Top News

ကိုရိုနာ‌ဗိုင်းရပ်စ်သစ်သည် တရုတ်၏ ဓာတ်ခွဲခန်းမှ ထွက်ပေါ်လာကြောင်း ကြီးမားသော အထောက်အထားများ ရှိသည်ဟု ပွန်ပီယို ပြောကြား
24htopnews | October 19, 2024 3:12 AM CST

ကိုရိုနာဗိုင်းရပ်စ်သစ်သည် တရုတ်၏ ဓာတ်ခွဲခန်းတစ်ခုမှ စတင်လာကြောင်း ဧရာမ အထောက်အထား ရှိသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက မေ ၃ တွင် ပြောကြားခဲ့ရာ ထိုရောဂါ ကူးစက်ပျံ့နှံ့မှုအား ကိုင်တွယ်မှုနှင့်ပတ်သက်၍ ပေကျင်းနှင့် တင်းမာမှုကို ထပ်မံမြင့်တက်စေခဲ့သည်။

ဥရောပနှင့် အမေရိကန်၏ ပြည်နယ်အများအပြားက ဗိုင်းရပ်စ်ပျံ့နှံ့မှုထိန်းချုပ်ရေးဆိုင်ရာ Lockdown များကို သတိဖြင့် ဖြေလျှော့ရန် ပြင်ဆင်နေချိန်တွင် ပွန်ပီယို၏ ထိုမှတ်ချက်များ ထွက်လာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သောနှစ် ဒီဇင်ဘာတွင် တရုတ်နိုင်ငံ ဝူဟန်၌ ဗိုင်းရပ်စ် ပထမဆုံးကူးစက် ပျံ့နှံ့မှုနှင့်ပတ်သက်၍ တရုတ်၏ စီမံခန့်ခွဲမှုအား အပြစ်တင်မှု တိုးမြှင့်ပြုလုပ်ခဲ့သော အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ထိုဗိုင်းရပ်စ်သည် တရုတ်၏ ဓာတ်ခွဲခန်းမှ အစပြုခဲ့သည့် အထောက်အထားရှိသည်ဟု ပြီးခဲ့သော သီတင်းပတ်တွင် အခိုင်အမာပြော ကြားခဲ့သည်။

ဝူဟန်မြို့ရှိ သားရဲတိရစ္ဆာန်များ ရောင်းချသည့်စျေးတစ်ခုမှ ထွက်ပေါ်လာနိုင်ခြေရှိသော ထိုဗိုင်းရပ်စ်သည် တိရစ္ဆာန်များမှတစ်ဆင့် လူများသို့ ကူးစက်သွားသည်ဟု သိပ္ပံပညာရှင်များက ယုံကြည်ထားကြသည်။

တရုတ်ကမူ ထိုအခိုင်အမာပြောကြားမှုများအား ငြင်းဆိုထားပြီး အမေရိကန်ထောက်လှမ်း‌ရေးအေဂျင်စီကပင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု၏‌ ဇာစ်မြစ်ကို စစ်ဆေးနေဆဲဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

COVID- 19 သည် လူလုပ် သို့မဟုတ် ဗီဇပြုပြင်ထားသော ဗိုင်းရပ်စ်မဟုတ်ကြောင်းကို ကျယ်ပြန့်သော သိပ္ပံနည်းကျ အများသဘောတူညီမှုနှင့်ပတ်သက်၍ အမေရိကန် ထောက်လှမ်းရေးအဖွဲ့၏ ထုတ်ပြန်ချက်ကို မိမိသဘောတူ‌ကြောင်း စီအိုင်အေဒါရိုက်တာဟောင်းဖြစ်သော ပွန်ပီယိုက ABC ရုပ်သံသို့ ပြောကြားခဲ့သည်။

သို့သော် ထိုဗိုင်းရပ်စ်သည် ဝူဟန်၏ ဓာတ်ခွဲခန်းတစ်ခုမှ စတင်ထွက်ပေါ်ခဲ့ကြောင်း ပြသနိုင်သည့် အရေးပါပြီး ကြီးမားသော အထောက်အထားများရှိကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်။

တရုတ်သည် ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့မှုဖြစ်စေခဲ့ကြောင်း မှတ်တမ်းရှိပြီး စံမမီသော ဓာတ်ခွဲခန်းများ လည်ပတ်နေကြောင်းကို ယခုအခါ တစ်ကမ္ဘာလုံးက မြင်တွေ့ရပြီဟု မိမိထင်ကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်။

