နိုင်ငံ၏ ရှည်လျား ကျယ်ပြန့်သော ပင်လယ်ကမ်းရိုးတန်းနှင့် ပြည်ပရှိ အကျိုးစီးပွားများကို ကာကွယ်ရန် တရုတ်နိုင်ငံသည် လေယာဉ်တင်သင်္ဘော သုံးစင်းအထိ လိုအပ်နေကြောင်း တရုတ်ရေတပ်ကျွမ်းကျင်ပညာရှင်က ဇန်နဝါရီ ၉ ရက်တွင် ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံရဲ့ ပင်လယ်ကမ်းရိုးတန်းက ၁၈၀၀၀ ကီလိုမီတာ (၁၁၀၀၀ မိုင်) ထိရှည် လျားပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့စီးပွားရေးကလည်း ပြည်ပစျေးကွက်ကို စောင့်ကြည့်လေ့လာတာဖြစ်ပြီးတော့ နိုင်ငံရဲ့ ပြည်ပအကျိုးအမြတ်က တိုးပွားလာနေတယ်။ ကမ်းဝေး ပင်လယ်ရေပြင်ကို ကာကွယ်ဖို့အတွက် (အကျိုးစီးပွားများကိုဆိုလို) စစ်အင်အား တိုးမြှင့်ပေးဖို့ လိုအပ်နေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော့်အထင်တော့ အနည်းဆုံး တိုက်လေယာဉ်တင်သင်္ဘော သုံးစင်းလောက် လိုအပ်နေပါတယ်” ဟု ရေတပ် သုတေသနဌာနမှ အဖွဲ့ဝင်တစ်ဦးဖြစ်သော ရေတပ်ဗိုလ်မှူးချုပ် ကျန်ကျွင်းစဲက သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ၎င်း၏ သုံးစင်းမြောက် လေယာဉ်တင်သင်္ဘောကို စတင် တည်ဆောက်နေကြောင်း ဆင်ဟွာသတင်းအေဂျင်စီကို ကိုးကား၍ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော China Daily သတင်းစာက နိုဝင်ဘာလတွင် ဖော်ပြခဲ့သည်။ သို့သော် တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါသတင်းနှင့် ပတ်သက်၍ အတည်ပြုခဲ့ခြင်း မရှိပေ။
လက်ရှိတွင် တရုတ်၌ တာဝန်အပြည့်အဝ ထမ်းဆောင်နေသော လျောင်နင်းအမည်ရှိ လေယာဉ်တင်သင်္ဘော တစ်စင်းသာရှိပြီး လွန်ခဲ့သော နှစ် ၃၀ နီးပါးက တည်ဆောက်ထားသည့် အဆိုပါ တစ်ပတ်ရစ် ဆိုဗီယက်သင်္ဘောသည် ၂၀၁၂ ခုနှစ်တွင် တရုတ်၌ တာဝန် စတင်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။ Type 001A ဟု အသိများသည့် ဒုတိယမြောက် လေယာဉ်တင်သင်္ဘောသည် တရုတ်တွင် ပထမဦးဆုံးအကြိမ် အပြည့်အဝ တည်ဆောက်နိုင်ခဲ့သော လေယာဉ်တင်သင်္ဘော ဖြစ်သည်။ ပြီးခဲ့သည့်နှစ်တွင် အဆိုပါ သင်္ဘောအား ရေချခဲ့ပြီး ပင်လယ်ရေပြင်တွင် စမ်းသပ် ခုတ်မောင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
တာဝန်အပြည့်အဝ ထမ်းဆောင်နိုင်သည့် လေယာဉ်တင်သင်္ဘော တစ်စင်းတည်းသာ ရှိသေးသော တရုတ်သည် ထိုကဲ့သို့ စစ်သင်္ဘော ၁၁ စင်းအထိ ပိုင်ဆိုင်ထားသည့် အမေရိကန်နှင့် ယှဉ်ပါက နောက်ကောက်ကျနေသော်လည်း လေယာဉ်တင်သင်္ဘောတစ်စင်းသာ ပိုင်ဆိုင်ထားသည့် ရုရှား၊ ပြင်သစ်၊ အိန္ဒိယ၊ ဗြိတိန်တို့နှင့်မူ တန်းတူရည်တူ အခြေအနေတွင် ရှိနေကြောင်း ဗြိတိန်၏ နိုင်ငံတကာ ရေတပ်မဟာဗျူဟာမြောက်လေ့လာရေးဌာနမှ ရေတပ်ကျွမ်းကျင်ပညာရှင် နစ်ချိုင်းက ဆိုသည်။
“ကုန်သွယ်ရေးစစ်ပွဲ စတင်ဖြစ်ပွားတဲ့ ၁၈၄၀ ပြည့်နှစ် ကာလတွေမှာ တရုတ်ဟာ အနောက်နိုင်ငံတွေနဲ့ ဂျပန်ရဲ့ ရေကြောင်းတိုက်ခိုက်မှုပေါင်း ၄၇၀ နီးပါးကို ခံစားခဲ့ရပါတယ်။ ကျွန်တော်တို့က တိုင်းတစ်ပါးနိုင်ငံတွေကို ကျူးကျော်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တရုတ် နိုင်ငံသားတွေကတော့ ကိုယ့်နိုင်ငံကို သူများ လာကျူးကျော်မှာ ကြောက်ကြပါတယ်။ ဒါကြောင့် နိုင်င့ံကာကွယ်ရေးအင်အားကို တိုးမြှင့်နေရတဲ့ အဓိကအကြောင်းအရင်းက နိုင်ငံ့ လုံခြုံရေးကို ခိုင်မာစေဖို့ပါပဲ” ဟု ရေတပ်ဗိုလ်မှူးချုပ် ကျန်က ပြောကြားခဲ့သည်။
-
အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဂျပန်ကို မြန်မာအသင်း (၇)ဂိုးပြတ်အရေးနိမ့်
-
သထုံမြို့နယ် အနန်းပင်ကျေးရွာအနီး သထုံ - ပေါင် ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် လူ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်
-
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDC) တွင် မြန်မာနိုင်ငံသည် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အများဆုံး ရရှိခဲ့ပြီး မကြာမီ LDC စာရင်းဝင်နိုင်ငံအဖြစ်မှ လွတ်မြောက်တော့မည်ဟု ကုလသမဂ္ဂ အစီရင်ခံစာ၌ ဖော်ပြ
-
ဟေတီတွင် ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွှယ်သည့် အကြမ်းဖက်မှုများကြောင့် လူ ၂၀,၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်