Top News

ဟားမာ့စ်အကြီးအကဲဆင်ဝါသည် ဦးခေါင်း သေနတ်ဒဏ်ရာဖြင့်သေဆုံးသွားခဲ့သည်ဟု နယူးယောက်တိုင်း(မ်)သတင်းစာ ‌ဖော်ပြ
24htopnews | October 19, 2024 3:12 PM CST

ဟားမာ့စ်ခေါင်းဆောင်ရာယာဆင်ဝါသည် ဦးခေါင်းသေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်သည်ဟု အစ္စရေးက ၎င်း၏အလောင်းကို ခွဲစိတ်စစ်ဆေးရာတွင်တွေ့ရှိခဲ့ကြောင်း အောက်တိုဘာ ၁၈ ရက်တွင် နယူယောက်တိုင်း(မ်)သတင်းစာက ဖော်ပြခဲ့သည်။

ဆင်ဝါသည် ဒုံးကျည် သို့မဟုတ် တင့်ကားကျည်ဆန်၏အပိုင်းအစတို့ ထိမှန်ခဲ့သဖြင့် ဦးစွာဒဏ်ရာရရှိခဲ့သည်ဟု အလောင်းခွဲစိတ်မှုကို ကြီးကြပ်လုပ်ဆောင်ခဲ့သောဒေါက်တာချန်ကူဂျယ်က နယူးယောက်တိုင်း(မ်)သတင်းစာကို ပြောကြားခဲ့သည်။

ထို့နောက် ဟားမာ့စ်ခေါင်းဆောင်သည်လက်ကို သွေးတိတ်စေရန် ယာယီပတ်တီးအစား ဝိုင်ယာကြိုးဖြင့်ချည်ထားသည်ဆိုသော်လည်း ယင်းသို့ချည်ထားခြင်းက ခိုင်ခိုင်ခံ့ခံ့မဖြစ်တော့ကြောင်း၊လက်ဖျံသည် ကြေသွားပြီဖြစ်ကြောင်း အစ္စရေး အမျိုးသားမှုခင်းဆေးပညာအင်စတီကျု၏ ညွှန်ကြားရေးမှူးဖြစ်သော ဒေါက်တာကူဂျယ်က ပြောကြားခဲ့သည်။

ဆင်ဝါသည် သေနတ်ဒဏ်ရာဖြင့်သေဆုံးသွားခြင်းဖြစ်သည်ဟု ကူဂျယ်က ပြောကြားခဲ့သည်ဆိုသော်လည်း မည်သူက ပစ်သည်၊ မည်သည့်အချိန်တွင် ပစ်သည်၊ မည်သည့် လက်နက်ကိုသုံးခဲ့သည် စသည်တို့နှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းမသိရဟု နယူးယောက်တိုင်း(မ်)က ရေးသားထားသည်။

ဆင်ဝါသည် ပုံမှန်ကင်းသမားများ၏ လက်ချက်ဖြင့် အောက်တိုဘာ ၁၆ ရက်တွင် သေဆုံးသွားခဲ့သည်ဟု အစ္စရေးစစ်တပ်၏ထုတ်ပြန်ချက်အရ သိရသည်။ ပါလက်စတိုင်း စစ်သွေးကြွသုံးဦးနှင့် အမှတ်မထင် ပက်ပင်းတိုးသည့်အခါ အမှတ် ၈၂၈ တပ်မဟာ၏စစ်သားအုပ်စုသည် ရာဖာမြို့တွင် ကင်းလှည့်နေသည်ဟု အစ္စရေးစစ်တပ်က ပြောသည်။

စစ်သားများက ၎င်းတို့၏နောက်ကို လိုက်သည့်အခါ ဆင်ဝါသည် အခြားစစ်သွေးကြွနှစ်ဦးနှင့် လူချင်းကွဲသွားသည်ဟု ဆိုသည်။

အစ္စရေးစစ်သားများက စစ်သွေးကြွနှစ်ဦးပုန်းနေသော အဆောက်အအုံနှင့်ဆင်ဝါ အကာအကွယ်ယူထားသော အခြားအဆောက်အအုံကို တင့်ကားမှတစ်ဆင့် လှမ်းပစ်ခဲ့သည်ဟု ဆိုသည်။ ထိုနေရာတွင် ဆင်ဝါ ရှိနေသည်ဟူသော ကြိုတင် ထောက်လှမ်းရေးသတင်းမရခဲ့ဟု အစ္စရေးမီဒီယာနှင့်အစ္စရေးစစ်တပ် တာဝန်ရှိသူတို့က ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်က ထုတ်ပြန်သော ဗီဒီယိုတွင် ဆင်ဝါသည် ဖုန်များ ပေကျံလျက် လက်တင်ကုလားထိုင်တွင် ထိုင်နေပြီး တိုက်ခိုက်ခံထားရသောကြောင့် ပျက်စီးနေသော အဆောက်အအုံထဲ ဝင်လာသည့် ထဒရုန်းအား စိုက်ကြည့်နေပုံကို မြင်ရသည်။

ဆင်ဝါသည် လက်တစ်ဖက်၌ ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး ဦးခေါင်းကို လည်စည်းဖြင့် ပတ်ထားကာ နောက်ဆုံးအချိန်တွင်ချည်းကပ်လာသော ဒရုန်းကို တုတ်ချောင်းဖြင့် လှမ်းပစ်လိုက်သည်ကို မှုန်ဝါးဝါး ဗီဒီယိုတွင် မြင်ရသည်။

■Ref:AFP

 


READ NEXT
Cancel OK