Top News

တရုတ်၏ လတ်တလောစစ်ရေးလှုပ်ရှားမှုများသည် မူမမှန်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ပြောကြား
24htopnews | October 22, 2024 4:12 AM CST

ယခုသီတင်းပတ်အတွင်း ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်တွင် တရုတ်စစ်လေယာဉ်များ ကျူးကျော်ဝင်ရောက်မှု သိသိသာသာ မြင့်တက်လာပြီးနောက် တရုတ်၏ လတ်တလော စစ်ရေးလှုပ်ရှားမှုများသည် မူမမှန်ကြောင်း ထိုင် ဝမ် ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

တရုတ်က ထိုင်ဝမ်ကို ၎င်း၏ပိုင်နက် နယ်မြေဖြစ်သည်ဟု အခိုင်အမာဆိုထားပြီး လိုအပ်ပါက တစ်ချိန်ချိန်တွင် အင်အားသုံး၍ ပြန်လည်ပေါင်းစည်းမည့် သဘောထားကိုလည်း ဆုပ်ကိုင်ထားသည်။

မကြာသေးမီနှစ်များအတွင်း တရုတ်သည် ထိုင်ဝမ်အပေါ် သံတမန်ရေးနှင့် စစ်ရေးဖိအားများ တိုးမြှင့်ခဲ့ပြီး ဆက်ဆံရေးတင်းမာမှုများ မြင့်တက်ခဲ့သည်။

တရုတ်သည် ထိုင်ဝမ်ကျွန်းတစ်ဝိုက်တွင် နေ့စဉ်နီးပါးလေကြောင်းမှ ကျူးကျော်ဝင်ရောက်မှုများ ပြုလုပ်လျက်ရှိပြီး ၂၄ နာရီအတွင်း တရုတ်စစ်လေယာဉ် ၁၀၃ စင်း ဝင်ရောက်ခဲ့ခြင်းသည် လတ်တလောတွင် အရေအတွက်အများဆုံး ဖြစ်သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

“ရန်သူရဲ့ လတ်တလောလှုပ်ရှားမှုတွေ ဟာ တော်တော်လေးမူမမှန်ပါဘူး” ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ချူးကော်ချန်က စက်တင်ဘာ ၂၂ ရက်က တိုင်ပေရှိ ပါလီမန် အဆောက်အအုံအပြင်ဘက်တွင် သတင်း ထောက်များကို ပြောကြားခဲ့သည်။

“မိမိတို့ရဲ့ ကနဦး လေ့လာသုံးသပ်ချက်အရ သူတို့ဟာ မြေပြင်၊ ရေပြင်၊ ဝေဟင်နှင့် ကုန်းရေနှစ်သွယ် စစ်ဆင်မှု အပါအဝင်ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို စက်တင်ဘာလအထိ လုပ်ဆောင်နေတယ်” ဟု ၎င်းကပြောကြား ခဲ့သည်။

ထိုင်ဝမ်ရေလက်ကြား တစ်ဖက်တစ်ချက်တွင် တည်ရှိပြီး ထိုင်ဝမ်ကျွန်းနှင့် မျက်နှာချင်းဆိုင်ရှိ တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်တစ်ဝိုက်တွင် တရုတ်၏ တာဝေးပစ်လက်နက်ကြီး၊ ဒုံးကျည်တပ်ဖွဲ့နှင့် ခြေလျင်တပ်ဖွဲ့ဝင် များကိုစောင့်ကြည့်နေသည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက အလေးအနက်ပြောကြားခဲ့ပြီး တစ်ရက်အကြာတွင် ၎င်း၏မှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်။

“တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)ရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ခြိမ်းခြောက်မှုဟာ တင်းမာမှုတွေကို မြင့်တက်စေပြီး ဒေသတွင်းလုံခြုံရေးကို ထိခိုက်စေတယ်” ဟု ထိုင်ဝမ်ကာကွယ်ရေးဝန် ကြီးဌာနပြောခွင့်ရ ဆွန်းလိဖန်းက စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

“PLA ရဲ့စစ်လေယာဉ်တွေ ထိုင်ဝမ်နဲ့ ပိုနီးကပ်လာလေ မိမိတို့ဘက်ကတုံ့ပြန်မှုအစီအမံတွေ ပိုမိုခိုင်မာလေဖြစ်လာပါလိမ့်မယ်” ဟုလည်း ၎င်းက ဆိုသည်။

တစ်ရက်အတွင်း ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်တွင် တရုတ်စစ်လေယာဉ် ဒါဇင်ပေါင်းများစွာကို တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့ပြီး ရန်စသည့်လုပ်ရပ်များကို ရပ် တန့်ရန် ထိုင်ဝမ်က တရုတ်ကိုတိုက်တွန်းထားသည်။ စက်တင်ဘာ ၁၈ ရက်မှစတင်၍ ထိုင် ဝမ်အနီးတစ်ဝိုက်တွင် တရုတ်စစ်လေယာဉ် ဒါဇင်ပေါင်းများစွာ ထပ်မံတွေ့ရှိခဲ့ပြီး ၎င်းတို့ အနက်မှ စစ်လေယာဉ်အများအပြားသည် ထိုင်ဝမ်နှင့်တရုတ်ပြည်မကြီးကို ပိုင်းခြားထားသည့် ထိုင်ဝမ်ရေလက်ကြားအလယ်မျဉ်းကို ခေတ္တဖြတ်ကျော်ခဲ့သည်။ တစ်ရက်အတွင်း တရုတ်စစ်လေယာဉ် ၃၂ စင်း ထပ်မံတွေ့ရှိကြောင်း စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ထိုင်ဝမ်က ပြောကြားခဲ့သည်။   

Ref: AFP


READ NEXT
Cancel OK