ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ဆေးရုံတက်ရမှုများကို လျှော့ချနိုင်ရန်အလို့ငှာ ဗိုင်းရပ်စ်ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်များကို အာဏာပိုင်များက လာမည့်မတ်လအထိ သက်တမ်းတိုးရန် စီစဉ်ထားသည်တိုင် လက်ရှိအချိန်ထိ အပြင်းထန်ဆုံး ဖြစ်နေသော ရောဂါကူးစက်မှုလှိုင်းသည် အထွတ်အထိပ်သို့ ရောက်ရှိနေသည့် လက္ခဏာများကို ပြသလျက်ရှိသည်။
ကျန်းမာရေး စင်တာများအနေဖြင့် သက်ကြီးရွယ်အိုများနှင့် ပြင်းထန်သည့် ရောဂါကူးစက်မှုဒဏ်ခံရနိုင်ခြေ ရှိသူများအပေါ် ပြောင်းလဲအာရုံစိုက်ရမည်ဖြစ်ကြောင်း အစိုးရ၏ ထိပ်တန်း ဆေးပညာအကြံပေးဖြစ်သူ ရှိဂဲရု အိုမိက ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
“ရောဂါကူးစက်မှုတွေ တိုးလာနေဆဲဖြစ်ပေမဲ့ အသက် ၂၀ ကျော်နဲ့ ၃၀ ကျော်အရွယ် အလုပ်လုပ်နေသူတွေအကြား ရောဂါကူးစက်မှုနှုန်းဟာ အတော်လေး နှေးကွေးသွားတာကို တွေ့ရပါတယ်” ဟုလည်း ကျန်းမာရေးဆိုင်ရာ အထူးအဖွဲ့အစည်းအဝေးအပြီးတွင် ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၁၁ ရက်၌ ဂျပန်နိုင်ငံ၏ ကာလရှည် အားလပ်ရက် စတင်မည်ဖြစ်ကာ ယခင်ကလည်း ရောဂါကူးစက်မှုများ မြင့်တက်နေသည့် ကာလနှင့် အဆိုပါ အားလပ်ရက်ကာလတို့ တိုက်ဆိုင်နေခဲ့သည်ဟု သိရသည်။
မြို့တော်တိုကျိုနှင့် စီရင်စု ၁၂ ခုတွင် ချမှတ်ထားသည့် ဗိုင်းရပ်စ်ထိန်းချုပ်ရေး အစီအမံများသည် ဖေဖော်ဝါရီ ၁၃ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း ၎င်းအစီအမံများကို မတ်လ ၆ ရက်အထိ သက်တမ်းတိုးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဖုမိအိုခိရှိဒက ဖေဖော်ဝါရီ ၉ ရက်တွင် ကြေညာခဲ့သည်။ ရောဂါကူးစက်မှုနှုန်း နှေးကွေးသွားသည့်တိုင် ကျန်းမာရေး စောင့်ရှောက်မှုစနစ် များအပေါ် ဖိအားသက်ရောက်နေဆဲဖြစ် ကြောင်းနှင့် ဆေးရုံတက်ရမှုများလည်း ဆက်လက်မြင့်တက်နေနိုင်သည်ဟု ကျန်းမာရေး ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့က သတိပေးထားသည်။
ဖေဖော်ဝါရီ ၉ ရက်က တိုကျိုမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၈,၂၈၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်က နေ့အလိုက် ရောဂါကူးစက်သူ ၂၁,၅၇၆ ဦးနှင့် ကူးစက်မှု စံချိန်တင်ခဲ့သည့် အရေအတွက် ထက် လျော့နည်းသွားခဲ့သည်။
တစ်နိုင်ငံလုံး အတိုင်းအတာအရ ကောက်ယူခဲ့သည့် အချက်အလက်များတွင် ကူးစက်မှုအလားအလာသည် တူညီစွာပြေလျော့လာခဲ့ပြီး လတ်တလော ကူးစက်မှုလှိုင်း စတင်အရှိန်မြင့်တက်ခဲ့သည့် နိုင်ငံတောင်ပိုင်း အိုကီနာဝါ စီရင်စုတွင်လည်း ကူးစက်မှုများ ဆက်လက်ကျဆင်းခဲ့သည်ဟု သိရသည်။
အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု များ ဆက်ရှိနေသည့်အတွက် မိမိတို့ အစိုးရအနေဖြင့် မြို့တော် တိုကျို နှင့် စီရင်စု ၁၂ ခု၌ Covid-19 ရောဂါဆိုင်ရာ ကန့်သတ်မှုများကို သီတင်းပတ်သုံးပတ် ထပ်တိုးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ခိရှိဒက ကြေညာခဲ့ပြီး ယင်းကဲ့သို့ အရေးပေါ်အစီအမံများ ချမှတ် သည့် စာရင်းတွင် နောက်ထပ်စီရင်စုတစ်ခုကို ထပ်တိုးမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ ဗဟိုအစိုးရကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများကို ကုသပေးရန် ယာယီဆေးဘက်ဆိုင်ရာ အဆောက်အအုံ ၁,၀၀၀ ခန့်ကို တည်ဆောက်သွားမည်ဟု သိရသည်။ Ref : Reuters
-
ယခုရာသီ ပရီးမီးယားလိဂ် (၆)ပွဲတွင် (၁)ပွဲသာ အနိုင်ရထားသော်လည်း ချယ်လ်ဆီးအသင်း အောင်မြင်မှုများရယူနိုင်မည်ဟု နည်းပြ ပိုချက်တီနို ကတိပေး
-
ပွဲထွက်ခွင့်အတွက် သက်သေပြရန် စမစ်ရိုးကို အာတီတာ စိန်ခေါ်
-
စပိန်နောက်ခံလူ ရာမို့စ်၏နေအိမ် ဓားပြတိုက်ခံရ
-
ဒေးဗစ်ရာယာက အာဆင်နယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာမလား
-
ဆန်ချိုအား ခေါ်ယူရန် ရိုးမားအသင်း စောင့်ကြည့်နေ