ထို‌ဗိုင်းရပ်စ်၏ ကူးစက်ပျံ့နှံ့မှုအား မှိန်ချရန် တရုတ်၏ အစောပိုင်းက ကြိုးပမ်းမှုများသည် ဖြစ်ရိုးဖြစ်စဉ် ကွန်မြူနစ်များ၏ လုပ်ကြံသတင်းထုတ်ပြန်ရန် ကြိုးပမ်းမှုဖြစ်ကြောင်းနှင့် ယင်းက ဧရာမအန္တရာယ်ကို ဖန်တီးခဲ့ကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်။

သမ္မတ ထရန့်က ရှင်းရှင်းလင်းလင်း ပြောကြားထားပြီးဖြစ်ပြီး တာဝန်ရှိသူများအား တာဝန်ခံစေရန် မိမိတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပွန်ပီယိုက ပြောကြားခဲ့သည်။

ကပ်ရောဂါအား တရုတ်၏ကိုင်တွယ် ဖြေရှင်းမှုကို  နိုဝင်ဘာရွေးကောက်ပွဲတွင် ပြန်လည်ရွေးကောက်ခံရရေးတွင် အဓိကအချက်အဖြစ် အသုံးချရန်ကြိုးပမ်းမည့် ထရန့်က ထိုဗိုင်းရပ်စ်၏ ဇာစ်မြစ်နှင့်ပတ်သက်၍ ပိုမိုသိရှိနိုင်ရန်အတွက် အမေရိကန်သူလျှိုများအား တာဝန်ပေးထား‌ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

COVID- 19 ကြောင့် အမေရိကန်တွင် လူတစ်သိန်းအထိ သေဆုံးဖွယ်ရှိကြောင်း ထရန့်ပြောကြား

COVID- 19 ကြောင့် အမေရိကန်တွင် သေဆုံးနိုင်သူအရေအတွက်သည် ၎င်း၏ အ‌စောပိုင်း ခန့်မှန်းချက်ကို ‌ကျော်လွန်သွားခဲ့ပြီးနောက် ထရန့်က သေဆုံးသူအရေအတွက်သည် ယခုအခါ တစ်သိန်းအထိ ရှိလာနိုင်သည်ဟု ယုံကြည်ကြောင်း မေ ၃ တွင် ‌ပြောကြားခဲ့သည်။

သို့သော် ယခုနှစ်ကုန်မတိုင်မီ ကာကွယ်ဆေးရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထရန့်က COVID- 19 ကြောင့် အမေရိကန်တွင် လူတစ်သိန်းအောက်သာ သေဆုံးမည်ဟု မျှော်လင့်ကြောင်း မေ ၁ က ပြောကြားခဲ့သည်။ ယင်းမတိုင်မီ သီတင်းပတ်အစော ပိုင်းကမူ ၆၀၀၀၀ မှ ၇၀၀၀၀ အထိ သေဆုံးနိုင်ကြောင်း ၎င်းက ခန့်မှန်းခဲ့သည်။

အမေရိကန်၏ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်သော ဒေါက်တာ Anthony Fauci အပါအဝင် ကျန်းမာရေး ကျွမ်းကျင်ပညာရှင်အများအပြားက ကာကွယ်ဆေးတစ်ခု ရရှိနိုင်ရန်  တစ်နှစ်မှ တစ်နှစ်ခွဲအထိ ကြာမြင့်နိုင်ခြေရှိကြောင်း သတိပေးခဲ့သည်။

ကပ်ရောဂါကြောင့် စီးပွားရေးဆိုင်ရာ ဧရာမအထိနာမှုကို ကူညီပေးမည့် ဖက်ဒရယ်၏ အကူအညီသည် အမေရိကန်ကွန်ဂရက်က အတည်ပြုထားပြီးဖြစ်သော အကူအညီ ဒေါ်လာသုံးထရီလျံနီးပါးမှ ဒေါ်လာ ခြောက်ထရီလျံနီးပါးအထိ မြင့်တက်လာနိုင်‌‌ခြေရှိကြောင်း ထရန့်က ပြောကြားခဲ့သည်။

Ref: AFP/ Reuters

 


READ NEXT
Cancel OK