Top News

အမှန်တကယ် ဖြစ်ပွားသည့် အရေအတွက် မထုတ်ပြန်မည်ကို စိုးရိမ်ပူပန်နေစဉ် ကမ္ဘာတစ်ဝန်း COVID- 19 ရောဂါ ကူးစက်ခံရသူ ၃.၅ သန်းကျော်ရှိလာ
24htopnews | October 19, 2024 3:12 AM CST

ကမ္ဘာတစ်ဝန်းတွင် COVID- 19 ရောဂါ ကူးစက်ခံရသူ အရေအတွက်သည် မေ ၄ ရက်တွင် ၃.၅ သန်းကျော် ရှိလာပြီး သေဆုံးသူအရေအတွက်သည် တစ်သန်း၏ လေးပုံတစ်ပုံနီးပါးရှိလာပြီဟု ရိုက်တာက ထုတ်ပြန်သည့် စာရင်းအရ သိရသည်။ 

သေဆုံးမှုနှုန်းနှင့် ဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူအရေအတွက် ကျဆင်းလာသည်နှင့် တစ်ပြိုင်တည်း အမှန်တကယ်ဖြစ်ပွားသည့်အရေအတွက်ကို မထုတ်ပြန်မှု များပြားလာမည်ကို ကျွမ်းကျင်ပညာရှင်များက စိုးရိမ်ပူပန်နေကြသည်။

မြောက်အမေရိကနှင့် ဥရောပနိုင်ငံများသည် ပြီးခဲ့သည့်ရက်များအတွင်း ဗိုင်းရပ်စ်အသစ်ကူးစက်ခံရမှု အများဆုံးနိုင်ငံများအဖြစ် ကိုယ်စားပြုနေဆဲဖြစ်သည်။

လက်တင်အမေရိက၊ အာဖရိကနှင့် ရုရှားတို့တွင်လည်း ဗိုင်းရပ်စ်ကူးစက်ခံရသည့် အရေအတွက်များ မြင့်တက်လာခဲ့သည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုသည် ၇၄၇၇၉ ဦးရှိခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၃.၅၂ သန်းခန့်ရှိလာကြောင်း အစိုးရများ၏ အချက်အလက်များကို အခြေခံပြီး ရိုက်တာက ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ထုတ်ပြန်ချက်အရ ယင်းအရေအတွက်သည် ရာသီတုပ်ကွေးကြောင့် နှစ်စဉ်ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်ခဲ့သူ သုံးသန်းနှင့် ငါးသန်းအကြားနှင့် နှိုင်းယှဉ်နိုင်ခြေရှိသော်လည်း ၁၉၁၈ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့ပြီး လူ သန်း ၅၀၀ ကူးစက် ခံခဲ့ရသည့် စပိန်တုပ်ကွေးထက်  အလွန်နည်းပါးသည်။

“ကျွန်တော်တို့ရရှိတဲ့ ကိန်းဂဏန်းတွေကို သံသယရှိနေတုန်းပါပဲ။ ဒါက ကြီးမားတဲ့ ပြဿနာတစ်ခုပါ။ သေဆုံးမှုနှုန်းဆိုရင်လည်း အသက်အရွယ်အလိုက်အုပ်စု အားလုံးမှာ တုပ်ကွေးရောဂါထက် ၁၀ ဆ ကျော် မြင့်မားနေတယ်” ဟု ကင်ဘာရာဆေးရုံမှ ကူးစက်ရောဂါဆိုင်ရာသမားတော်နှင့် အဏုဇီဝပညာရှင် ပီတာကော်လင်နွန်က ပြောကြားခဲ့သည်။

မပြင်းထန်သည့်လက္ခဏာနှင့် လက္ခဏာမပြသည့်လူများတွင် ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေရှိမှုကို စစ်ဆေးခဲ့မှုများရှိသော်လည်း နိုင်ငံအများစုသည် ဆေးရုံတွင် သေဆုံးမှုများကိုသာ မှတ်တမ်းတင်ခဲ့မှုကြောင့် ယင်းအရေအတွက်တွင် နေအိမ်များနှင့် ဘိုးဘွားရိပ်သာများတွင် သေဆုံးသူများ မပါဝင်သည့် သဘောသက်ရောက်စေသည်။

