဥပဒေမဲ့ ပစ်ခတ်မှု အပါအဝင် စွဲချက်ငါးခုနှင့်ရင်ဆိုင်နေရသည်ဟု ထိုင်းအဆင့်မြင့်တာဝန်ရှိ သူတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

အောက်တိုဘာ ၃ ရက် နေ့လယ်ပိုင်းက ဘန်ကောက်မြို့ရှိ ပျားပန်းခပ်မျှ စည်ကားသော ကူးသန်းရောင်းဝယ်ရေး ဗဟိုချက်နေရာရှိ Siam Paragon ရှော့ပင်းမောလ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ရာနှင့်ချီသည့် စျေးဝယ်သူများသည် ၎င်းရှော့ပင်းမောလ်၏ ထွက်ပေါက်များမှတစ်ဆင့် ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြသည်။ သေဆုံးသူနှစ်ဦးမှာ တရုတ်နိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦးတို့ဖြစ်သည်။

ပရိဘောဂပစ္စည်း အရောင်းဆိုင်တစ်ခုတွင် ရဲတပ်ဖွဲ့၏ ပိတ်ဆို့ထားခြင်းခံရပြီးနောက် သံသယရှိသူသည် ရဲတပ်ဖွဲ့ထံ လက်နက်ချခဲ့သည်။

အဆိုပါပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံ၏ သေနတ်ထိန်းချုပ်ရေးအပေါ် မေးခွန်းထုတ်မှုများ ထွက်ပေါ်လာစဉ် ထိုင်းဝန်ကြီးချုပ် ဆရီထာ ထာဝီဆင်က ကြိုတင်ကာကွယ်ရေး အစီအမံများ လုပ်ဆောင်သွားမည်ဟု အောက်တိုဘာ ၄ ရက်က ကတိပြုခဲ့သည်။

ဝန်ကြီးချုပ်ထာဝီဆင်သည် အဆိုပါ ရှော့ပင်းမောလ်တွင်ပြုလုပ်သည့် ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ကြာငြိမ်သက်မှုတွင် ပါဝင်ခဲ့ပြီးနောက် သေဆုံးသူအမျိုးသမီးနှစ်ဦး၏ ကျန်ရစ်သူမိသားစုများအတွက် ထိုင်းအစိုးရ၏ ဝမ်းနည်းပူဆွေးမှုကို ထုတ်ဖော်ပြောကြားခဲ့သည်။

“Siam Paragon ရှော့ပင်းမောလ်တာဝန်ရှိသူတွေနဲ့ အစိုးရတာဝန်ရှိသူတွေဟာ လူထိခိုက်သေဆုံးမှုနဲ့ အပျက်အစီးပမာဏ အနည်းဆုံးဖြစ်အောင် အကောင်းဆုံးဆောင်ရွက်ခဲ့တယ်လို့ မိမိယုံကြည်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

“အခုဖြစ်စဉ်မျိုးဖြစ်ပွားတာ ဒီတစ်ကြိမ်ပဲ ရှိစေရပါမယ်။ အစိုးရအနေနဲ့ ကြိုတင်ကာကွယ်ရေး အစီအမံတွေကို ဦးစားပေးဆောင်ရွက်သွားမယ်ဆိုတာကို အလေးအနက်ပြောကြားလိုပါတယ်”ဟုလည်း ၎င်းက ဆိုသည်။

ပြန်လည်ပြုပြင်နိုင်သော သေနတ်များ အပါအဝင်သေနတ်ကိုင်ဆောင်ခွင့်နှင့် ပတ်သက်၍ ၎င်း၏အစိုးရအနေဖြင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ ကိုင်တွယ်ဆောင်ရွက်သွားမည်ဟု ထာဝီဆင်က ပြောကြားခဲ့သည်။

အောက်တိုဘာ ၅ ရက်က ထိုင်းရဲတပ်ဖွဲ့သည် သေနတ်ရောင်းချခဲ့သည်ဟု သံသယရှိနေသည့် အမျိုးသားလေးဦးကို ဖမ်းဆီးခဲ့ သည်။                    

Ref: AFP


READ NEXT
Cancel OK