COVID- 19 ရောဂါနှင့်ဆက်စပ်ပြီး သေဆုံးသည့်အရေအတွက်သည် ၂၄၆၉၂၀ ဦး ရှိလာပြီဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဗိုင်းရပ်စ် စတင်ပျံ့နှံ့ခဲ့ပြီးနောက် ဇန်နဝါရီ ၁၀ ရက်တွင် ဗိုင်းရပ်စ်ကြောင့် လူသေဆုံးခဲ့ကြောင်း ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သောသီတင်းပတ်တွင် ကမ္ဘာတစ်ဝန်း နေ့စဉ် ဗိုင်းရပ်စ်အသစ် ကူးစက်သည့်နှုန်းသည် နှစ်နှင့် သုံးရာခိုင်နှုန်းအတွင်းရှိခဲ့ပြီး အထွတ်အထိပ်ရောက်ခဲ့သည့် မတ်လလယ်တွင် ရောက်ရှိခဲ့သော နေ့စဉ်ကူးစက်မှုနှုန်း ၁၃ ရာခိုင်နှုန်းထက် ကျဆင်းလာသောကြောင့် နိုင်ငံအများစုတွင် Lockdown ချထားမှုများ ကို စတင်ဖြေလျှော့ပေးနေပြီဖြစ်သည်။

ကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်း ကြီးကြီးမားမားမဖြစ်ပေါ်စေရန် အကောင်းဆုံး မဟာဗျူဟာအတွက် ပညာရှင်များက ငြင်းခုံဆွေးနွေးနေစဉ် ကန့်သတ်ချက်များဖြေလျှော့ပေးမှုကြောင့် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်။

“နေရာတော်တော်များများမှာ ခံနိုင်ရည်မရှိတာကြောင့် ကူးစက်မှု ဒုတိယနဲ့ တတိယလှိုင်း အလွယ်တကူ ဖြစ်လာနိုင်ခြေရှိတယ်” ဟု ကော်လင်နွန်က ပြောကြားခဲ့သည်။

စစ်ဆေးမှုနည်းပါးမှုနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ နည်းပါးသည့်နိုင်ငံများတွင် ဗိုင်းရပ်စ်ကူးစက်ခံမှုအရေအတွက် မြင့်တက်လာမှုကို စိုးရိမ်ပူပန်သည်ဟုလည်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။

အမေရိကန်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူး ထက်ဝက်ကျော်က ပြီးခဲ့သောသီတင်းပတ်ကုန်အတွင်း စီးပွားရေးလုပ်ငန်းများကို တစ်စိတ်တစ်ပိုင်းဖွင့်လှစ်ခဲ့သော်လည်း နယူးယောက်အုပ်ချုပ်ရေးမှူး Andrew Cuomo အပါအဝင် အခြားအုပ်ချုပ်ရေးမှူးများက ယင်းလုပ်ဆောင်မှုသည် အချိန်မတန်သေးဟု ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်လတွင် COVID- 19 ကူးစက်ခံပြီး ပြန်လည်နာလန်ထူလာသည့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဗြိတိန်သည် ဗိုင်းရပ်စ်ကူးစက်မှုအထွတ်အထိပ်ကို အခြေအနေ ကျော်လွန်ခဲ့ပြီးဖြစ်သော်လည်း Lockdown ချထားမှုများကို ဖြေလျှော့ရန်  အချိန်စောလွန်းသည်ဟု မေ ၃ ရက်တွင် ပြောကြားခဲ့သည်။ သြစတြေးလျနှင့် နယူးဇီလန်ကဲ့သို့သော နိုင်ငံများတွင် နေ့စဉ် ဗိုင်းရပ်စ်အသစ် ကူးစက်ခံရမှုနှုန်းသည် သီတင်းပတ်များစွာ ဆယ်ဂဏန်းအောက်သို့ စံချိန်တင်ကျဆင်းခဲ့ပြီး ဗိုင်းရပ်စ်ကို ကျော်လွှားနိုင်ပြီဟု သုံးသပ်ခဲ့သော်လည်း တာဝန်ရှိသူများက သတိထားနေဆဲဖြစ်သည်။

 

 


READ NEXT
Cancel OK